မျက်နှာပုံစံ ဆင်တူကြပြီး အခြားသူတွေနဲ့ မတူ တမူကွဲပြားနေတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome)လို့ ခေါ်ပါတယ်။ သူတို့လေးတွေဟာ ပုံမှန်လူတွေမှာပါဝင်တဲ့ မျိုးရိုး ဗီဇဆဲလ် (ခရိုမိုဆုမ်း)ပမာဏထက် ပိုမို ပါဝင်နေကြသူတွေပါ။
ထွက်မှာ သေချာပြီလား။
မျက်နှာပုံစံ ဆင်တူကြပြီး အခြားသူတွေနဲ့ မတူ တမူကွဲပြားနေတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome)လို့ ခေါ်ပါတယ်။ သူတို့လေးတွေဟာ ပုံမှန်လူတွေမှာပါဝင်တဲ့ မျိုးရိုး ဗီဇဆဲလ် (ခရိုမိုဆုမ်း)ပမာဏထက် ပိုမို ပါဝင်နေကြသူတွေပါ။
ခရိုမိုဆုမ်းဆိုတာ မျိုးရိုးဗီဇဆဲလ်တွေ စုစည်းထားတဲ့ အစုအဝေးတစ်ခုပါ။ ခရိုမိုဆုမ်းတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ဖွံ့ဖြိုးမှုပုံသဏ္ဍာန်တွေကို သတ်မှတ်ပေးပြီး မွေးဖွားပြီးချိန်မှာလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သတ်မှတ်ပေးနိုင်ပါတယ်။
သာမန်ကလေးတစ်ယောက်ဟာ ခရိုမိုဆုမ်း (၄၆)ခု ပါဝင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မှာတော့ သူများထက် ခရိုမိုဆုမ်းတစ်ခု ပိုမိုပါဝင်နေပါတယ်။ ခရိုမိုဆုမ်းပိုလျှံခြင်းရဲ နောက်ဆက်တွဲကတော့ ကလေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကို သက်ရောက်တာပါပဲ။ ဒါဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဒေါင်းရောဂါလက္ခဏာစု ကလေးတွေဟာ ရုပ်ချင်းဆင်တူကြပေမယ့် စွမ်းရည်ခြင်း အနည်းငယ်ကွဲပြား တတ်ကြပါတယ်။ သာမန်ထက် ဉာဏ်ရည် (IQ)အနည်းငယ်နိမ့်ပြီးတော့ စကားပြောလည်းနောက်ကျ ပါတယ်။
ဒေါင်းရောဂါလက္ခဏာစုအမျိုးအစား (၃)မျိုးရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက လေ့လာချက်အရ တစ်နှစ်အတွင်း ကလေးခုနှစ်ရာမှာ တစ်ယောက်ဟာ ဒေါင်းရောဂါလက္ခဏာစု ရောဂါနဲ့ မွေးဖွားလာကြပါတယ်။
ခရိုမိုဆုမ်း ပိုမိုပါဝင်ခြင်းကြောင့် ဒေါင်းဆင်ဒရုန်းဖြစ်စေတတ်ပါတယ်လို့ သုတေသနပညာရှင်တွေက ဆိုကြပေမဲ့ ဘာလို့ဒီလို ပိုမိုပါဝင်ကြသလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြသေးပါဘူး။
နောက်ထပ်အချက်ဟာ မိခင်ရဲ့ အသက်အရွယ်ပါ။ အသက်(၃၅)နှစ်အထက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ငယ်ရွယ်တဲ့မိခင်တွေထက် ဒေါင်းကလေးတွေ မွေးနိုင်ချေပိုများပါတယ်။ မိခင်ရဲ့ အသက်ကြီးလေလေ ကလေးဟာ ဒေါင်းရောဂါလက္ခဏာစု ရောဂါဖြစ်နိုင်လေလေပါပဲ။ အသက်(၃၅)နှစ်အောက် ငယ်ရွယ်တဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ဒေါင်းမွေးဖွားတာမျိုးတွေ့နိုင်ပါတယ်။ ဒါဟာ ဘာကြောင့် လဲဆိုတော့ (၃၅)နှစ်အောက် အမျိုးသမီးတွေဟာ ကလေးပိုမိုမွေးဖွားကြလို့ပါပဲ။
သာမန်ကလေးတွေထက် ဉာဏ်ရည်အနည်းငယ်နိမ့်ပေမဲ့ စာသင်ကြားလို့ရပါတယ်။ သင်ကြားမှုကို လက်ခံနိုင်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ်။ အခြားကလေးတွေနဲ့ အတူတူသင်ကြားတာမျိုး မဟုတ်ဘဲ ပုံစံတူ ကလေးတွေနဲ့ သင်ပေးတာမျိုးပါ။
ဒေါင်းရောဂါလက္ခဏာစု ဖြစ်ပွားသူကလေးတွေဟာ မျက်နှာသွင်ပြင်တူကြပြီး မွေးရာပါချို့တဲ့မှု ဖြစ်ပွားတာနည်းကြပါတယ်။ ဒါပေမယ့် အချို့မှာတော့ ချို့တဲ့မှု ကျန်းမာရေးပြဿနာတွေ ရှိတတ်ကြပါတယ်။
ဒေါင်းရောဂါလက္ခဏာစု ခံစားနေရသူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ခြောက်ဆယ်ဝန်းကျင်ပါ။ ကမ္ဘာ့အသက်အကြီးဆုံး ဒေါင်းရောဂါလက္ခဏာစု ခံစားနေရသူ အဖိုးအိုဟာ အသက်(၈၃)နှစ်မှာ သေဆုံးခဲ့ပါတယ်။ (၂၀၁၂)တုန်းကပါ။
ဒေါင်းရောဂါလက္ခဏာစုဟာ ဘဝတလျှောက်လုံး ရှိနေမယ့် အခြေအနေတစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ စကားပြောဆိုခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကုထုံးတွေလိုအပ်ပါတယ်။ ပုံမှန်ကျောင်းတစ်ခုမှာ ဒေါင်းကလေးလေးတစ်ယောက်ကို ထားမယ်ဆိုရင် တော့ အခြားကလေးတွေထက် အကူအညီတွေ ထောက်ပံ့မှုတွေနဲ့ အားပေးမှုတွေ၊ အာရုံထားအလေးထားမှုတွေ ပိုမိုလိုအပ်မှာပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။