backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ!

ရင်ပူတာ၊ အစာမကြေတာတွေက နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒီလို ရင်ပူတာက ဖြစ်တတ်တယ်ဆိုပေမယ့် ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ! ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

ရင်ပူတယ်ဆိုတာက ဘယ်လိုမျိုးလဲ!

ရင်ပူတယ်ဆိုတာက ရင်ဘတ်ထဲမှာ ပူလောင်နေပြီး ရင်ညွှန့်အလယ်တည့်တည့်ကနေ စူးပြီး အောင့်တာမျိုးပါ။ ဒီလို ရင်ပူတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် ရင်ပူတဲ့ လက္ခဏာတွေက တစ်ခါတလေမှာ အခြား ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေတတ်ပါတယ်။

ဒီတော့ ရင်ပူတာက ဘယ်လို ရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်လဲ! ဘယ်အချိန်မှာ စိုးရိမ်ဖို့ လိုမလဲ! ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ 

ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ!

ရင်ပူတာက ဘယ်အချိန်ဆို စိုးရိမ်ဖို့ လိုမလဲ! ဆိုတော့ 

နေ့တိုင်းလိုလို ရင်ပူတာကို ခံစားနေရတာ 

တကယ်လို့ ရင်ပူတာကို ခံစားရတာက တစ်ပတ်ကို ၂ ကြိမ်နဲ့အထက် ဖြစ်နေမယ်။ နေ့တိုင်းလိုလို ခံစားနေရမယ်ဆိုရင် အစာခြေအက်ဆစ် ပြန်ဆန်တက်တာ ဒါမှမဟုတ် အစာရေမြိုအောက်ဖက် ကြွက်သား မကျုံ့ဆန့်နိုင်တာ လိုမျိုး ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတာပါ။ ဒါကြောင့် နေ့တိုင်းလိုလို ရင်ပူနေရင် မပေါ့ပါနဲ့။

ဒီအခြေအနေကြောင့် ရင်ပူတာကို ခံစားရတဲ့အခါ – 

  • ရင်ဘတ်ထဲ ဒါမှမဟုတ် လည်ချောင်းထဲမှာ ပူသလို ခံစားနေရတာ
  • ပါးစပ်ထဲမှာ ချဉ်တူးတူး ဖြစ်တာ
  • အစားအစာကို မျိုချရခက်တာ
  • လည်ချောင်းထဲမှာ တစ်ဆို့ဆို့ ဖြစ်နေတာ
  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • လည်ချောင်းနာတာ
  • အသံဝင်တာတွေပါ။

ဗိုက်အောင့်တာ 

ရင်ပူတာအပြင် ဗိုက်အောင့်တာ၊ လေပွတာတွေကိုပါ အတူပူးတွဲ ခံစားနေရပြီဆိုရင်တော့ အစာအိမ်ရောင် နေတာဖြစ်နိုင်ပါတယ်ပါ။ အစာအိမ်ရောင်တယ်ဆိုတာက အစာအိမ်အတွင်းနံရံမှာ H.pyloriလို့ခေါ်တဲ့ ဘက်တီးရီးယားရှိနေတာ‌ကြောင့် ဖြစ်နိုင်သလို အရက်တွေနဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေကို အလွန်အကျွံ သောက်သုံးတာတွေကြောင့်လည်း ဗိုက်အောင့်ပြီး ရင်ပူတာကို ခံစားရနိုင်ပါတယ်။ 

အဆက်မပြတ် ချောင်းဆိုးတာ၊ ကြို့ထိုးတာ

တစ်ချိန်လုံး ချောင်းဆိုးနေတာ ကြို့ထိုးနေတာက အစာအိမ်အက်စစ် ဆန်တက်တာကြောင့် ဖြစ်နိုင်သလို အစာအိမ်က ရင်ဝမ်းခြားကြွက်သား‌ကနေ ရင်ခေါင်းထဲကို ကျွံနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်ဝမ်းခြားမြှေးကြွက်သားက ရင်ခေါင်းနဲ့ ဝမ်းခေါင်းကြားကို ပိုင်းခြားပေးထားတဲ့ ကြွက်သားတစ်ချပ်ပါ။ အသက်ရှူရမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို အဆုတ်ကို အသက်ရှူနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ 

ဒီအခြေအနေမှာ ရင်ပူတာနဲ့အတူ ရင်ဘတ်ထဲက အောင့်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အသက်ရှူ ပြတ်တောင်းတောင်း ဖြစ်တာကို ခံစားရနိုင်ပါတယ်။ 

မျိုချရခက်တာ

အစားအစာ တစ်ခုခုကို မျိုချရ ခက်တာ၊ အစားကို မျိုချချိန်မှာ နာကျင်တာကို ခံစားရတာနဲ့အတူ ရင်ပူတာကိုပါ ခံစားရမယ် ဆိုရင်တော့ အစာရေမျို ရောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အစာခြေအက်ဆစ် ပြန်ဆန်တက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။  

အချိန်ကြာလာတာနဲ့အမျှ မျိုချရခက်လာတယ်၊ အစာမာကနေ အပျော့၊ အပျော့ကနေ အရည်အထိ  တဖြည်းဖြည်း မျိုချလို့ မရတော့ဘူးဆိုရင် အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်တာကို သတိပြုပါ။

မအီမသာဖြစ်တာ အော့အန်တာ

မအီမသာဖြစ်တာ အော့အန်တာတွေက အစာခြေအက်ဆစ်ပြန်ဆန်တက်မှုရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်ပါတယ်။ အစာရေမျိုရောင်တာ၊ အစာအိမ်အတွင်းနံရံ ရောင်ရမ်းတာတွေကလည်း မအီမသာဖြစ်တာ အော့အန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ 

ရင်ဘတ်ထဲက ပြင်းပြင်းထန်ထန် အောင့်တာ

ရင်ဘတ်ထဲက ပြင်းပြင်းထန်ထန် အောင့်တာ ရင်ဘတ်ထဲမှာ ဖိအား တစ်ခုခု ဖြစ်သလို ခံစားနေရတာနဲ့အတူ မေးရိုးထဲက နာကျင်တာ၊ ဇက်ကြောနဲ့ နောက်ကျော နာကျင်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အသက်ရှူရ ခက်ခဲတာတွေက ချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုမယ့် လက္ခဏာပါ။ ဒါက ရုတ်တရက် နှလုံးရပ်နိုင်ခြေ ခံစားရနိုင်တဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ 

ပိန်သွားတာ

အလိုလိုနေရင်း ပိန်လာတာ၊ လပိုင်းအတွင်းမှာ သိသိသာသာပိန်ကျသွားတာတွေက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ ကင်ဆာရောဂါလည်း ဖြစ်နိုင်လို့ သတိထားဖို့ လိုပါတယ်။

ရင်ပူတာက ဖြစ်လေ့ဖြစ်ထရှိပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်ဆိုပေမယ့် ပုံမှန်အားဖြင့်ကတော့ မစိုးရိမ်ရပါဘူး။ ဒါပေမယ့် အမြဲလိုလို ဖြစ်နေမယ်။ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာ ဖြစ်နိုင်သလို နေ့စဉ်ဘဝမှာပါ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုပါမယ်။ 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement