backup og meta

ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။

    ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတာက မကြာသေးခင် နှစ်ကာလတွေအတွင်း တော်တော်လေး အဖြစ်များ လာပါတယ်။ ကလေးတွေ အဝလွန်တာ၊ အာဟာရချို့တဲ့မှု ပြဿနာတွေ မြင့်တက်လာမှုနဲ့အတူ ကလေး​ညှက်တဲ့ကိစ္စကလည်း အတွေ့ရများပါတယ်။ ကလေးညှက်တာက မိဘတွေအတွက် စိုးရိမ်စရာကောင်းသလို ကလေးတွေကိုယ်တိုင်အတွက်က ပိုလို့တောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့ကို ညှက်တာမျိုး မဖြစ်စေဖို့ ဖေဖေမေမေတို့ အနေနဲ့ ဘာတွေသတိထားကြရမလဲဆိုတာကို ဒီဆောင်းပါးက ပြောပြပေးသွားမှာပါ။ ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

    ကလေးညှက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ။

    ကလေးညှက်တယ် ဆိုတာက ကလေးတစ်ယောက်မှာ အသက်အရွယ်အရ ရှိသင့်တဲ့ အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် ရှိမနေတာမျိုးပါ။ ရွယ်တူတွေထဲမှာ ပုနေတာ၊ သေးနေတာမျိုးပေါ့။ နောက်တစ်ခုက ကလေးက အသက်အရွယ်အရ လုပ်သင့်တဲ့ လှုပ်ရှားမှုတွေကို မလုပ်ဆောင်နိုင်တာမျိုးပါ (ဥပမာ စကားပြောနောက်ကျနေတာ၊ လမ်းမလျှောက်သေးတာမျိုးပေါ့)။ အာဟာရ ပြည့်ဝလုံလောက်မှုမရှိတာဖြစ်ဖြစ်၊ ရောဂါတွေကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျနိုင်ပါတယ်။

    ကမ္ဘာတစ်လွှားမှာ အသက် ၅ နှစ်အောက် ကလေး သန်း ၁၅၀ လောက်က ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒါက အချိန်ကြာမြင့်စွာ အာဟာရ လုံလောက်ပြည့်ဝစွာ မရရှိမှုကနေ စတင်လာတဲ့ နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်လို့ ဆိုရပါမယ်။

    ကလေးက ညှက်နေတယ် ဆိုတာကို သိနိုင်မယ့် လက္ခဏာတွေ

    ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိဘူးဆိုတာက ကလေးက

    • ရှိသင့်တဲ့ အရပ်အမြင့်မရှိဘဲနေမယ်
    • ကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေမယ်
    • ကိုယ်ခံအားနည်းမယ် (ခဏခဏ ဖျားမယ်၊ ရောဂါဝင်လွယ်မယ်)
    • လက်မောင်းတွေ၊ ခြေထောက်တွေက ခန္ဓာကိုယ် နဲ့ အချိုးအစား မမျှဖြစ်နေမယ်
    • အားမရှိသလို ဖြစ်နေမယ်
    • အသားအရေက စိုပြေမှု မရှိတာမျိုး ဖြစ်နေမယ်
    • သင်ယူနိုင်စွမ်းနည်းနေမယ်
    •  အာရုံစူးစိုက်နိုင်စွမ်းမရှိဘဲနေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အာဟာရမပြည့်ဝမှုကြောင့် ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတာက ရေရှည်မှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု

    ကလေးက ပုံမှန်ကြီးထွားနေစေဖို့ဆိုရင် ပထမ ၅ နှစ်တာမှာ အချိန်ပြည့် သေချာလေး ဂရုစိုက်ရပါမယ်။ အာဟာရဖြည့်တင်းမှု ကစလို့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန် တိုင်းတာမှုတွေ အထိပေါ့။ ကလေးက ပုံမှန်ထက် ကြီးထွားဖွံ့ဖြိုးမှု နှေးနေတာလားဆိုတာကိုအမြင်သာဆုံးအချက်က အရပ်အမြင့်ပါ။ ကလေးတစ်ယောက်က ပုံမှန် ကြီးထွားဖွံ့ဖြိုးမှုအနေနဲ့

    • မွေးစ ကနေ ၁ နှစ်တာ ကာလအတွင်း အရပ်အမြင့် ၁၀ လက်မ တိုးလာရမယ်
    • ၁ နှစ် ကနေ ၂ နှစ်တာ ကာလအတွင်း အရပ်အမြင့် ၅ လက်မတိုးလာရမယ်
    • ၂ နှစ် ကနေ ၃ နှစ်တာ ကာလအတွင်း အရပ်အမြင့် တစ်နှစ်ကို ၃ လက်မခွဲလောက် ပုံမှန်တက်လာရပါမယ်
    • ၃ နှစ် ကနေ ဆယ်ကျော်သက်အထိ ကာလမှာတော့ တစ်နှစ်ကို အရပ်အမြင့် ၂ လက်မစီလောက် ပုံမှန်တိုးနေရပါမယ်။ ဒီကာလမှာတော့ သားသား၊ မီးမီးကွာခြားမှုအလိုက် အရပ်အမြင့် ကွာခြားတာမျိုးရှိနိုင်ပါတယ်။

    ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။

    ကလေးတစ်ယောက်ကို ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိရခြင်းက အချက်အလက်တွေ အများကြီးပေါ် မူတည်ပါတယ်။

    အာဟာရချို့တဲ့မှု 

    ကလေးတွေမှာ လုံလောက်တဲ့အာဟာရဓာတ် မရရှိခြင်းက ကြီးထွားဖွံ့ဖြိုးမှု နှေးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။ ကလေးကို မွေးစကနေ ၆ လအထိ မဖြစ်မနေ မိခင်နို့တိုက်ကျွေးရချိန်မှာ မိခင်ကိုယ်တိုင်က အာဟာရ ပြည့်ဝအောင် မစားမိတာကြောင့် ဖြစ်နိုင်သလို ကလေးအစားစစားချိန်မှာ ပြည့်ဝလုံလောက်တဲ့ အာဟာရကို မကျွေးမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ကလေးကို ကြီးထွားဖွံ့ဖြိုးမှု နှေးတာမျိုး မဖြစ်စေဖို့ဆိုရင် နေ့စဉ် အစားအသောက်ပြင်ဆင်တဲ့အခါ

    • ခန္ဓာကိုယ်ကြီးထွားစေဖို့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီ၊
    • မျက်စိနဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ DHA၊
    • အူလမ်းကြောင်းလေး ကျန်းမာပြီး ဝမ်းခဏခဏ မလျှောဖို့ Prebiotics( အကျိုးပြုဘက်တီးရီးယား အာဟာရ)၊
    • ရောဂါကာကွယ်စေဖို့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E၊ ဇင့်ဓာတ်၊ သံဓာတ်၊
    • အရပ်ရှည်ပြီး အရိုးတွေ သန်မာဖို့ ကယ်လ်ဆီယမ်တို့ ပြည့်ဝလုံလောက်အောင် ကျွေးမွေးရပါမယ်။

    သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ

    ရေဓာတ်ကလည်း ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်ပါမယ်။ဒါ​ကြောင့် ကလေးကို သန့်ရှင်းတဲ့ သောက်သုံးရေ တိုက်ကျွေးပေးဖို့လည်း လိုပါမယ်။ ရေမသန့်ရှင်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်ပြီး အာဟာရ စုပ်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါက အာဟာရချို့တဲ့မှုကို ဖြစ်စေပြီး အကျိုးဆက်ကတော့ ကိုယ်ခံအား နည်းစေတာ၊ ကလေးရဲ့ ကြီးထွားဖွံ့​ဖြိုးကို ထိခိုက်တာတွေ ဖြစ်လာပါတော့တယ်။

    တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ

    ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးဖို့ အားနည်းတာကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နောက်ကျစေပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာက ကလေးရဲ့ ကိုယ်ခံအားကို ထိခိုက်စေပြီး အာဟာရတွေကို ရောဂါ ခုခံရေးမှာ အသုံးပြုရတာကြောင့် ကြီးထွားဖွံ့ဖြိုးဖို့အတွက် မထောက်ပံ့နိုင်တဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု နှေးတဲ့ ပြဿနာ ဖြစ်လာရပါတယ်။

    ရောဂါတွေ ကူးစက်ခံရတာ

    ငယ်ရွယ်စဉ်မှာ ခဏခဏ ဖျားနာတာ၊ ရောဂါပိုးကူးစက်ခံရတာတွေကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကလေးညှက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    ကြီးထွားဖွံ့ဖြိုးမှုနောက်ကျတာက ဘာတွေများထိခိုက်စေမလဲ။

    ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အပေါ်မှာပါ သက်ရောက်မှု ရှိနေတာပါ။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ ပထမ ၅ နှစ်တာမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု စတင်တယ်၊ ဦးနှောက် ဖွံ့ဖြိုးတယ်၊ ပထမဆုံး မှတ်ဉာဏ်တည်ဆောက်တယ်၊ ကိုယ်ခံအား တည်ဆောက်တယ်၊ အမြင်အာရုံ နဲ့ သင်ယူသိမြင်နိုင်စွမ်းတွေ တည်ဆောက်ပါတယ်။ ဒီကာလမှာ အာဟာရမပြည့်ဝမှုက ကလေးကို အသက်အန္တရာယ် ထိခိုက်စေတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။

    ကြီးထွားမှု နောက်ကျတာမှာ အမြင်သာဆုံး အချက်တစ်ခုက ကလေးက အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်အမြင့် ရှိမနေတာပါ။ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာက ကာလတိုမှာတောင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှု နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကိုပါ ထိခိုက်စေတာကြောင့် ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါက ရေရှည်မှာ ကလေးရဲ့ သင်ယူနိုင်စွမ်း နဲ့ ဘဝ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မှုကိုပါ ထိခိုက်စေမှာပါ။

    ဘယ်လိုကာကွယ်မလဲ။

    ကလေး​ကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ ကာကွယ်လို့ရပါတယ်။ အကောင်းဆုံးကတော့ ကလေးကို ငယ်စဉ်ကာလမှာ အာဟာရပြည့်ဝလုံလောက်အောင် ဂရုစိုက်ပေးတာပါပဲ။ ဒါကြောင့် ကလေးကို ကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ဆိုရင်

    အာဟာရပြည့်ဝအောင်ကျွေးပါ။ အပေါ်မှာ ပြောခဲ့သလို ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်​တွေ ပြည့်ဝလုံလောက်အောင် ကျွေးပေးပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ ကလေးကို လက်ဆေးတာကစလို့ လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အချိန်တိုင်းမှာ သေချာ ဂရုစိုက်ပါ။

    ရေဓာတ်ပြည့်ဝပါစေ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပါဝင်ဖွဲ့စည်းထားတဲ့ရေဓာတ်ကို သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကနေ ဖြည့်တင်းပေးပါ။ အာဟာရဖြည့်နို့တွေကို တိုက်ပေးမယ်ဆိုရင်လည်း ရေဓာတ်ရော လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ဖြည့်ပေးနိုင်မှာပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ ကလေးကို ငယ်စဉ်ကတည်းက သီချင်းဖွင့်ပြီး ကတာမျိုး၊ လေ့ကျင့်ခန်းအတူတူ လုပ်တာ၊ လမ်းလျှောက်တာမျိုး သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်ဖြစ်အောင် ဂရုစိုက်ပါ။

    ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုပေးပါ။ ကလေးကို ပုံမှန် ကိုယ်အလေးချိန်တိုင်းတာ၊ အရပ်တိုင်းတာကစလို့ ကာကွယ်ဆေးထိုးတာအဆုံး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို သေချာဂရုစိုက်ပါ။ ကလေးက အခြားကလေးတွေလောက် မထွားဘူး။ သွက်လက်မှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပေးပါ။

    ကလေးကို လုံလောက်တဲ့အာဟာရဖြည့်ပေးပြီး မေမေ့မေတ္တာနဲ့ နွေးထွေးကြင်နာမှုကို အပိုထပ်ဆောင်းဖြည့်လို့ ရင်နှစ်သည်းချာ သားသားမီးမီးတို့ကို ကြီးထွားမှုနောက်ကျခြင်း ကင်းအောင် ပျိုးထောင်နိုင်ကြပါစေ မေမေတို့ရေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement