backup og meta

နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Thurein Win မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း

    နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း

    “နင်နော်အစားတွေ တွေ့ကရာ လျှောက်မစားနဲ့၊ ငါ့မြေးနေမကောင်းလို့ကတော့နင်ပဲ”မမိုးမိုးတစ်ယောက်ယောက္ခမဖြစ်သူ၏ ပြောစကားကိုထမင်းစားရင်း ပြန်ကြားယောင်နေသည်။ ထမင်းကိုငါးကြော်လေးနှင့်သာ စားနေခြင်းဖြစ်သည်။ တစ်နေ့တစ်နေ့ထိုဟင်းနှင့်သာ စားနေရ၍ငြီးငွေ့နေသော်လည်း ယောက္ခမကို ကြောက်ရသည်က တစ်ကြောင်း၊ နို့တိုက်နေချိန်မိမိစားချင်တာအစုံစားလိုက်မိလျှင်နို့စို့နေသော ၃ လသား မိမိသားလေး ထိခိုက်နိုင်သည်ဟူသော စကားကို

    ယုံကြည်မိသည်က တစ်ကြောင်း အစားတော်တော်ဆင်ခြင်နေရသည်။

    “နို့တိုက်မိခင်ဆိုတာအစားမရှောင်ရဘူး။ အာဟာရပြည့်အောင်စားရတယ်” ဟု ရပ်ကွက်ထဲမှသားဖွားဆရာမလေးကပြောသော်လည်း “နင့်ဆရာမက ငါမွေးမှငါ့သမီးအရွယ်ပါအေ၊ ငါပြောတဲ့အတိုင်းလုပ်စမ်းပါ” ဆိုသော ယောက္ခမစကားကိုမလွန်ဆန်နိုင်ခဲ့။

    “အမေ အစားရှောင်နေတာလား၊ ဒီလောက်သေချာမှာနေသားနဲ့၊ အခုတော့ကလေးကဆေးရုံအရောက်နောက်ကျသွားပြီ၊ ဆုံးသွားပြီ”

    “ဟုတ်ရဲ့လား သေချာကြည့်ပေးပါဦး။ သားလေးက နို့တောင်ပုံမှန်စို့နေသေးတာ၊ ခုနကမှ ပြာပြီးမောလာတာ။ ခဏလေးပဲ ရှိသေးတာ”

    ဆေးရုံအရေးပေါ်တွင်ပြောနေကြခြင်းဖြစ်သည်။ မမိုးမိုး၏ သားလေး နို့စို့ရင်း ရုတ်တရက်တအားမောပြီး ပြာလာ၍ ဆေးရုံအမြန်ခေါ်လာကြခြင်းဖြစ်သည်။ ဆေးရုံရောက်တော့ဆရာဝန်၏ စကားကရင်နင့်စရာ၊ ကလေးက အသက်မပါလာဘူးတဲ့။

    “ပြောရတာတော့စိတ်မကောင်းပါဘူး။ ကလေးက ကလေး ဘယ်ရီဘယ်ရီ(Infantile beri beri)လို့ခေါ်တဲ့ရောဂါဖြစ်ပြီး နှလုံးထိခိုက်ပြီး အသက်ဆုံရှံုးသွားရတာပါ။ ဗီတာမင်ဘီဝမ်း (B1) ချို့တဲ့လို့ဖြစ်တာပါ။အမေ အစားရှောင်တာနဲ့ဆိုင်ပါတယ်” တာဝန်ကျ ကလေး အထူးကုမှလာကြည့်ပြီး ရှင်းပြနေခြင်းဖြစ်ပါသည်။

    Infantile beriberi ရောဂါ

    Infantile beri beri ရောဂါသည်အထက်တွင် ဖော်ပြခဲ့သလို ဗီတာမင်B1 ချို့တဲ့ခြင်းကြောင့်ဖြစ်သောရောဂါဖြစ်သည်။ နို့စို့ကလေးများတွင်ဖြစ်ပွားလေ့ရှိသည်။ မွေးကင်းစကလေးများသည် မိခင်နို့ကိုသာအားကိုးနေကြရသည်။ မိခင်နို့တွင်အာဟာရပြည့်ဝစွာပါမှသာ ကလေးအတွက်အာဟာရပြည့်ဝကြမည်ဖြစ်သည်။

    ရှေးရိုးအယူအဆတွင် နို့တိုက်မိခင်သည် အစားအသောက်မဆင်ခြင်လျှင် မိခင်နို့မှတဆင့်ကလေးကိုထိခိုက်မည်ဟုယုံကြည်ကြသည်။ ထို့ကြောင့်လည်း နို့တိုက်မိခင်များကို အလွန်အမင်းအစားရှောင်ခိုင်းလေ့ရှိသည်။ ဆေးရုံ ဆေးခန်းများ ဆရာဝန်ဆရာမများမှအစားမဆင်ခြင်ရန်မှာကြားလေ့ရှိတတ်သော်လည်း ဓလေ့ထုံးတမ်းနှင့်ပတ်ဝန်းကျင်မှစကားများကိုသာ ပိုမိုယုံကြည်တတ်သောလူမျိုးဖြစ်ကြသည်နှင့်အညီအစားအလွန်အမင်းရှောင်ကြဉ်သည့်အကျင့်က ရှိနေတတ်သေးသည်။

    ဗီတာမင်B1 ကြွယ်ဝသော အစားအစာများတွင်ဆန်လုံးညို၊ အသည်း၊ ဝက်သား၊ အမဲသား၊ ဥများ၊ပဲများ၊ တစေး စသည်တို့ပါဝင်သည်။ B1 သည်ဆန်တွင်ပါဝင်သော်လည်း ဆန်ကို ဖြူအောင်အထပ်ထပ်ဖွပ်ထားလျှင်ပါဝင်မှုလျှော့နည်းသွားတတ်သည်။ ထို့အပြင်ရေတွင်ပျော်ဝင်သော ဓါတ်ဖြစ်သည့်အားလျော်စွာ

    ထမင်းရေငဲ့ချက်လျှင်ထမင်းရည်ထဲတွင်ထပ်မံဆုံးရှံုးသွားပြန်သည်။ တချို့ငါးများထဲတွင်B1 ကိုပြန်ဖျက်သည့်ဓါတ်များပါတတ်ပြန်သည်။

    လူကြီးတွင်ဗီတာမင်B1 ချို့တဲ့လျှင်လည်း နှလုံးထိခိုက်ပြီး ကိုယ်လက်များဖောရောင်ပြီးမောပန်းလာခြင်း၊ အာရုံကြောများထိခိုက်ပြီး ထုံကျင်အားနည်းမှုများဖြစ်ခြင်း၊ ဦးနှောက်အာရုံကြောဆိုင်ရာထိခိုက်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ ကလေးတွင်ဖြစ်သည့်B1 ချို့တဲ့ခြင်းတွင်လည်း နှလုံးထိခိုက်ခြင်းများဖြစ်တတ်သလို ငိုရင်း အသံတိမ်ဝင်သွားခြင်း၊ ဦးနှောက်အမြှေးရောင်သကဲ့သို့တက်ခြင်းစသည်များလည်းဖြစ်တတ်ပါသည်။ အထူးသဖြင့်နို့စို့အရွယ်ကလေးများတွင် နှလုံးထိခိုက်ခြင်းအဖြစ်များပြီး အန္တရာယ်အများဆုံးအနေအထားလည်း ဖြစ်သည်။

    နို့တိုက်မိခင်သည်B1 ပါသော အစားအသောက်များကို စနစ်တကျစားမှသာ သူ၏ နို့ရည်တွင်လည်းB1 ဓါတ်အပြည့်အဝပါမည်ဖြစ်သည်။ အမေတွင်လည်း B1 ချို့တဲ့သော လက္ခဏာများဖြစ်ပေါ်တတ်သော်လည်းတစ်ခါတစ်ရံမိခင်တွင်လက္ခဏာမပေါ်ခင်တွင်နို့စို့ကလေးတွင်လက္ခဏာအရင်ပေါ်လာသည်များ

    ရှိတတ်ပါသည်။ ကလေးတွင်လက္ခဏာပေါ်လာလျှင်လည်း ဖြစ်ပွားမှု အလွန်လျင်မြန်ပြင်းထန်တတ်ပြီးမထင်မှတ်လောက်အောင်ပုံမှန်နို့စို့နေပြီး ကောင်းမွန်နေသော အနေအထားမှရုတ်တရက်အလွန်မောလာ၊ပြာလာပြီး ချက်ချင်းပင်အသက်ကိုနုတ်ယူသွားလောက်သည်အထိမြန်ဆန်တတ်ပါသည်။

    တချို့ကလေးများတွင်အလွန်အမင်းငိုနေခြင်း၊ ငိုရင်း အသံတိမ်ဝင်သွားခြင်းများ အရင်ဖြစ်တတ်ပြီးမှမောလာတတ်ရာ အဆိုပါ လက္ခဏာများဖြစ်လာလျှင်လည်း အမြန်ဆရာဝန်နှင့်ပြသကြရပါမည်။Infantile beri beri ရောဂါသည်ကုသရခက်သော ရောဂါမျိုးတော့မဟုတ်ပါချေ။ ဆေးရုံဆေးခန်းသို့သာ အချိန်မီရောက်ပါက B1 ထိုးဆေး ပေးလိုက်လျှင် အမြန်ပြန်ကောင်းသွားမည်ဖြစ်ပါသည်။ သို့သော်အဓိက စိုးရိမ်ရသည်မှာ ရောဂါလက္ခဏာစပေါ်ချိန်မှအသက်သေဆုံးသည့်အချိန်သည်အလွန်အမင်းမြန်တတ်သည့်အတွက်ဆေးရုံသို့အချိန်မီမရောက်နိုင်သည်မှာ အဓိက ပြဿနာပင်ဖြစ်ပါသည်။ထို့ကြောင့်လည်း ဖြစ်ပွားမှကုသသည်ထက်မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းက ပိုမိုအရေးကြီးပါသည်။အများယူဆတတ်ကြသလို မိခင်အစားတစ်ခုခုစားလိုက်လျှင်ထိုအစားအသောက်သည်ကလေးဆီတန်းရောက်သွားသည်တော့မဟုတ်ပါချေ။ မိခင်အစားအသောက်တွင်ပါဝင်သော ဓါတ်များကိုသက်ဆိုင်သလိုအစာလမ်းကြောင်းမှချေဖျက်ပြီးမှစုပ်ယူခြင်းဖြစ်သည်။ ထိုမှအာဟာရဓါတ်များကိုသာမိခင်သွေးမှတဆင့်မိခင်နို့သို့ရောက်ရှိခြင်းဖြစ်ပါသည်။ ဆေးတချို့သည်မိခင်နို့မှတဆင့်ကလေးထံသို့ရောက်ရှိတတ်သော်လည်း အစားအသောက်အစုံစားခြင်းကြောင့်ကလေးကိုအန္တရာယ်ရှိနိုင်ခြင်းကနည်းပါးပါသည်။ နို့တိုက်မိခင်များရှောင်သင့်သည်ဟုပညာရှင်များ အကြံပြုထားသည့်အစားအစာများတွင်ချောကလက်၊ အစပ်၊ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ကီဝီသီး

    (Kiwi fruit)၊ ချယ်ရီသီး (Cherry fruit)၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သခွားသီး၊ နံနံပင်တို့ပါဝင်သည်။ ကော်ဖီနှင့်အရက်ကိုလည်း အလွန်အမင်းသောက်သုံးခြင်းမှရှောင်ကြဉ်သင့်သည်။ မြေပဲမတည့်တတ်သော မျိုးရိုးရှိလျှင်လည်း ရှောင်ကြဉ်သင့်သည်။ တချို့ပင်လယ်ငါးများတွင်မာကျူရီဓါတ်ပါဝင်တတ်ရာ ရှောင်ကြဉ်သင့်သည်ဟုဆိုကြပါသည်။

    တခြား အသားများ၊ ပဲများ၊ ဥများကို တော့စားသုံးနိုင်ပါသည်။ သန့်ရှင်းသောအစားအသောက်ဖြစ်ဖို့သာ အရေးကြီးပါသည်။ နို့တိုက်မိခင်အတွက်B1 အားဆေးသောက်သုံးလျှင်ပို၍ကောင်းပါသည်။ မိခင်အာဟာရပြည့်ဝမှသာ မိခင်နို့တွင်အာဟာရပြည့်ဝမည်ဖြစ်ပြီး ကလေးအတွက်လည်းကောင်းမွန်မည်ဖြစ်ပါသည်။

    အချုပ်ဆိုရလျှင်ဆောင်းပါး၏ အရှေ့ဆုံးတွင်ဖော်ပြထားသလို ဖြစ်ရပ်ဆိုးများသည် ဆေးရုံများတွင်မကြာခဏကြုံတွေ့တတ်ကြရသည်။ မှားယွင်းသော ရိုးရာ အယူအဆတစ်ချို့ကို စနစ်တကျ ပယ်ရှားသွားကြရန်အရေးကြီးပါသည်။ နို့တိုက်မိခင်အနေဖြင့်အစားအသောက်အလွန်အမင်းရှောင်ကြဉ်ခြင်းမလုပ်ဘဲ

    ရှောင်သင့်သော အစားအသောက်တချို့မှလွဲ၍ အသား၊ ပဲ၊ ဟင်းရွက်များကိုမျှတညီညွတ်စွာ စားသုံးခြင်းဖြင့်ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Thurein Win မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement