home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်

ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်

အူဝဲလို့အော်ရင်းလူ့လောကထဲကိုရောက်လာတဲ့ သားသားမီးမီးလေးအတွက် အကောင်းဆုံးတွေပဲပြင်ဆင်ထားပေးချင်တဲ့မေမေဖေဖေတို့ရေ….. အခုတစ်ခေါက်တော့ဘေဘီလေးတစ်ယောက် တစ်နေ့တာမှာ အချိန်အားဖြင့် နာရီ ၂၀လောက်ကုန်ဆုံးနေရတဲ့ ပုခက် လေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ဆွေးနွေးကြမယ်နော်။

တစ်နေ့တာမှာ အချိန်များစွာကုန်ဆုံးနေရတဲ့နေရာလေးတစ်ခုက အဆင်ပြေမှဘေဘီလေးလည်း သက်တောင့်သက်သာဖြစ်ပြီးမေမေတို့လည်း စိတ်ချမ်းသာတော့မပေါ့။ ဒီသက်တောင့်သက်သာနေရာလေးက သက်တောင့်သက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေးပြန်ပါဘူး။ အန္တရာယ်ကင်းဖို့လည်း လိုပါမယ်။ ဒါမှ အတိမ်းအစောင်းလုံးဝခံလို့မဖြစ်တဲ့ နုနယ်လှတဲ့ဘေဘီလေးကို ဘေးကင်းကင်းနဲ့ ကြီးပြင်းစေနိုင်တော့မှာပေါ့။

ဘေဘီလေးအတွက်ဘေးကင်းစိတ်ချရတဲ့ ပုခက် ရွေးတဲ့အခါ

ဈေးကြီးမှလား……..

မဟုတ်ပါဘူး။ဈေးနှုန်းထက် အရည်အသွေးကိုဂရုစိုက်ရပါမယ်။ အရည်အသွေးညံ့တဲ့ပစ္စည်းတွေက ထိခိုက်စေနိုင်ခြေပိုများတာကြောင့် အတိမ်းအစောင်းခံလို့မဖြစ်တဲ့ဘေဘီလေးတို့အတွက် အရည်အသွေးစိတ်ချရဖို့က အရင်ဆုံးစဉ်းစားရမှာပါ။

ဒီဇိုင်းဆန်းမှလား………

ဒီဇိုင်းကို ကလေးကနားမလည်သေးပါဘူး။မွေးကင်းစကလေးနားလည်မှာက အိပ်ရတာသက်တောင့်သက်ဖြစ်ဖို့ပါ။ ဒီတာ့ ဒီဇိုင်းဆန်းဖို့ထက် ကလေးအတွက်ရောမေမေအတွက်ပါ အဆင်ပြေဆုံးဖြစ်မှာကိုရွေးပါ။ ဒီနေရာမှာဘေဘီအတွက်ပြီးရင်မေမေ့အတွက် ကလေးကိုပွေ့ချီရလွယ်တဲ့ ဒီဇိုင်းမျိုးဖြစ်ဖို့ ဂရုစိုက်ရပါမယ်။

စိတ်ချရရဲ့လား………

ဒါကလည်းမေ့ထားလို့မဖြစ်ပြန်ပါဘူး။မေတ္တာအပြည့်နဲ့ ကိုယ်ဝယ်ပေးမယ့် ပုခက်လေးကဘေဘီလေးကို ထိခိုက်တာမျိုးမဖြစ်ချင်လောက်ဘူးဟုတ်။ ဒီတော့ ပုခက်မဝယ်ခင်မှာ ကိုယ်ဝယ်ယူမယ့် ပုခက်ကဈေးကွက်ထဲမှာ ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်ပြီးထောက်ခံချက်ရရှိထားလားဆိုတာကိုသေချာလေးဂရုစိုက်စေချင်ပါတယ်။

ခပ်မြင့်မြင့်မှဖြစ်မှာလား……..

ကလေးအရွယ်ရောက်လာတဲ့အထိပါ အဆင်ပြေအောင်ဆိုပြီး ပုခက်ကို ခပ်မြင့်မြင့်ဝယ်ဖို့ စဉ်းစားမိနိုင်ပါတယ်။ တကယ်ကတော့ ပုခက်ကမြင့်ဖို့မလိုပါဘူး။ နိမ့်လေဘေဘီလေးအတွက်ဘေးကင်းလေးပါ။ အကြောင်းကတော့ မတော်တဆလိမ့်ကျတဲ့အခါ အထိမနာစေဖို့ပါ။

ပုခက်တိုင်အကွာအဝေးကို ဂရုစိုက်ဖို့လိုလား…….

လိုပါမယ်။ ပုခက်ကတိုင်လေးတွေနဲ့လုပ်ထားမယ်ဆိုရင် တိုင်တစ်ခုနဲ့ တစ်ခုအကွာအဝေးက အရမ်းဝေးမနေဖို့ ဂရုပြုပါ။ ဒါမှ ကလေးခေါင်းညှပ်တာမျိုး၊ မတော်တဆချောထွက်သွားတာမျိုးတွေမဖြစ်မှာပါ။ တစ်တိုင်နဲ့တစ်တိုင် ၂ လက်မ ကနေ ၈ လက်မခြားထားတာက အဆင်အပြေဆုံးအကွာအဝေးပါ။

စောင်အထူကြီးတွေထည့်ရမှာလား……….

နူးညံ့တဲ့ အခင်းပါးပါးလေးတစ်ခုနဲ့သေးခံနဲ့ဆိုရင်ကို လုံလောက်ပါပြီ။ ရုပ်ရှင်တွေထဲကလို ရုပ်တွေခေါင်းအုံးတွေမလိုပါဘူး။မွေးစကလေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ခေါင်းအုံးမလိုသလို အရုပ်တွေလည်း မလိုပါဘူး။ နူးညံ့တဲ့ အခင်းတစ်ခုနဲ့တင်လုံလောက်ပါပြီ။

ထောင့်ချိုးလေးတွေ ဂရုစိုက်ဖို့လိုလား……….

လိုပါတယ်။ထောင့်ချိုးလေးတွေက ခပ်လုံးလုံးလေးတွေဆိုရင် အဆင်ပြေဆုံးပါ။ ဒါမှမေမေရောဘေဘီရောထိခိုက်မှုနည်းမှာပါ။

သန့်ရှင်းရေးလုပ်ဖို့လိုလား………..

ကလေးကို ပုခက်ထဲထည့်မသိပ်ခင် ပုခက်မှာရှိနေနိုင်တဲ့ ဖုန်မှုန့်တွေနဲ့ ပုရွက်ဆိတ်လိုမျိုး အကောင်လေးတွေရှိမနေစေဖို့ ခါပေးရပါမယ်။ တစ်ပတ်တစ်ခါ အခင်းတွေလျှော်ပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။ အခင်းတွေကို တင်းတင်းရင်းရင်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ထားပါ။ ဒါမှ ကလေးကို အခင်းနဲ့ပတ်မိနေတာမျိုး ကလေးမျက်နှာပေါ်ကို အခင်းအုပ်မိနေတာမျိုးတွေမဖြစ်မှာပါ။

ကျိုးနေတာရှိ၊မရှိစစ်ဆေးပါ………

ကလေးရဲ့ ပုခက်မှာ ဝက်အူလျော့နေလား၊ တန်းကျိုးနေလား၊ ပျက်စီးမှုတစ်စုံတစ်ခုခုများရှိနေလားဆိုတာကို ပုံမှန်စစ်ဆေးပါ။ ဒါမှဘေဘီလေး မလိုအပ်ဘဲ ထိခိုက်မိတာမျိုးမရှိမှာပါ။

ပြတင်းပေါက်နားမှာမထားပါနဲ့…….

မလိုလားအပ်တဲ့ပြဿနာတွေ၊ ထိခိုက်မှုတွေကို ကာကွယ်နိုင်စေဖို့အတွက် ကလေးရဲ့ ပုခက်ကိုပြတင်းပေါက်နားမှာ တံခါးပေါက်တွေနားမှာ၊ မှန်ချပ်တွေနား၊ အခန်းထောင့်ချိုး မျက်ကွယ်တွေမှာ မထားပါနဲ့။

အလေးချိန်ကို စစ်ဆေးပါ……

ကလေးကနေ့စဉ်နဲ့အမျှမေမေစောင့်ရှောက်ပေးမှုကောင်းရင်ကောင်းသလို ကိုယ်အလေးချိန်ကလည်း တိုးလာမှာပါ။ ကလေးထွားလာတဲ့ အလေးချိန်ကို လိုက်ပြီး ပုခက်ကိုလည်းပြောင်းလဲပေးဖို့လိုမှာပါ။ နှစ်သားကလေးကို လသားအရွယ်အိပ်တဲ့ ပုခက်နဲ့တော့မသိပ်ပါနဲ့။ ကလေးက ၄ လလောက်ရောက်လာပြီဆိုရင် ပုခက်လဲပေးဖို့ စဉ်းစားပါ။

ကိုယ်တွေကတော့ မိရိုးဖလာအတိုင်း အဝတ်ပုခက်နဲ့ပဲသိပ်တယ်

မြန်မာနိုင်ငံမှာ ကလေးတွေကို ပုခက် နဲ့သိပ်တယ်ဆိုတာက သစ်သားပုခက်မျိုးမဟုတ်ဘဲစောင်လိုမျိုးအဝတ်တစ်ခုခုကို တန်းမှာ ကြိုးနဲ့သေချာချည်ပြီး သိပ်တာပါ။ ဒီလိုသိပ်တဲ့အခါမှာလည်း သတိထားစရာလေးတွေရှိပါတယ်။

  • တန်းက ကလေးရဲ့ဝန်ကိုခံနိုင်ရည်ရှိဖို့
  • အဝတ်ကခိုင်ခန့်မှုရှိဖို့
  • အဝတ်စကနူးညံ့မှုရှိဖို့ (ချည်စောင်လေးတွေဆို အဆင်အပြေဆုံးပါ)
  • ကြိုးကခိုင်ခန့်မှုရှိဖို့
  • ပုခက်အရမ်းမမြင့်ဖို့
  • သိပ်ခါနီးတိုင်း ပုခက်ခါဖို့
  • တစ်ပတ်တစ်ခါစောင်လဲပြီးလျှော်ပေးဖို့
  • ပုခက်တစ်ဖက်နဲ့ တစ်ဖက် အကွာအဝေးအရမ်းမနီးဖို့ကို ဂရုစိုက်ပေးရပါမယ်။

ကဲ…ဖေဖေမေမေတို့ရေ ဒီအချက်လေးတွေကို လိုက်နာလို့ဘေဘီလေးအတွက်ဘေးကင်းစိတ်ချရတဲ့ ပုခက်လေးကို လုပ်ပေးလိုက်ရအောင်လား…………….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။