backup og meta

မေမေ ဖြစ်ခြင်း အနုပညာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ ဖြစ်ခြင်း အနုပညာ

    မေမေ ဆိုတဲ့ အသံလေးကို ကလေးဆီက ပထမဆုံးကြားရတဲ့ ပျော်ရွှင်မှုကလေ လက်ရှိအချိန်ထိ မေမေတို့ ပင်ပန်းခဲ့ရသမျှကို အကုန်လွင့်ပျောက်သွားစေတယ် မဟုတ်လား။

    ကလေးတို့ရဲ့ မေမေဖြစ်ရတာ ပျော်လား လို့မေးရင် ဘယ်လိုဖြေကြမှာလဲ။ ခဏလောက် တွေဝေပြီးရင် ကိုယ့်ရဲ့ နောက်ဆုံးအဖြေက ပျော်တာပေါ့ ဆိုတာပဲ ဖြစ်ကြမှာပါ။ မေမေဘဝမှာ ပင်ပန်းလိုက်၊ ဝမ်းသာလိုက်၊ ဝန်ပိပြီး စိတ်ဓာတ်ကျလိုက်၊ ပျော်ရွှင်လိုက်၊ တက်ကြွလိုက်နဲ့ ရသတွေ စုံခဲ့ရတာကိုး။

    ဒါပေမယ့် သားသားမီးမီးတို့ မျက်နှာကို မြင်လိုက်ရတဲ့ မေမေတို့ရဲ့ ပီတိအပျော်က ပင်ပန်းခဲ့ရသမျှ အရာအားလုံးကို ချေဖျက်ပစ်လိုက်နိုင်ပါတယ်။

    မေမေ့မေတ္တာ သီတာရေစင်

    မိခင် တစ်ယောက် ဖြစ်ရတာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မေမေ့ရင်တွင်းက ပျော်ရွှင်မှုက အတိုင်းမသိ များနေတာ သေချာပါတယ်။ ကလေးတွေ ဘယ်လောက် ကဲကဲ၊ ဝေယျာဝစ္စ အလုပ်ဘယ်လောက် များများ အကုန်လုံးကို ထမ်းပိုး ထိန်းသိမ်းနိုင်တာ မေမေ့မေတ္တာကြောင့်ပေါ့။

    ဖေဖေနဲ့ တခြားမိသားစုဝင်တွေ ဘယ်လောက်ပဲ ကူညီတယ်ပြောပြော ကလေးရဲ့ အရင်းနှီးဆုံးနဲ့ အနီးဆုံးသူဟာ မေမေ ပါ။ သားသားမီးမီးတွေကို ဘေးမရှိအောင် ထိန်းရ၊ အာဟာရပြည့်အောင် ဂရုစိုက်ရ၊ လိမ္မာ အောင် သွန်သင်ရတာနဲ့ ဖတ်ဖတ်ကို မောရတာလည်း မေမေ ပါပဲ။

    မေမေ ဖြစ်ခြင်း အနုပညာ

    မေမေတစ်ယောက် ဖြစ်ဖို့ သင်တန်းတွေ၊ ဆရာတွေ မလိုပါဘူး။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ  အချိန်တန်တော့ သူ့အလိုလို တတ်မြောက်သွားကြတာပဲ မဟုတ်လား။ ဒါပေမယ့် လွယ်တဲ့အလုပ်တော့ မဟုတ်ခဲ့ပါဘူး။

    ကလေးက ကျန်းမာပါ့မလား

    ကိုယ့်သားလေး၊ သမီးလေး သူများတွေလို ကျန်းမာပါ့မလား။ အသေးအဖွဲ အမူအရာ၊ လက္ခဏာလေးတွေက အစ အရိပ်တကြည့်ကြည့်နဲ့ စိတ်ပူရတာ၊ အတွေ့အကြုံရှိသူတွေဆီ မေးရ၊ လေ့လာရနဲ့ စိတ်မောရတာပါပဲ။

    ကောင်းကောင်းဖွံ့ဖြိုးပါ့မလား

    ကလေးက ပုံမှန်ထွားလာရဲ့လား၊ တခြားကလေးတွေနဲ့ ယှဉ်ရင် ညှက်နေမလား၊ ဉာဏ်ရည်ထက်မြက်ရဲ့လား အမြဲ ဂရုစိုက်နေတာ မေမေပါ။

    ဒီအတွက် ဘာတွေလိုအပ်မလဲ အားဆေးလား အာဟာရလား ဘာလေးကျွေးရကောင်းမလဲ၊ ဘာလုပ်ပေးရကောင်းမလဲ ကောင်းနိုးရာရာ စုံစမ်းရတော့တာပေါ့။

    စာရော လိုက်နိုင်ရဲ့လား

    အိမ်ကနေ ဂရုစိုက်ပေးနေတာမို့ အပြင်ကိစ္စလည်း မေမေ မပါလို့ မဖြစ်ပြန်ပါဘူး။ ကျောင်းပညာရေးမှာရော စာလိုက်နိုင်ရဲ့လား ကြည့်ရပါသေးတယ်။ ကလေးရဲ့အောင်မြင်မှု အတွက် အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းတွေ ရှာလို့ ပင်မြင့်ကို တွန်းတင်ခဲ့တာ မေမေရဲ့လက်တစ်စုံ ပါပဲ။

    အမူအကျင့်လေးတွေ ကောင်းရဲ့လား

    ကလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ မိသားစု နဲ့ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှု အများကြီးပါဝင်ပါတယ်။

    ငယ်ငယ်ကတည်းက အမူအကျင့်ကောင်းလေးတွေ မွေးမြူပေးဖို့၊ လိုအပ်တာ ရှိရင် သွန်သင်တည့်မတ်ပေးဖို့၊ စည်းကမ်းပေးဖို့ ၊ ကလေး အမြင်မှာ စံပြ ဖြစ်အောင် နေပြဖို့ မိဘတွေမှာ တာဝန် ရှိနေတာပါ။ ဒီတာဝန်မှာ အနီးဆုံး ဖြစ်တဲ့ မေမေက ပိုပြီး ပင်ပန်းရတာ အသေအချာ ပါပဲ။

    ဒါကြောင့် မေမေတွေကို စူပါမေမေတွေလို့ ပြောရင် မလွန်ပါဘူးနော်။ ဘက်စုံထူးချွန်တဲ့ ကလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ စူပါမေမေရှိတယ်ဆိုတာက အမှန်တကယ်ပါ။

    လူလားမြောက်လာတဲ့ ခရီးလမ်းတစ်လျှောက် ကလေးတစ်ယောက်ကို ဒီလိုအသေးစိတ် ပုံသွင်းပျိုးထောင်လာခဲ့ရတဲ့ မိခင်ဘဝထက် အနုပညာဆန်တာ ရှိပါဦးမလား။

    ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ကလေးတို့ရဲ့ အပြုံးတစ်ချက်၊ ခိုးခိုးခစ်ခစ်ရယ်သံတစ်ချက်နဲ့တင် မေမေတို့ အမောပြေရတာပဲ မဟုတ်လား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement