backup og meta

အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ

    ခန္ဓာကိုယ်ကျန်းမာဖို့ နေ့စဉ် စားသုံးနေရတဲ့ အစားအစာတွေကို ချေဖျက်ဖြိုခွဲနေရတဲ့ အစာခြေစနစ်ကလည်း နေ့စဉ်ဘ​ဝ ကျန်းမာရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ အစာခြေစနစ် ကျန်းမာရေးအပေါ်မှာ တိုက်ရိုက် သက်ရောက်နေတာကတော့ စားသုံးလိုက်တဲ့ အစားအစာတွေပေါ့။

    အစာခြေစနစ်က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့ အရေးပါပါတယ်။ အစာခြေစနစ်က သူ့ရဲ့ လုပ်ငန်းဆောင်တာကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။

    အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ

    အစာခြေစနစ် ကျန်းမာချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးများ ကတော့

    • အမျှင်ဓာတ် ကြွယ်ဝအောင် စားသုံးပါ

    နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝအောင် စားသုံးပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အစာခြေစနစ်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာ၊ နာတာရှည် အူလမ်းကြောင်း ကျန်းမာရေးပြဿနာ (IBS) ခံစားရတာတွေကို သက်သာစေနိုင်သလို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့လည်း ထောက်ကူပေးမှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုကနေ အမျှင်ဓာတ် ရရှိစေဖို့အတွက် နှံစားသီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ သစ်သီးတွေကို စားပေးလို့ ရပါတယ်။

    • ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ စားသုံးပါ

    အမျှင်ဓာတ် စားသုံးပါဆိုတဲ့နေရာမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်အောင် စားသုံးပေးပါ။ ဒီအမျှင်ဓာတ် တစ်ခုချင်းစီက အစာခြေစနစ်ကို အကျိုးပြုပုံချင်း ကွာခြားကြပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က မချေဖျက်နိုင်ပါဘူး။ ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။

    ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကတော့ ရေဓာတ်ကို အူထဲမှာ ထိန်းထားပေးနိုင်တာကြောင့် ဝမ်းအရည်တွေ သွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပြည့်ဝစေဖို့ဆိုရင် ဂျုံကြမ်း၊ ဟင်းသီးဟင်းရွက်တွေ နဲ့ နှံစားသီးနှံတွေကို စားပေးလို့ ရပါတယ်။ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ဆိုရင်တော့ အုတ်ဂျုံ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ နဲ့ ပဲအမျိုးမျိုးတို့ကို စားပေးလို့ ရပါတယ်။

    • အဆီများတဲ့ အစားအစာတွေ ရှောင်ပါ

    အဆီပါဝင်မှု များတဲ့ အစားအစာတွေက ချေဖျက်ရ ခက်သလို ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အဆီများတာတွေ မပါအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ဆီကိုလည်း တတ်နိုင်သမျှ လျှော့စားပေးပါ။

    • အဆီနည်းတဲ့ အသားစားပါ 

    ပရိုတင်းက နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ မပါမဖြစ် စားပေးသင့်တဲ့ အစားအစာ တစ်ခုပါ။ အဆီကို မစားသင့်ပေမယ့် အသားကိုတော့ စားသုံးဖို့ လိုအပ်မှာပါ။ ဒါကြောင့် အစာလည်းကြေ အာဟာရလည်း ဖြစ်စေဖို့ဆိုရင်တော့ အဆီပါဝင်မှု နည်းတဲ့ အသားကို စားပေးပါ။ ကြက်သားဆိုရင်တော့ အရေခွံကို ဖယ်ပြီး စားပေးပါ။

    • အကျိုးပြု ဘက်တီးရီးယားလေးတွေ ပါဝင်အောင် စားသုံးပါ

    အကျိုးပြု ဘက်တီးရီးယားလေးတွေက အစာခြေလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကျန်းမာစေတဲ့ ဘက်တီးရီးယားလေးတွေပါ။ ဒီဘက်တီးရီးယားလေးတွေက အစားအစာတွေကြောင့် အစာခြေစနစ် ထိခိုက်တာ၊ ပိုးသတ်ဆေးတွေကြောင့် ထိခိုက်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့် အစာခြေစနစ် ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    နောက်တစ်ချက်အနေနဲ့ အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ရော IBS သက်သာစေဖို့ပါ ထောက်ကူပေးနိုင်တာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အကျိုးပြု ဘက်တီးရီးယားလေးတွေ ပါဝင်အောင် စားသုံးပါ။

  • အစားကို အချိန်မှန် စားပါ
  • ပုံမှန် စားနေကျ အစားအစာတွေကို ဖြစ်ဖြစ် သရေစာတွေကို ဖြစ်ဖြစ် အချိန်မှန်မှန်လေး စားပေးပါ။ နေ့တိုင်း မနက်စာ၊ နေ့လယ်စာ၊ ညစာ နဲ့ သရေစာ စားချိန်တွေကို အချိန်မှန်မှန်လေး စားပေးပါ။ ဒီလို စားပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

    • ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ

    ရေများများ သောက်တာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ်က ဝမ်းပျော့ပျော့သွားစေဖို့အတွက် အူမကြီးဆီကနေ ရေတွေကို ရယူပေးတာပါ။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    • ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်သုံးတာ၊ အရက်သောက်သုံးတာနဲ့ ကဖင်းတွေ သောက်သုံးတာက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအမူအကျင့်တွေက အစာအိမ် အနာဖြစ်စေနိုင်သလို ရင်ပူတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

    • လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ

    လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းချုပ်မှု ကင်းစေမှာပါ။ လေ့ကျင့်ခန်း လုပ်ပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေနိုင်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    • စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

    စိတ်ဖိစီးမှု တအားများတာ၊ စိုးရိမ်စိတ် လွန်ကဲနေတာတွေက အစာခြေစနစ်ရဲ့ ကောင်းကောင်းလုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ပြေလျော့နိုင်တဲ့ အလေ့အထလေးတွကို မွေးမြူပြီး စိတ်ဖိစီးမှု ဖြေလျှော့ပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 07/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement