ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။
ကိုယ်ဝန်ဘယ်လိုရ
ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။
ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။
သားဥကြွေတာကို ဘယ်လိုသိနိုင်မလဲ။
သားဥကြွေတာကို သိနိုင်တဲ့နည်း ၃နည်း ရှိပါတယ်။ လက္ခဏာတွေကို စောင့်ကြည့်တာရယ်၊ ဆေးစစ်တာရယ်၊ ရက်တွက်တဲ့နည်းရယ်ပါ။
(၁) သားဥကြွေခါနီး လက္ခဏာများ
အဓိက လက္ခဏာ ၂ခုရှိပါတယ်။ အဖြူဆင်းတာရယ်၊ ကိုယ်အပူချိန်တက်တာရယ်ပါ။
- အဖြူဆင်းတာ
သားဥကြွေခါနီးပြီဆိုရင် အဖြူဆင်းတာက အကြည်ရောင်၊ ကြက်ဥအစိမ်းရဲ့ အကာနဲ့ဆင်တူပါတယ်။ ဆင်းတာလည်း များတတ်ပါတယ်။ သားဥကြွေပြီးရင်တော့ ဆင်းတာနည်းသွားသလို ပျစ်လည်းပျစ်သွားပါတယ်။
- ကိုယ်အပူချိန်
နားနားနေနေရှိချိန်မှာ ကိုယ်အပူချိန်ကို တိုင်းပြီး မှတ်ထားရမှာပါ။ ဒီတော့ အကောင်းဆုံးအချိန်က မနက်ခင်း အိပ်ရာနိုးနိုးချင်း အိပ်ရာက မထခင်ပါ။ မနက်တိုင်း တိုင်းသွားလိုက်ရင် တချို့ရက်တွေမှာ ကိုယ်အပူချိန်အနည်းငယ်တက်နေတာကို တွေ့ရမှာပါ။ အဲ့တာ သားဥကြွေပြီးခါစအချိန်မို့လို့ပါ။ အဲ့လို စတက်တဲ့ရက်မှာ နေသင့်ပါတယ်။
(၂) ဆေးစစ်ခြင်း
သားဥကြွေမကြွေကို စစ်တာကလည်း ကိုယ်ဝန်ရှိမရှိ စစ်တာနဲ့ တူပါတယ်။ ဆီးကိုပဲ စစ်တာပါ။ Test kit ဒါမှမဟုတ် Test stripနဲ့ စစ်တာ ဖြစ်ပါတယ်။ စစ်တဲ့ ဟော်မုန်းပဲ ကွာတာပါ။ သားဥကြွေမကြွေကို LHလို့ခေါ်တဲ့ Luteinizing hormone ကို စစ်တာ ဖြစ်ပါတယ်။
ဆေးစစ်တံရဲ့ အညွှန်းအတိုင်း စစ်ပြီး positiveဖြစ်တယ်ဆိုရင် ဒါသားဥကြွေတော့မယ့် လက္ခဏာပါ။ Positive ဖြစ်ပြီး ၃၆နာရီအတွင်း သားဥကြွေမှာမို့လို့ အဲ့ရက်တွေမှာ အတူနေသင့်ပါတယ်။
ဘယ်အချိန်မှာ ဆေးစစ်ရမလဲဆိုတော့ ရာသီလာဖို့ ၂ပတ်အလိုလောက်ဆို စစ်ပေးပါ။
(၃) ရက်တွက်တဲ့နည်း
ရက်တွက်နည်းက အနည်းငယ်ရှုပ်ထွေးပါတယ်။ ဒါကြောင့် Health toolsတွေနဲ့ တွက်တာက ပိုမြန်ပါတယ်။
သားဥကြွေတဲ့ရက်ကို https://hellosayarwon.com/health-tools/ovulation-calculator/ မှာ တွက်လို့ ရပါတယ်။
- အရင်ဆုံး ‘ကိုယ်ဝန်ယူရန် ကြိုးစားနေသည်’ ကို ရွေးလိုက်ပါ။
- ပြီးရင် ‘နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်’ကို ရွေးလိုက်ပါ။ (ဥပမာ မတ်လ ၁၀ရက်နေ့ကနေ ၁၅ရက်နေ့ထိ လာတယ်ဆိုရင် မတ်လ ၁၀ရက်လို့ ဖြည့်ရမှာပါ။)
- ‘ရာသီစက်ဝန်းရက်အရေအတွက်’ ဆိုတာ ဘယ်နှရက်တစ်ခါ လာသလဲလို့ မေးတာပါ။ ဥပမာ ၂၈ရက်တစ်ခါ လာသလား၊ ရက်၃၀ တစ်ခါ လာသလားပေါ့။ ဒီမှာတော့ ရက်၃၀နဲ့ တွက်ပြပါမယ်။
- ‘ရာသီရက်စုစုပေါင်း’ကတော့ ဘယ်နှရက်လာသလဲဆိုတာကို ဖြည့်ရမှာပါ။ ဥပမာ ၃ရက်လာသလား၊ ၅ရက်လာသလား စသဖြင့်။
- အားလုံးဖြည့်ပြီးသွားရင် အောက်မှာ အဖြေလေး ရလာပါမယ်။
- ထောင့်နားက Apr 2023 ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒီလိုပေါ်လာပါလိမ့်မယ်။
- အနီနဲ့ ရေးထားတဲ့ ရက်တွေက ရာသီလာမယ့်ရက်တွေပါ။
- အစက်လေးနဲ့ ဝိုင်းထားတာက သားဥကြွေမယ့်ရက်တွေပါ။
- အစိမ်းနဲ့ ရေးထားတာတွေက အတူနေရင် ကိုယ်ဝန်ရနိုင်ခြေများတဲ့ရက်တွေပါ။ ဒါကြောင့် ကလေးယူမယ်ဆိုရင် အစိမ်းနဲ့ ပြထားတဲ့ ရက်တွေမှာ အတူနေရမှာပါ။
သားဥလေးက၂၄နာရီပဲ ခံပေမယ့် သုက်ကောင်လေးကတော့ မိန်းမကိုယ်ထဲမှာ ၅ရက်လောက် ရှင်နိုင်ပါတယ်။ ဒါကြောင့် သားဥမကြွေခင် ကြိုပြီး သွားစောင့်နေတဲ့ သဘောပါ။
ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ
အကောင်းဆုံးကတော့ သားဥကြွေတဲ့ရက်နားမှာ နေနိုင်ရင် အကောင်းဆုံးပါ။ ဒါပေမယ့် တချို့စုံတွဲတွေမှာ
- ရာသီမမှန်တာကြောင့် သားဥကြွေတဲ့ရက်ကို တွက်ဖို့ခက်တာ
- အဖြူဆင်းတာကို မသိတာ၊ ကိုယ်အပူချိန်တိုင်းဖို့ မေ့သွားတာ
- ဘယ်နေ့မှာ ဆေးစစ်ရမှန်း မသိတာ စတဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။
နောက်တစ်ခုက သားဥကြွေခါနီးရင် ကိုယ်ဝန်ရအောင် အတူနေရမယ်ဆိုတဲ့ စိတ်ကြောင့် စိတ်ဖိစီးပြီး လိင်မှုကိစ္စမှာ စိတ်မပါတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒီလိုပြဿနာရှိတဲ့ စုံတွဲတွေကတော့ ပုံမှန်လေး အတူနေသွားတာက ပိုကောင်းပါတယ်။ ပုံမှန်လေးဆိုတာက ၁ရက်ခြားလောက် နေတာမျိုးပါ။ နေ့တိုင်းနေတာ၊ တစ်ရက်ထဲမှာ အကြိမ်များစွာ နေတာကျတော့လည်း နေ့တိုင်းသုက်လွှတ်နေရတော့ သုက်ကောင်ရေ နည်းသွားနိုင်ပါတယ်။
ရက်ခြား မနေနိုင်ရင်လည်း စိတ်မညစ်ပါနဲ့။ ရာသီပြီးတဲ့ရက်ကစပြီး ၂ရက်၊ ၃ရက်ခြား နေသွားရင် ရပါတယ်။ ဒါကလည်း ကိုယ်ဝန်ရဖို့ အထောက်အကူ ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်က ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝဖြစ်ဖို့ပါ။ ကလေးရအောင်ဆိုပြီး တာဝန်ကြီး တစ်ခုလို နေတာက နှစ်ယောက်လုံးမှာ စိတ်ဖိစီးပြီး ကလေးရဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အတူနေတိုင်း နေတိုင်းမှာ ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝဖြစ်ဖို့ လိုပါတယ်။
ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ။
[embed-health-tool-ovulation]