backup og meta

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

    ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ ဆိုလို့ ရင်သားကင်ဆာ ကာကွယ်လို့ ရမယ့် နည်းလမ်း ရှိတာလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။

    ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

    အခုပြောပြမယ့် နေထိုင်မှုပုံစံလေးတွေကို လုပ်ဆောင် ကျင့်သုံးရင်း ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ လို့ ပြောချင်ပါတယ်။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

    ကိုယ်အလေးချိန်များတာက ရင်သားကင်ဆာ ဖြစ်နိုင်​ခြေ တိုးစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန် များနေတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။

    အရွယ်ရောက်လာချိန်ကစပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းမှသာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိနိုင်ပြီး ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

    ကိုယ်အလေးချိန် ထိန်းသိမ်းတာက ရင်သားကင်ဆာကိုတင် မဟုတ်ဘဲ အခြား ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

    သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

    လေ့လာမှုတွေအရ နေ့စဉ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင် တစ်ပတ်ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၁၅၀။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း တစ်ပတ်ကို ၇၅ မိနစ်လောက်အထိ လုပ်ပေးဖို့ လိုပါမယ်။

    အထိုင်များတာကိုလည်း လျှော့ချရပါမယ်။ ဒီလို လှုပ်လှုပ်ရှားရှား နေထိုင်မှုက ရင်သား ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    အချို နဲ့ အဆီ လျှော့စားပါ

    နေ့စဉ် စားသုံးမှုမှာ အဆီတွေကို လျှော့စားပါ။ အထူးသဖြင့် ပြည့်ဝဆီတွေပေါ့။ နောက်တစ်ချက်က သကြားပါ။ အချိုများတာတွေ စားတာက ရေရှည်မှာ ကင်ဆာဖြစ်စေဖို့ တွန်းအားပေးနိုင်လို့ပါ။

    သဘာဝမဟုတ်တဲ့ အရောင်တွေပါဝင်နေတဲ့ အစားအစာတွေ၊ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။ သန့်စင်ထားတဲ့ ကောက်နှံတွေရောပါပဲ။ ဒါတွေက အာဟာရဖြစ်ဖို့ထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများနေပါတယ်။

    မိခင်နို့တိုက်ပါ

    ဘေဘီလေး မွေးထားမယ်ဆိုရင်တော့ မိခင်နို့ တိုက်ပေးပါ။ မိခင်နို့ တိုက်တာက ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေပြီး ဘေဘီလေးကို ကျန်းမာစေသလို မေမေ့ကိုလည်း ရင်သားကင်ဆာ ခံစားရနိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

    ဘေဘီလေးကို ၁ နှစ်နဲ့အထက် မိခင်နို့ တိုက်တဲ့ မေမေတွေက ရင်သား ကင်ဆာ ခံစားရနိုင်ခြေ နည်းပါတယ်။

    သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ

    ကျန်းမာရေးနဲ့ ညီ​ညွတ်တဲ့ စားသောက်မှုပုံစံက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမျာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ အရောင်အသွေးစုံလင်တဲ့ သစ်သီးတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

    ဒီလို စားသုံးမှုက ရင်သားကင်ဆာကိုတင် ကာကွယ်ပေးတာ မဟုတ်ဘဲ၊ နှလုံးကို ကျန်းမာစေသလို အစာခြေစနစ် ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသေးတယ်။

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဆေးလိပ်ဖြတ်တာက ကျန်းမာစေရုံတင် မကပါဘူး။ ရင်သားကင်ဆာ​ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    ဒါတင်မကပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာက အဆုတ် ကျန်းမာစေသလို နှလုံးရောဂါ ဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    အရက်၊ ဘီယာ လျှော့ပါ

    လေ့လာမှုတွေအရ အရက်၊ ဘီယာ သောက်သုံးတာကရင်သား ကင်ဆာဖြစ်နိုင်ခြေကို တိုးစေတယ်လို့ သိရပါတယ်။ဒါကြောင့် ရင်သားကင်ဆာ ဖြစ်တာကို ကာကွယ်ဖို့ဆိုရင် အရက်၊ ဘီယာ လျှော့ပါ။ ဖြစ်နိုင်ရင် ဖြတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement