backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

ရေသောက်နည်းလို့ 

ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ လိုပါမယ်။ တကယ်လို့ ရေဓာတ် ပြည့်ပြည့်ဝဝ မရရှိတဲ့အခါ ဝမ်းမာပြီး ဝမ်းသွားရင် နာကျင်တာကို ခံစားရနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဝမ်းချုပ်တာပေါ့။ 

ရေလုံလောက်အောင် သောက်ပေးလို့ ရသလို ရေဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးတာမျိုးလည်း ရပါတယ်။ ရေဓာတ်ပြည့်အောင် ဆိုတဲ့နေရာမှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ၊ အယ်လ်ကိုဟောနဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေကိုတော့ မသောက်ပါနဲ့။

အစာဓာတ်ချေနိုင်စွမ်း မရှိတာ

ဥပမာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အပါအဝင် အချို့သော အစားအစာတွေကို ခန္ဓာကိုယ်က ကောင်းကောင်းမချေဖျက်နိုင်တဲ့အခါ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပြီး ဝမ်းသွားတဲ့အခါ နာကျင်တာ၊ ဗိုက်ထဲ မအီမသာ ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမယ့် lactose intoleranceဆိုတဲ့ နို့သကြားမချေဖျက်နိုင်တဲ့ ပြဿနာရှိသူတွေက လက်တို့စ်ပါတဲ့ နို့တွေကို ရှောင်သင့်ပါတယ်။ 

အမျှင်ဓာတ် လုံလောက်အောင် မစားမိတာ

နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေလိုမျိုး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို မစားမိတာက ဝမ်းချုပ်စေပြီး ဝမ်းသွားတဲ့အခါ နာကျင်မှုကိုလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်ပြီး ဝမ်းသွားရခက်တယ်၊ ဝမ်းသွားချိန်မှာ နာကျင်တယ်ဆိုရင်တော့ အမျှင်ဓာတ် လုံလောက်အောင် စားပေးပါ။ 

ကိုယ်လက်လှုပ်ရှားမှု နည်းတာ

ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီ ဝမ်းသွားရ လွယ်စေပါတယ်။ တကယ်လို့ နေ့စဉ်ဘဝမှာ အထိုင်များနေမယ်။ လှုပ်ရှားမှု နည်းနေမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင်တော့ ကိုယ်တွင်းဟော်မုန်းတွေ မညီမျှတာမျိုး  ဖြစ်ပြီး ဝမ်းသွားရခက်တာ၊ ဝမ်းသွားချိန်မှာ နာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။ 

ဒါကြောင့် ဝမ်းသွားရခက်နေပြီဆိုရင် ကိုယ်လက်လှုပ်ရှားမှုလေး ပုံမှန် လုပ်ပေးပါ။ လမ်းလျှောက်ပေးတာမျိုး ဖြစ်ဖြစ်၊ စက်ဘီးနင်းတာမျိုး ဖြစ်ဖြစ်ပေါ့။ 

ဝမ်းချုပ်စေနိုင်တဲ့ ဆေးဝါးတွေ

အချို့သော ဆေးဝါးတွေက ရေဓာတ်စုပ်ယူမှုကို ထိခိုက်စေနိုင်သလို ဟော်မုန်းပြောင်းလဲတာတွေဖြစ်စေပြီး ဝမ်းချုပ်တာ ဝမ်းသွားရခက်တာ၊ ဝမ်းသွားချိန်နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေ၊ သံဓာတ်အားဖြည့်ဆေးတွေ၊ သွေးတိုးကျဆေးတွေနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ ဆေးတွေက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေပြီး ဝမ်းသွားချိန်မှာ နာကျင်တာကို ခံစားရစေနိုင်ပါတယ်။ 

Irritable Bowel Syndrome (IBS) ခံစားနေရတာ

Irritable bowel syndrome (IBS) ဆိုတာက အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ ရောဂါဖြစ်ပြီး ဝမ်းလျှောတာ၊ ဗိုက်ထဲက နာကျင်တာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းသွားချိန်မှာ မကြာခဏ နာကျင်တာကို ခံစားရပြီဆိုရင်တော့  IBS  ခံစားနေရလားဆိုတာကို စစ်ဆေးကုသမှု ခံယူပေးပါ။ 

ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားနေရတာ

တစ်ခါတလေမှာ ဝမ်းသွားချိန် နာကျင်တာကို ခံစားရတာက ရောဂါအခံ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အူပိတ်တာ၊ ခွဲစိတ်မှုနဲ့ ကလေးမွေးဖွားမှုတွေကြောင့် အူမကြီး  ကြွက်သားတွေ ထိခိုက်သွားတာ၊ အူလမ်းကြောင်းက အာရုံကြောတွေ ထိခိုက်ပျက်စီးသွားတာ၊ အူမကြီး ရောင်ရမ်းတာတွေကြောင့် ဝမ်းသွားချိန်မှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။ 

ဒါ့ပြင် အဖြစ်များတဲ့ နာတာရှည် ဝမ်းချုပ်တာ၊ နာတာရှည် ဝမ်းသွားတာ၊ ဂရင်ဂျီနာမှာလည်း ဝမ်းသွားရင်  နာတတ်ပါတယ်။ လိပ်ခေါင်းကတော့ များသောအားဖြင့် နာလေ့မရှိပါဘူး။ ဒါပေမယ့် လိပ်ခေါင်းမှာ သွေးခဲပိတ်နေရင် ဒါမှမဟုတ် အပြင်လိပ်ဆိုရင်တော့ ဝမ်းသွားတဲ့အခါ နာတတ်ပါတယ်။

ဘယ်လို ဖြေရှင်းမလဲ!

ဝမ်းသွားချိန်မှာ နာကျင်တာကို ခံစားရပြီဆိုရင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို အရင်ပြောင်းကြည့်ပါ။ ဝမ်းသွားတဲ့အခါ သွေးပါလားဆိုတာကိုလည်း ဆန်းစစ်ကြည့်ပါ။ ဝမ်းသွားရင် နာကျင်တာကို  ခပ်စိတ်စိတ် ခံစားရမယ်။ ကိုယ်အလေးချိန် ကျလာမယ်။ အဖျားတက်တာ၊ ချမ်းတုန်တာမျိုးတွေ ဖြစ်မယ်။ အော့အန်တာမျိုး၊ မအီမသာဖြစ်တာမျိုး ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ လိုပါမယ်။ 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement