home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့

ကလေးမွေးပြီးရင် ဆံပင်တွေကျွတ်လာတာ ပုံမှန်ပဲလား

ဟုတ်ပါတယ်။ အသစ်စက်စက်မေမေတို့ ဆံပင်တွေပါးလာတာ အတော်များများမှာ ကြားရလေ့ရှိတဲ့ ညည်းတွားစကားပါ။ ကလေးမွေးပြီးကာစ ပထမနှစ်လသုံးလထက်တောင် နောက်ပိုင်းမှာ ဆံပင်တွေပိုကျွတ်လာတာရှိနိုင်ပါတယ်။ဖြစ်လေ့ရှိတဲ့သဘာဝမို့ ဆံပင်တွေကျွတ်ကုန်ပြီဆိုပြီး အရမ်းထိတ်လန့်မသွားပါနဲ့။ ကလေးအသက်တစ်နှစ်မပြည့်ခင်မှာပဲမေမေတို့ဆံပင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင်အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင်ဟော်မုန်းပမာဏကမြင့်တက်နေတာကြောင့် ဆံပင်ကျွတ်နှုန်းကိုနှေးစေတယ်။

ဒါပေမယ့် မီးဖွားပြီးတဲ့အခါ အက်စထရိုဂျင်ဟော်မုန်းပမာဏ ထိုးကျသွားပြီး ဆံပင်တွေကျွတ်ပါတော့တယ်။ ကလေးအသက်လေးငါးလမှာ အဆိုးဆုံးဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သန်ဆေးတွေ၊ပေါင်းဆေးတွေ ဘယ်လောက်ကောင်းကောင်းအာနိသင်ထူးခြားမှာတော့မဟုတ်ပါဘူး။ ဆံပင်အကျွတ်သက်သာအောင်သာ ကိုယ့်ဘာသာဂရုစိုက်တာပဲတတ်နိုင်ပါမယ်။

တချို့အမျိုးသမီးတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒါပေမယ့် ယာယီဖြစ်တတ်တဲ့သဘာဝမို့ စိတ်တွေဆင်းရဲမနေပါနဲ့ဦး။ ဒီနည်းလေးတွေလုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲကျော်ဖြတ်နိုင်မှာပါ။

ဆံပင်ကျွတ်ကာလကို ဘယ်လိုဖြတ်ကျော်မလဲ

တကယ်တော့ ထူးခြားပြီးလုပ်ရမယ့်အချက်တွေမဟုတ်ပါဘူး။ ခုလိုအချိန်မှာ အားနည်းနေတဲ့ ဆံသားကျန်းမာရေးကို ပုံမှန်ထက်ပိုဂရုစိုက်ပေးဖို့ပါပဲ။

(၁) ဆံပင်ညှပ်ပါ

ဒါ့ကြောင့် မီးဖွားထားတဲ့မေမေတွေ ဆံတိုလေးတွေဖြစ်ကုန်ကြတာပါ။ ဆံပင်ပုံစံပြောင်းလို့ ပိုလှသွားနိုင်သလို ဆံပင်ရှည်ရှည်တွေခေါင်းဖြီးတိုင်း ပိုကျွတ်ရတဲ့အဖြစ်ကို ကာကွယ်နိုင်မယ်။ ကလေးတစ်ဖက်နဲ့အလုပ်ရှုပ်ချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီးစိတ်ရှုပ်မနေရတော့ဘူး။ သိပ်တိုတာ မဟုတ်တောင် အလွယ်တစ်ချက်စည်းလို့ရတဲ့ မတိုမရှည်လောက်လည်း အဆင်ပြေပါတယ်။ အဓိကကဖြီးနေရတာ ဆံပင်ရှုပ်တာဖြစ်ရင် ပိုကျွတ်မှာစိုးလို့ဖြစ်ပါတယ်။ ဆံပင်ရှည်ရင် အဖျားရှူးနိုင်တော့ တိုသွားရင် ပိုထူသလိုလည်း ထင်ရစေပါတယ်။

(၂) ဆံသားမခြောက်သွေ့အောင် ဂရုစိုက်ပါ

ပြောချင်တာကတော့ ဆီထည့်ပါပေါ့။ ခေါင်းလျှော်ပြီးရင် သံလွင်ဆီလေးဖြစ်ဖြစ်၊ hair coat ဒါမှမဟုတ် ဆံသားအစိုဓာတ်ထိန်းမယ့် ပစ္စည်းတစ်ခုခုသုံးပါ။ ဆံပင်ပျော့ဆေးသုံးပါ။

(၃) ဓာတုဆေးတွေရှေုာင်ပါ

ဆံပင်အရောင်ဆိုးတာက အလှအတွက် အဆင်ပြေနိုင်ပေမယ့် ဆံပင်ပိုကျွတ်နိုင်စေမယ့်အရာ ဘာမှထပ်မလုပ်တာအကောင်းဆုံးပါ။ ဓာတုဆေးတွေထိတဲ့အခါ ဆံသားကျန်းမာရေးအတွက်မကောင်းပါဘူး။

(၄) Dryer သို့မဟုတ် ဖြောင့်/ကောက်စက် မသုံးပါနဲ့

ဆံပင်ကို dryer နဲ့အခြောက်ခံတဲ့အခါ ဒါမှမဟုတ်ဖြောင့်စက်/ကောက်စက် သုံးတဲ့အခါ ဆံသားကိုအပူနဲ့ ထိတွေ့စေတဲ့အခါ ဆံပင်ပိုပါးစေပါလိမ့်မယ်။

(၅) ခပ်ကြမ်းကြမ်းမဖြီးပါနဲ့

ဘယ်လောက်အလုပ်ရှုပ်ရှုပ် ခေါင်းဖြီးတာကို အမြန်မလိုပါနဲ့။ ဆံပင်မနာအောင် ခပ်ဖွဖွ၊ အသာအယာဖြီးပါ။ တစ်နေ့ တစ်ကြိမ်၊နှစ်ကြိမ် ထက်ပိုပြီးမဖြီးပါနဲ့။

(၆) အာဟာရပြည့်အောင်စားပါ

ခန္ဓာကိုယ်မှာလိုအပ်သမျှ အာဟာရတွေကိုညီညွတ်မျှတအောင်စားပေးရပါမယ်။ အသား၊ငါး၊ အသီးအရွက်နဲ့ သီးနှံတွေကို အစုံအလင်စားပါ။ ဒီအချက်က ဆံသားအတွက်တင်မကဘဲ မိခင်နို့ကိုပါ သက်ရောက်မှုရှိစေတာမို့ ကလေးကျန်းမာရေးအတွက်လည်းအကျိုးပြုပါတယ်။

(၇) အားဆေးသောက်ပါ

လိုအပ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးသောက်သင့်သောက်ပါ။ အစာအာဟာရကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်အောင်ရနိုင်ပါ့မလားဆိုတာ သိဖို့ အရေးကြီးပါတယ်။ မိခင်ကျန်းမာမှ နို့စို့ကလေးက ကျန်းမာဖွံ့ဖြိုးနိုင်မှာပါ။

ဆံကေသာအလှကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေပြောပြပြီးပြီဆိုတော့ မေမေတို့ ဆံပင်တွေကျွတ်လို့ စိတ်ဆင်းရဲမနေနဲ့တော့နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 08/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။