စပျစ်သီးသန္ဓေတည်ခြင်းနဲ့ ပက်သက်လို့ သိထားသင့်တဲ့ အကြောင်းများ ။ ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်ဆောင်နဲ့ ပက်သက်တဲ့ ရောဂါတွေ အများကြီးကြားဖူးကြမှာပါ။ အဲဒီအထဲမှာ H-Mole လို့ခေါ်တဲ့ စပျစ်သီးသန္ဓေတည်ခြင်း ကလည်း တစ်ခုအပါအဝင်ပေါ့။ စပျစ်သီးသန္ဓေတည်တယ်လို့သား ကြားဖူးနေကြတာ ဘယ်ကဘယ်လိုဖြစ်တာလဲ ဒါကြီးက ဘာကြီးလဲလို့ မသိဖြစ်နေကြတဲ့သူတွေအတွက် ဒီ ဆောင်းပါးလေးက ရည်ရွယ်ပါတယ်။

စပျစ်သီး သန္ဓေတည်တယ်ဆိုတာဘာလဲ။ ။

hydatidiform mole လို့လည်း လူသိများကြတဲ့ ဒီစပျစ်သီး သန္ဓေတည်ခြင်းဟာ ကိုယ်ဝန် လနုတဲ့အချိန် သားအိမ်ထဲမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ဒီအထဲက အဓိက တရားခံကိုပြောပါဆိုရင် အချင်းကိုပြောရမှာပဲ။ မျိုးဥလေးကတော့ ပုံမှန်အတိုင်း သန္ဓေအောင်သွားပါရဲ့ အချင်းက ပုံမှန်မဟုတ်ဘဲပွားပွားလာပြီး အရည်တွေပြည့်နေတဲ့ အိတ်လေးတွေ အဖြစ်ကွဲသွားတာကြောင့် ကြည့်လိုက်ရင် စပျစ်သီးလိုမျိုး အလုံးလေးတွေ ပုံစံဖြစ်နေရတာပါ။ ဒီလို အချင်းက ပုံမှန်မဟုတ်တော့တာကြောင့် မျိုးအောင်ထားတဲ့ သန္ဓေသားလေးကို အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ အာဟာရတွေကောင်းကောင်းမပေးနိုင်တော့တဲ့အတွက် နောက်ပိုင်း ကိုယ်ဝန်ကို ထိခိုက်လာတာမျိုးတွေ ရှိနိုင်ပါတယ်။

စပျစ်သီး သန္ဓေတည်ပြီဆိုတာနဲ့ နောက်ပိုင်း ကိုယ်ဝန်ကို ဘယ်လိုဆက်ထိခိုက်နိုင်မှာလဲ။

စပျစ်သီး သန္ဓေတည်ပြီဆိုတာနဲ့ နောက်ပိုင်း ကိုယ်ဝန်အဖတ်မတင်တာမျိုး ဖြစ်ဖို့ အလားအလာအရမ်းများပါတယ်။ သေချာကုသမှု မခံယူဘဲထားလိုက်ရင် နောက်ပိုင်း gestational trophoblastic disease လို့ခေါ်တဲ့ ရှားပါးကင်ဆာ တစ်မျိုး အဖြစ်တောင် ဆက်ပြောင်းသွားနိုင်ပါသေးတယ်။

ဒီလို စပျစ်သီး သန္ဓေတည်တာဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။

အဓိကကတော့ သန္ဓေသားရဲ့ခရိုမိုဇုန်း ကြောင့် အဓိကဖြစ်ရတာပါ။ စပျစ်သီး သန္ဓေတည်တာ ၂ မျိုးရှိပါတယ်။

  • Complete molar pregnancy – ဒီ တစ်ခုမှာတော့ သန္ဓေသားလည်း မရှိ သားအိမ်လည်းမရှိဘဲနဲ့ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာတွေ ပေါ်နေတာပါ။ အကြောင်းအရင်းကတော့ မိခင်ဘက်ကလာတဲ့ မျိုးရိုးဗီဇ ခရိုမိုဇုန်းတွေ ကောင်းကောင်းအလုပ်မလုပ်တာကြောင့် ဖခင်ဘက်ကလာတဲ့ ခရိုမိုဇုန်းတွေကပဲ ၄၆ စုံဖြစ်အောင် ကူးလိုက်တာကြောင့် ဒီလို စပျစ်သီးသန္ဓေတည်တာ ဖြစ်လာရတာပါ။
  • Partial molar pregnancy – ဒီ တစ်ခုမှာတော့ သန္ဓေသား အပိုင်းအစလေးနဲ့ အချင်းတစ်ရှူး အပိုင်းအစလေးတွေ ရှိနေပါတယ်။ သန္ဓေသားလေးက ဆက်ပြီးကြီးထွားချင်ပေမယ့် အချင်းက ကောင်းကောင်းမထောက်ပံ့ပေးနိုင်တာကြောင့် ဆက်ပြီး မရှင်သန်နိုင်ပါဘူး။ နောက်ပြီး ဒီပြဿနာမှာဆို ၄၆ စုံရှိရမယ့် ခရိုမိုဇုန်းတွေက ပွားပွားလာပြီး ၆၉ စုံတောင်ရှိနေလို့ ကိုယ်ဝန်ခိုင်ဖို့ မလွယ်ကူပါဘူး။

စပျစ်သီး သန္ဓေတည်နိုင်ချေ များတဲ့သူတွေက ဘယ်သူတွေလဲ။

  • အသက် ၂၀ အောက်နဲ့ အသက် ၃၅ နှစ် မှာ ကိုယ်ဝန်ဆောင်တဲ့သူတွေ
  • အသက်၄ ဝကျော်မှ ာကိုယ်ဝန်ရသွားတဲ့သူတွေ
  • အရင်ကိုယ်ဝန်တုန်းက စပျစ်သီးသန္ဓေတည်ဖူးတဲ့သူတွေ
  • နှစ်ခါနဲ့အထက် ကိုယ်ဝန်ပျက်ကျဖူးတဲ့သူတွေ က စပျစ်သန္ဓေတည်နိုင်ဖို့ အလားအလာများပါတယ်။

စပျစ်သီး သန္ဓေတည်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

စစချင်းမှာတော့ စပျစ်သီး သန္ဓေတည်တာက ပုံမှန်ကိုယ်ဝန်လိုပဲ ဖြစ်နေပေမယ့် နောက်ပိုင်းကျရင် ခုပြောမယ့် လက္ခဏာတွေ ဖြစ်လာပါလိမ့်မယ်။

  • ကိုယ်ဝန် ၃ လအတွင်းမှာ မိန်းမကိုယ်ကနေ သွေးဆင်းတာတွေ ဖြစ်လာလိမ့်မယ်
  • မိန်းမကိုယ်ကနေ အရည်တွေ ပြည့်နေတဲ့ စပျစ်သီးလိုမျိုး အိတ်လေးတွေ ဆင်းလာလိမ့်မယ်
  • အခြားသူတွေထက် ကိုယ်ဝန်ကြောင့် ပျို့အန်တာတာကို ပြင်းပြင်းထန်ထန်ခံစားရမယ်
  • တင်ပဆုံတစ်ဝိုက် နာကျင်ကိုက်ခဲ အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
  • ပုံမှန် မဟုတ်ဘဲ ပွားနေတဲ့အချင်းဆီကို သွေးတွေ ပေးနေရတာကြောင့် သွေးအားနည်းတဲ့ လက္ခဏာတွေတွေ့ရတတ်ပါတယ်။
  • မမျိုးဥ အိမ်မှာ အရည်အိတ်တည်တဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်
  • ကိုယ်ဝန်ဆောင်နေရင်းနဲ့ သွေးတိုးတဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
  • စပျစ်သီး သန္ဓေကြောင့်ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် သိုင်ရွိုက်ဟော်မုန်းတွေ အပြောင်းအလဲဖြစ်သွားတတ်ပါတယ်။
  • ပွားလာတဲ့အချင်းကြောင့် သန္ဓေသား ဆက်မကြီးထွားလာပေမယ့် သားအိမ်ကြီးက အရမ်းကြီးနေတတ်ပါတယ်။

စပျစ်သီး သန္ဓေတည်တာကို ဘယ်လို ရှာဖွေတွေ့ရှိသလဲ။

  • အာထရာဆောင်းရိုက်ပြီး စပျစ်သီး သန္ဓေတည်တာကို သိနိုင်သလို
  • ကိုယ်ဝန်ဆောင်ချိန် အချင်းကထုတ်တဲ့ HCG ဟော်မုန်းကို သွေးစစ်ပြီးလည်း တိုင်းတာနိုင်ပါတယ်။ အချင်းပုံမှန်မဟုတ်ဘဲ ပွားတဲ့ စပျစ်သီး သန္ဓေမှာတော့ HCG ဟော်မုန်းတွေ အများကြီးတက်နေပါလိမ့်မယ်။

စပျစ်သီး သန္ဓေတည်တာကိ ုကုသလို့ရလား။

စပျစ်သီး သန္ဓေတည်တာကို ကုသဖို့ အတွက်တော့ D & C (dilation and curettage) လို့ခေါ်တဲ့ သားအိမ်ခြစ်တဲ့ နည်းပဲ ဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီး သားအိမ်ဘေးပတ်လည်မှာကပ်နေတဲ့ စပျစ်သီး တစ်ရှူးတွေကို ကုန်စင်အောင် ခြစ်ချရမှာ ဖြစ်ပါတယ်။

  • အကုန်ကုန်စင်အောင် ခြစ်ဖြစ်လား မဖြစ်လားသိဖို့အတွက် hCG ဟော်မုန်းကို ၆ လကနေ ၁ နှစ်အတွင်း ပြန်ပြန်တိုင်းတာနေမှာ ဖြစ်ပါတယ်။
  • ဒီအတောအတွင်း ကိုယ်ဝန် ပြန်မယူဖို့ ဆရာဝန်က တားထားမှာ ဖြစ်ပါတယ်။ နောက်ကိုယ်ဝန်ထပ်ရသွားရရင် ကိုယ်ဝန်ကနေ ထုတ်တဲ့ HCG လား အရင်ကိုယ်ဝန်ကကျန်ခဲ့တဲ့ စပျစ်သီးသန္ဓေတည်ခြင်းတစ်ရှူးအပိုင်းတွေက ထုတ်တဲ့ ကိုယ်ဝန်လားဆိုတာ မသဲကွဲတော့မှာ စိုးလို့ပါ။
  • တစ်ချို့လူနာတွေမှာကျ သားအိမ်ခြစ်ပေမယ့် စပျစ်သီး သန္ဓေအပိုင်းအစတွေ ဆက်ပွားနေတဲ့ပြဿနာ Persistent GTD ရှိတတ်ပါတယ်။ ဒီလို ပြဿနာမျိုးကျတော့ သားအိမ်တစ်ခုလုံးကို ထုတ်ပစ်လိုက်ရတာမျိုးတွေ ရှိပါတယ်။
  • ရှားရှားပါးပါး စပျစ်သီးသန္ဓေတည်ခြင်းကနေ choriocarcinoma လို့ခေါ်တဲ့ ကင်ဆာပြောင်းသွားခဲ့ရင်တော့ ကင်ဆာဆေးတွေ သွင်းပြီး ကုသမှု ခံယူရမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 3, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 3, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။