backup og meta

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

    သင့်ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို အသုံးပြုပြီး လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမှန်သမျှဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း စသဖြင့် ကိုယ်လက်လေ့ကျင့်ခန်းဟာလည်း မျိုးစုံရှိပါတယ်။ အဆိုပါလေ့ကျင့်ခန်းများဟာ ပြုလုပ်သူများအတွက် ကိုယ်ရောစိတ်ပါ လန်းဆန်းတက်ကြွစေပြီး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အခုတစ်ခေါက်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ ကတေ့

    ၁။ ပျော်ရွှင်ခြင်း

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်စေပြီး စိတ်ပူခြင်း၊ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း စတာတွေကို သက်သာစေပါတယ်။ ဆီရိုတိုနင်၊ နော်အပီနက်ဖရင်း စတဲ့ဟော်မုန်းတွေကို ဦးနှောက်ကနေ ပိုမိုခံစားနိုင်ပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။

    ဒါ့အပြင် အင်ဒေါ်ဖင်ဟော်မုန်းကို ပိုမိုထွက်စေတာကြောင့် အကောင်းမြင်တဲ့ ခံစားချက်တွေကို တိုးလာစေပြီး နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

    ဒီနေရာမှာ လေ့ကျင့်ခန်းရဲ့ ပြင်းထန်မှုက အဓိကမကျပါဘူး။ သက်သာတဲ့ လေ့ကျင့်ခန်းဖြစ်စေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။

    ၂။ ကိုယ်အလေးချိန်ကျစေခြင်း

    သင့်ရဲ့ကိုယ်ခန္ဓာဟာ စွမ်းအင်တွေကို နည်းလမ်းသုံးမျိုးနဲ့ အသုံးပြုပါတယ်။ အစားအစာကို ချေဖျက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ခန္ဓာကိုယ်လုပ်ငန်းတာဝန်များ (နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း) လုပ်ဆောင်ခြင်း စသဖြင့် ဖြစ်ပါတယ်။

    Diet လုပ်နေချိန်မှာ ကယ်လိုရီနည်းပြီး ဇီဝဖြစ်ပျက်မှုကိုနှေးစေတာကြောင့် ကိုယ်အလေးချိန်ကျဖို့ကို နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် တဖက်မှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရင်းနဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ပြန်တက်စေပြီး ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေခြင်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

    ၃။ ကြွက်သားနှင့်အရိုးများကို တောင့်တင်းခိုင်မာစေခြင်း

    အလေးမလေ့ကျင့်ခန်းလို အားသုံးရတဲ့ လှုပ်ရှားမှုတွေဟာ ကြွက်သားတွေ တည်ဆောက်ရာမှာ အသုံးဝင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ကြွက်သားတွေကနေ အမိုင်နိုအက်ဆစ်ကို စုပ်ယူရာမှာ အားပေးတဲ့ ဟော်မုန်းတွေထွက်လာစေလို့ ဖြစ်ပါတယ်။

    လူသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ကျုံလှီသွားပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ကျဆင်းသွားတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းတွေ ကြုံနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်းဟာ ကြွက်သားတွေ တောင့်တင်းခိုင်မာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အတွက် အရိုးများရဲ့ သိပ်သည်းဆကို တိုးတက်ကောင်းမွန်စေပါတယ်။ နောင် အသက်ကြီးလာရင် အရိုးပွခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၄။ နာတာရှည်ရောဂါများဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း

    ပုံမှန် ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းဟာ နာတာရှည်ရောဂါများရဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အင်ဆူလင် အာရုံခံအား မြင့်တက်ကောင်းမွန်ခြင်း၊ နှလုံးနှင့်သွေးကြော ကျန်းမာရေးကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တောင့်တင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေတာကြောင့် နာတာရှည်ဖြစ်စေနိုင်တဲ့ ရောဂါဘယတွေကနေ ကင်းဝေးစေပါတယ်။

    တစ်ဖက်က ကြည့်မယ်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် ဝမ်းဗိုက်အဆီတက်ခြင်း၊ အမျိုးအစား ၂ ဆီးချို ဖြစ်နိုင်ခြေမြင့်တက်စေခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ငယ်ရွယ်စဉ် သေဆုံးခြင်း စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ၅။ အသားအရေကို ကောင်းမွန်စေခြင်း

    လူသားတို့ ခန္ဓာကိုယ်ဟာ ဓာတ်တိုးပစ္စည်းများရဲ့ ဖိအားကြောင့် တဖြည်းဖြည်းယိုယွင်း ပျက်စီးလာပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းသာမက အရေပြားပါ ပျက်စီးလာပါတယ်။ အင်အားအသင့်အတင့်ပဲ သုံးရတဲ့ လေ့ကျင့်ခန်းများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို သဘာဝအလျောက် ထွက်လာစေလို့ ဆဲလ်တွေပျက်စီးခြင်းကနေ သက်သာစေပါတယ်။

    ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ အရေပြားဆဲလ်တွေကို အိုမင်းရင့်ရော်ခြင်းကနေ နှေးကွေးသွားစေပါတယ်။

    ၆။ ဦးနှောက်နှင့်မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း

    လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေကို တိုးတက်လုပ်ဆောင်နိုင်စေပြီး မှတ်ဉာဏ်နဲ့ အတွေးအခေါ်စွမ်းရည်တွေကို တိုးတက်စေပါတယ်။ နှလုံးခုန်နုန်းကို မြန်စေတာကြောင့် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် ပိုရောက်စေနိုင်ပါတယ်။

    ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးကြီးထွားမှုကို အားပေးတဲ့ ဟော်မုန်းတွေ ပိုမိုထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။

    ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဟဟ်ပိုကမ်းပတ်စ်လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ဖွံ့ဖြိုးစေပါတယ်။ အဆိုပါ အစိတ်အပိုင်းဟာ မှတ်ဉာဏ်နဲ့ သင်ယူမှုစွမ်းရည်ကို ပိုကောင်းစေပါတယ်။ အသက်ကြီးလာတဲ့အခါ ကြုံလာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အတိုင်းအတာတခုအထိ ကာကွယ်ပေးပါတယ်။

    ၇။ ကောင်းစွာ အိပ်စက်နိုင်စေခြင်း

    လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ပေးခြင်းဟာ လူကို သက်သောင့်သက်သာနဲ့ပြေလျော့စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အသုံးပြုလိုက်တဲ့ စွမ်းအင်တွေကို အိပ်စက်ချိန်မှာ ပြန်လည်ဖြည့်တင်းပေးတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်စဉ်မှာ တက်လာတဲ့ ကိုယ်ခန္ဓာအပူချိန်ဟာ အိပ်စက်ချိန်မှာ ပြန်လည်ကျဆင်းပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

    ကောင်းကောင်းအိပ်မပျော်တဲ့ သက်ကြီးပိုင်းတွေအနေနဲ့လည်း လေ့ကျင့်ခန်း ပြုလုပ်ရင် ကောင်းစွာ အိပ်စက်လာနိုင်မှာ ဖြစ်ပါတယ်။

    ၈။ နာကျင်မှုကို သက်သာစေခြင်း

    လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ နာတာရှည် နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ နာတာရှည် ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပခုံးသားများ နာကျင်ခြင်း စတဲ့ ကာလရှည်ကြာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ထိခိုက်နာကျင်မှုဒဏ်ကို ပိုပြီးခံနိုင်ရည် ရှိစေပါတယ်။

    ၉။ လိင်မှုကိစ္စကို ပိုမိုကောင်းမွန်စေခြင်း

    လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နှလုံးနဲ့သွေးကြောစနစ်ကို ပိုမိုအားကောင်းစေပါတယ်။ သွေးလည်ပတ်မှုကောင်းတာကြောင့် လိင်စိတ်ဆန္ဒအတွက် အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေကြောင့် လိင်ဆက်ဆံစဉ် လှုပ်ရှားမှုရော ခံစားမှုကိုပါ ပိုမိုကောင်းမွန်စေပါတယ်။

    အသက်လေးဆယ်အရွယ် အမျိုးသမီးတွေကို ပြုလုပ်ခဲ့တဲ့ သုတေသနအရ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး နေထိုင်မှုပုံစံပြောင်းလဲပြီးချိန်မှာ လိင်စိတ်ဆန္ဒပြည့်ဝမှု ပိုမိုခံစားရတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့လည်း စွမ်းဆောင်ရည်ပိုတက်လာတယ်လို့ သိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement