ကိုယ်ဝန်မရလို့ စိတ်ညစ်နေတဲ့ သူတွေလည်း ရှိသလို မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားတာကြောင့် ဖျက်ဖို့ထိ စဉ်းစားနေရတဲ့ ပျိုမေတွေလည်း ဒုနဲ့ဒေးပါပဲ။ လူ့အသက်တစ်ချောင်း ဖြစ်နေတာဆိုတော့လည်း ကိုယ့်အနေနဲ့ လုပ်ဖို့ သင့်လျော်ပါ့မလား၊ ကိုယ်ဝန်မဖျက်ချဘဲ ဆက်မွေးလိုက်ရင်ရော ငါ့ဘ၀ ဘယ်လိုပြောင်းလဲသွားမှာလဲ အစရှိသဖြင့် အတွေးတွေ ဝင်လာတာလည်း ခဏခဏ ပါပဲ။ အကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရသွားတယ်၊ ဒီကိုယ်ဝန်ကို ကိုယ်က ဖျက်ဖို့ ကြံစည်ထားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီးမှ ဖျက်သင့်၊ မဖျက်သင့် ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။
ဘာကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်တတ်ကြတာလဲ။
အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ တချို့တွေကျလည်း အလိုမတူဘဲ သားမယားပြုကျင့်ခံရလို့၊ ဖခင်ဖြစ်လာမယ့်သူက တာဝန်မယူဘဲ ထွက်ပြေးသွားတာ၊ ဆုံးပါးသွားတာ၊ အရွယ်ငယ်သေးတာကြောင့် ဆုံးဖြတ်တတ်ကြသလို တချို့တွေမှာလည်း ကလေးကို သေချာပြုစုပျိုးထောင်ဖို့ အစီအစဉ်တွေ ချထားပြီးကာမှ ကိုယ့်ဘက်က အဆင်သင့်မဖြစ်သေးခင် ကိုယ်ဝန်ရသွားတဲ့အခါ ဆက်မွေးသင့်၊ မမွေးသင့် စဉ်းစားရခက်သွားတဲ့ အခြေအနေမျိုးတွေ အများကြီးရှိပါတယ်။
ဒီလိုဆုံးဖြတ်ချက်ချတာဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်လောကလုံးမှာ ရှိတဲ့ သန်းပေါင်းများစွာသော အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ တစ်ခု သတိထားဖို့က ဒီလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဘေးပတ်ဝန်းကျင်ရဲ့ စကားသံတွေ၊ ကဲ့ရဲ့သံတွေကို ခေါင်းထဲ မထည့်ဘဲ ကိုယ်နဲ့ ကိုယ့်ကလေးရဲ့ ဘဝအနာဂတ်ကိုသာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ကို ချသင့်ပါတယ်။
ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်စေတဲ့ အကြောင်းရင်းအများစုတွေက ဘာတွေလဲ။
၁။ ရှိပြီးသားကလေးအတွက် အကောင်းဆုံးမိဘဖြစ်ဖို့ ကြိုးစားနေချိန်မှာ နောက် ကလေးတစ်ယောက် ထပ်ယူဖို့ အဆင်မပြေတာ
၂။ မိဘနေရာမှာ တာဝန်ယူဖို့ အဆင်သင့် မဖြစ်သေးတာ
၃။ ကလေးကို ပြုစုစောင့်ရှောက်ဖို့အတွက် ငွေရေးကြေးရေးအရ၊ စိတ်ပိုင်းဆိုင်ရာအရ အချိန်ကောင်း မဟုတ်သေးဘူးလို့ စဉ်းစားထားတာ
၄။ ကျောင်း၊ တက္ကသိုလ် ပြီးဆုံးအောင် တက်ဖို့ ဆုံးဖြတ်ထားတာ
၅။ ကလေးမယူခင် အလုပ်နဲ့ ဘဝမှာ အောင်မြင်မှုကို အရင်ဆုံး ရယူပိုင်ဆိုင်လိုတာ
၆။ ကိုယ်သဘောမကျ၊ မနှစ်သက်တဲ့သူနဲ့ ကိုယ်ဝန်ရခဲ့တာ
၇။ မိမိအား ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတဲ့သူကြောင့် ကိုယ်ဝန်ရခဲ့တာ
၈။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်မယ့် ကိုယ်ဝန်မလွယ်ထားချင်တာ
၉။ ကိုယ့်ရဲ့ အခြေအနေကြောင့် မွေးလာတဲ့ကလေးက အနာဂတ်မှာ ဒုက္ခရောက်မှာကို စိုးရိမ်တာ
၁၀။ မိဘဖြစ်ချင်စိတ် လုံးဝမရှိတာ အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ချက်ချတတ်ပါတယ်။
ကိုယ်ဝန်ဖျက်ချသင့်၊ မဖျက်ချသင့် ဆုံးဖြတ်တော့မယ်ဆိုရင်။
ကိုယ့်ရဲ့ မိသားစု၊ အချစ်ရေး၊ အိမ်ထောင်၊ ကျောင်း၊ အလုပ်၊ ဘဝရည်မှန်းချက်၊ ကျန်းမာရေး၊ မိခင်နှင့် ကလေး အန္တရာယ်ကင်းမှု၊ ဘဝလုံခြုံမှု၊ ကိုယ်ပိုင်ယုံကြည်ချက်တွေကို သေချာစဉ်းစားချင့်ချိန်ပြီးမှ ကိုယ်ဝန်ဖျက်ချဖို့အတွက် ဆုံးဖြတ်ချက် ချရပါမယ်။ ဒီအကြောင်းကို ကိုယ်ဝန်ဆောင်မိခင်မှ လွဲပြီး မည်သူ တစ်ဦးတစ်ယောက်ကမှ (မိဘဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ မိတ်ဆွေဖြစ်စေ) ဝင်ရောက်ကူညီဆုံးဖြတ်ပေးလို့ မရပါဘူး။ မိခင်ဖြစ်လာမယ့်သူမှာသာ ၁၀၀ ရာခိုင်နှုန်း ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
အကယ်၍ ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေ သေချာပြန်မေးကြည့်ပါ။
၁။ မိဘတစ်ယောက်ဖြစ်ဖို့ ငါ့ဘက်က အဆင်သင့်ဖြစ်ပြီလား
၂။ အခုအချိန်မှာ ကလေးမွေးလိုက်ရင် ငါ့အနာဂတ်မှာ ဘာတွေဖြစ်သွားနိုင်လဲ
၃။ ငါ့ရဲ့ မိသားစုမှာရော ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာနိုင်လဲ
၄။ မိဘဖြစ်ခြင်းဟာ ကိုယ့်ရဲ့ ဘဝရည်မှန်းချက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေနိုင်လဲ
၅။ ကိုယ်ပိုင် ယုံကြည်ချက်ကြောင့် ကိုယ်ဝန်ဖျက်ချချင်တာလား၊ ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့မှာကို စိုးရိမ်နေတာလား
၆။ တစ်စုံတစ်ယောက်က ကိုယ့်ကို ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးနေလား
၇။ ဒီအချိန်ဟာ ကလေးမွေးဖို့ အသင့်လျော်ဆုံး အချိန်လား
၈။ ကိုယ်ဝန်ဖျက်ချလိုက်တဲ့အခါ ဘဝဟာ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းဖြစ်လာမှာလား
၉။ ကိုယ်ဝန်ထိန်းထားမယ်ဆိုရင် ကိုယ့်ဘက်က ဘယ်လိုအထောက်အပံ့မျိုးတွေ လိုအပ်လဲ
၁၀။ မိခင်တစ်ယောက်အနေနဲ့ ကလေးအတွက် လုံခြုံအေးချမ်းတဲ့ မိသားစုဘဝ ပေးနိုင်မယ်လို့ ယုံကြည်လား
၁၁။ ကလေးကို ပြုစုပျိုးထောင်ပေးဖို့ ငွေကြေး ပြည့်စုံမှုရှိပြီလား အစရှိတဲ့ မေးခွန်းတွေကို မိမိကိုယ်ကိုယ် မေးပြီး အမှန်အတိုင်း ဝန်ခံကြည့်ပါ။ ရလာတဲ့အဖြေပေါ် မူတည်ပြီး ကိုယ်ဝန်ဖျက်ချသင့်၊ မဖျက်ချသင့် ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါ။ ကိုယ့်ဘက်က သိထားရမှာကတော့ ခွဲစိတ်ခန်းထဲ မဝင်မီအထိ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်သေးတယ်ဆိုတာပါပဲ။
ကိုယ်ဝန်ဖျက်ချသင့်၊ မသင့် ဘယ်သူတွေနဲ့ တိုင်ပင်လို့ ရမလဲ။
ကိုယ့်အပေါ် အမြဲ နားလည်လက်ခံပေးတဲ့ မိသားစုဝင်တွေ၊ ကိုယ်လိုအပ်တဲ့ အချိန်တိုင်း ကူညီပြီး အားပေးမှုပြုတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို တိုင်ပင်လို့ ရပါတယ်။ ဘယ်လို ဆုံးဖြတ်ချက်မှုကိုပဲ ချပါစေ၊ ကိုယ့်ရဲ့ ဘဝနဲ့ အနာဂတ်ကို အနည်းနဲ့ အများ ပြောင်းလဲမှုတွေတော့ ဖြစ်စေနိုင်မှာပါပဲ။ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ၊ ဘာသာရေး အယူအဆ စတာတွေကိုတော့ ခေါင်းထဲကနေ ထုတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။
ဆုံးဖြတ်ချက်ကို စောနိုင်သမျှ စောစောချထားဖို့လည်း လိုပါတယ်။ ကိုယ်ဝန်သက်တမ်းရင့်လာမှ ကိုယ်ဝန်ဖျက်ချချင်ပါတယ်ဆိုရင် မိခင်အတွက်လည်း ဒုက္ခဖြစ်စေနိုင်တဲ့အပြင် နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်တဲ့အထိ သားအိမ်ကို ထိခိုက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့အခါ ကိုယ်ဝန်ဆောင် အမျိုးသမီးအနေနဲ့ ဘယ်လိုအန္တရာယ်တွေ ရှိနိုင်လဲ အစရှိသဖြင့် သိထားသင့်တဲ့အရာတွေကို ကြိုတင်သိထားဖို့လည်း အရေးကြီးပါတယ်။
ကိုယ့်ဘက်ကနေ ကလေးလိုအပ်သမျှ အကုန်ဖြည့်ဆည်းပေးနိုင်မယ်လို့ လက်ခံထားရင်၊ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အတူတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားရင် ကိုယ်ဝန်ထိန်းထားတာက အကောင်းဆုံးပါပဲ။ ကလေးကို ကိုယ်က တာဝန်မယူနိုင်ဘဲ သနားစိတ်တစ်ခုတည်းနဲ့ မွေးလိုက်မယ်ဆိုရင် ကလေးရော မိခင်ပါ ဘဝတစ်ခုလုံး ဒုက္ခရောက်သွားနိုင်တယ်ဆိုတာလည်း မေ့ထားလို့ မရပါဘူး။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ နွေးထွေးလှပတဲ့ မိသားစုကမ္ဘာလေးတစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း…
(လက်ရှိမြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်ဟာ မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုသော အကြောင်းပြချက်မှလွဲ၍ တရားဝင် ကိုယ်ဝန်ဖျက်ချမပေးပါ။ ဥပဒေအရ တားမြစ်ထားပါသည်။)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။