backup og meta

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာခြေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။ အဆိုပါ အခြေအနေကို ဆေးပညာအရ gastroparesis လို့ခေါ်ဝေါ်ပြီး ပျို့အန်ခြင်း၊ ဗိုက်အင့်ခြင်း စတဲ့လက္ခဏာတွေနဲ့ ဆက်စပ်တွေ့ရှိရပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းမျိုးစုံရှိပါတယ်။ လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် ဝေဒနာတွေသက်သာနိုင်အောင် ကုသတဲ့နည်းလမ်းတွေ ရှိပါတယ်။

ဘာကြောင့်ဖြစ်ပွားရသလဲ

အကြောင်းအရင်းကိုတော့ တိကျစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေကတော့ အစာအိမ်ဆီကိုလာတဲ့ အာရုံကြောအချက်ပြစနစ်တွေ ချို့ယွင်းခြင်းကြောင့်လို့ ယူဆရပါတယ်။ အစာအိမ်ဆီကို လာတဲ့ အာရုံကြောအချက်ပြမှုတွေ မထိရောက်ရင် အစာများဟာ နှေးကွေးစွာ ရွေ့လျားပါတယ်။ နောက်ဖြစ်နိုင်ခြေအချက်တွေကတော့ အစာအိမ်ဟာ အာရုံကြောအချက်ပြချက်တွေကို ခံနိုင်ရည်မရှိခြင်း ဖြစ်ပါတယ်။ ဆီးချိုလူနာများနဲ့ ဆက်စပ်မှုရှိတတ်ပါတယ်။ ခွဲစိတ်ပြီးစ လူနာအချို့မှာလည်း တွေ့ရတတ်ပါတယ်။

ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

အစာအိမ်ကြွက်သားအားနည်းခြင်းကို ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေကတော့

– ဗိုင်းရပ်စ်ပိုးဝင်ခြင်း

ကင်ဆာရောဂါအချို့

– ပါကင်ဆန်ရောဂါ

– မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သောရောဂါ

– Cystic fibrosis ခေါ် မျိုးရိုးလိုက်ရောဂါတစ်မျိုး

– Amyloidosis ခေါ် ကိုယ်ခန္ဓာအတွင်းအင်္ဂါများတွင် ပုံမှန်မဟုတ်သော ပရိုတိန်းများစုဝေးခြင်း

– ဆေးဝါးအချို့

သိုင်းရွိုက်ရောဂါ စတာတွေ ဖြစ်ပါတယ်။

ဘာလက္ခဏာတွေရှိသလဲ

အစာအိမ်ကြွက်သားအားနည်းခြင်း လက္ခဏာများဟာ အတန်အသင့်ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ရှိပါတယ်။ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့

– ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း

ပျို့အန်ခြင်း

– အစားပျက်ခြင်း

– လေပွခြင်း

– အနည်းငယ်မျှစားပြီး ဗိုက်ပြည့်နေတတ်ခြင်း

– အာဟာရမပြည့်ဝခြင်း

– အလိုလိုနေရင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ဘယ်လိုစစ်ဆေးကုသမလဲ

အစာအိမ်ကြွက်သားအားနည်းတယ်လို့ သံသယရှိရင် ဆရာဝန်ဟာ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပါလိမ့်မယ်။ အခြားရောဂါများ ရှိမရှိပါ သိနိုင်အောင် ပုံရိပ်ဖော်စစ်ဆေးခြင်းများ၊ သွေးစစ်ခြင်းများ၊ မှန်ပြောင်းကြည့်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။ အစာအိမ်အူလမ်းကြောင်းသီးသန့် စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ပါ စစ်ဆေးပါလိမ့်မယ်။

အစာအိမ်ကြွက်သားအားနည်းကြောင်း အတည်ပြုပြီးချိန်မှာတော့ ဆေးဝါးများပေးခြင်း၊ စားသောက်ပုံပြောင်းလဲခြင်း စတဲ့နည်းတွေနဲ့ ကုသပါတယ်။ လိုအပ်ရင် ခွဲစိတ်ကုသခြင်း ပြုလုပ်ပါလိမ့်မယ်။

ဘယ်လိုစားသောက်သင့်သလဲ

အစာအိမ်ကြွက်သားအားနည်းသူတွေ စားသောက်သင့်တဲ့ပုံစံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– တစ်ရက်ကို ၄ကြိမ်မှ ၆ကြိမ် ခွဲစားပါ (နည်းနည်းချင်းစီ ခွဲစားပါ)

– ကယ်လိုရီမြင့်သောအရည်များသောက်ပါ

– အယ်လ်ကိုဟောနှင့် ကာဗွန်ပါသော အရည်များရှောင်ပါ

– နေ့စဉ် ဗီတာမင်များ သောက်သုံးပါ

– အသားနှင့် နို့ထွက်ပစ္စည်းအချို့ကိုရှောင်ပါ

– အမျှင်ဓာတ်များသော အစားအစာများရှောင်ပါ

– အသီးအရွက်များမှ အမျှင်ဓာတ်များလျော့နည်းသွားအောင် သေချာစွာချက်ပြုတ်ပါ

– အဆီနည်းသော အစားအစာများစားပါ

– အစားစားပြီး အချိန်အတော်ကြာမှ လဲလျောင်းပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/gastroparesis Accessed Date 24 November 2020

ယခုပုံစံ

25/08/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာရေမျိုအနာဖြစ်ခြင်း



Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement