ဗီတာမင် D – ဗီတာမင် D ဟာလည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ အရိုးတွေကို သန်မာအားကောင်းစေတဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူအားဖြည့်နိုင်အောင် အားဖြည့်ကူညီပေးပါတယ်။ ဗီတာမင် D မရှိဘဲနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေက အရိုးတွေကို သန်မာအောင် ပံ့ပိုးပေးနိုင်မှာမဟုတ်ပါဘူး။ American Academy of Pediatrics (AAP) ရဲ့အဆိုအရ ရင်သွေးအတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် D ပမာဏက 400 IUဖြစ်ပြီး အဲ့ဒီပမာဏကို ပြည့်မီဖို့ဆိုရင် မိခင်နို့သာမက တခြားဖြည့်စွက်အာဟာရတွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ဗီတာမင် D ဟာ အစားအစာတိုင်းမှာ ပါဝင်လေ့မရှိတာမို့ အဆိုပါဓာတ်ဖြည့်စွက်ထားတဲ့ Formula Milk တွေကိုလည်း အသုံးပြုလို့ရပါတယ်။ ကလေးတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပမာဏကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုရင် တစ်နေ့ကို နို့ ၃၂ အောင်စဝန်းကျင် ပုံမှန်မှီဝဲပေးဖို့ လိုအပ်မှာပါ။
ပရိုတင်း– ဘက်စုံဖွံ့ဖြိုးရေးအတွက်ဆိုရင်တော့ ပရိုတင်းကလည်း အရေးပါတဲ့ အရာပါပဲ။ ပရိုတင်းဟာ ခန္ဓာကိုယ်က တစ်ရှူးတွေရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါကြောင့် ပရိုတင်းဓာတ်ကို လုံလောက်အောင်ဖြည့်ဆည်းပေးတာကလည်း ခန္ဓာကိုယ် စဉ်ဆက်မပျက်ဖွံ့ဖြိုးနေစေဖို့အတွက် အရေးပါလှပါတယ်။
အမျှင်ဓာတ် – Fibre လို့ ခေါ်တဲ့ အမျှင်ဓာတ်တွေဟာလည်း ကလေးကြီးထွားမှုမှာ တစ်ခန်းတစ်နေရာကပါဝင်နေတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အမျှင်ဓာတ်က ကလေးတွေမှာ သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းအောင်လည်း ကူညီနိုင်ပါတယ်။
Antioxidants – Antioxidants တွေကတော့ ရောဂါတွေကို တိုက်ထုတ်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ ကျန်းမာပြီး ရောဂါကင်းဖို့အတွက်ဆိုရင် ဗီတာမင် C ၊ ဗီတာမင် E ၊ Beta-carotene နဲ့ Mineral Selenium တို့ပါဝင်နေတဲ့ Antioxidants တွေရဲ့ အကူအညီကိုလိုအပ်ပါတယ်။ သူတို့တွေက ကလေးတွေဆီကို ရောဂါတွေကူးစက်မလာအောင် တားဆီးပေးနိုင်တာကြောင့်ပါ။
သံဓာတ် – သံဓာတ် (Iron) ကတော့ သွေးနီဥတွေမှာ အဓိက လိုအပ်တဲ့ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးနိုင်ပါတယ်။ သံဓာတ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်ချက် ကောင်းမွန်မှုတွေအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပါ။
ကလေးတွေအတွက် အိပ်စက်ချိန်တွေက အရေးကြီးပါတယ်။ ကလေးဆိုတာ အရွယ်ကြီးလာလေ အိပ်ချိန်နည်းလာလေပါပဲ။ တကယ်တမ်းမှာတော့ ဦးနှောက်ရော၊ ခန္ဓာကိုယ်ပါ ဖွံ့ဖြိုးမှုအရေးကြီးနေတဲ့ ဒီအရွယ်တွေမှာ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ ညအိပ်ချိန်နဲ့ နေ့လယ်တစ်ရေးအိပ်ချိန်တွေကို အချိန်မှန် သတ်မှတ်ပေးပါ။
တီဗီ၊ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ အသုံးပြုမှုကို ကန့်သတ်ထားပါ။ အိပ်ရာနဲ့ အနီးအနားမှာမထားပါနဲ့။ ညအိပ်ချိန်ကိုလည်း ပုံမှန် သတ်မှတ်ပေးထားပါ။
(၃) ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးပေးပါ
ကလေးဘဝမှာ အမှတ်တရကောင်းလေးတွေနဲ့ ပျော်ရွှင်ရတဲ့ မိသားစုဘဝကို ဖန်တီးပေးတာကလည်း သူ့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အသုံးချဉာဏ်စွမ်းရည် ကောင်းမွန်စေမယ့် ဆေးတစ်ခွက်ပါပဲ။ မိဘရဲ့ ချစ်ခင်ဂရုစိုက်မှုနဲ့ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းလာတဲ့ ကလေးတွေက ပိုပြီး ထက်မြက်ထူးချွန်ကြပါတယ်။
(၄) ကိုယ်လက်လှုပ်ရှား ကစားခိုင်းပါ။
လမ်းလျှောက်တတ်တဲ့အရွယ်ကစလို့ ကိုယ်တိုင်လှုပ်ရှားနိုင်နေတဲ့ ကလေးတွေကို လွတ်လွတ်လပ်လပ် ဆော့ကစားခိုင်းပါ။ ကလေးငြိမ်အောင်လို့ ကစားစရာတွေ၊ ဂိမ်းတွေနဲ့ အိမ်ထဲပဲ မအောင်းခိုင်းပါနဲ့။
အပြင်ထွက်ပြီး အားကစားလုပ်တာ၊ ပျော်ပွဲစားထွက်တာ၊ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းတွေနဲ့ ကစားစေတာမျိုး ကိုယ်လက်လှုပ်ရှားမှု ဖန်တီးပေးသင့်ပါတယ်။ ဒါမှ အရိုးနဲ့ ကြွက်သား ဖွံ့ဖြိုးသန်မာတဲ့ ကလေးတွေ ဖြစ်လာစေမှာပါ။ ငယ်ရွယ်သေးတဲ့အရွယ်တွေမှာဆိုရင်တော့ ဖေဖေမေမေတွေပါ ကိုယ်တိုင်ပါဝင်ပူးပေါင်းနိုင်ရင် အကောင်းဆုံးပေါ့။
ဖွံ့ဖြိုးမှုကို ဘယ်အရာတွေက နှေးကွေးစေသလဲ
တစ်ခါတရံမှာ ကလေးတစ်ယောက် ဖွံ့ထွားမှုမရှိတာဟာ မိဘတွေဆီက မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။ ဥပမာ အရပ်အမောင်းလို ကိစ္စမျိုးတွေမှာပေါ့။ ကလေးတစ်ယောက်ဟာ အဖေနဲ့အမေအရပ်အမြင့်ထက်တော့ အများကြီးပိုမရှည်နိုင်ဘူးဆိုတာကို သတိပြုရပါမယ်။ နောက်ပြီး အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှုဟာ အစားအစာ၊ လှုပ်ရှားမှုပမာဏ၊ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရရှိတဲ့ အာဟာရ စတာတွေပေါ်မှာလည်း မူတည်ပါသေးတယ်။
ဒါ့အပြင် ယောကျ်ားလေးနဲ့ မိန်းကလေးကြီးထွားပုံခြင်း မတူပါတာကိုလည်း သတိချပ်ဖို့လိုအပ်ပါတယ်။ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေထက် ဖွံ့ဖြိုးကြီးထွားတာ နောက်ကျတတ်ပါတယ်။ လူပျိုဖော်ဝင်ချိန်ရောက်မှသာ တရှိန်ထိုး ကြီးထွားလာတာပါ။
တချို့သော ကျန်းမာရေးအခြေအနေတွေဟာလည်း ကလေးဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးနိုင်သလို အာဟာရ ပြည့်ဝစွာမရရှိခြင်းဟာလည်း ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်ပါတယ်။
ဒီအချက်တွေကို သတိမူပြီး လိုအပ်တဲ့အာဟာရဓာတ်တွေကို ပြည့်ဝစွာမှီဝဲစေတာ၊ ကိုယ်လက်လှုပ်ရှားဆော့ကစားစေတာတွေ စနစ်တကျပြုလုပ်ပေးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ကလေးဟာ ကိုယ်ခန္ဓာစနစ်တကျဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းလာမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။