backup og meta

ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ

    ကိုယ့်ရဲ့ ရင်နှစ်သည်းချာလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ဖြတ်ထိုးဉာဏ် ကောင်းကောင်း၊ ပေါင်းသင်းဆက်ဆံမှု ကောင်းကောင်းနဲ့ ထက်ထက်မြက်မြက် ကြီးပြင်းလာစေချင်တယ်ဟုတ်။

    ဒါဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဂရုစိုက်ရမယ့် အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဘာများဖြစ်မလဲ ဆိုပြီး သိချင်နေပြီလား …. ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    သားသားမီးမီးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ပြောင်းလဲစေတဲ့အရာ

    ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေဖို့ ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ကလေးတွေဟာ အတုမြင် အတတ်သင်လွယ်ပြီး ငယ်စဉ်မှာ မြင်တွေ့သင်ယူခဲ့ရတဲ့အတိုင်း ကြီးပြင်း အရွယ်ရောက်လာတတ်ပါတယ်။

    ကလေး အများစုဟာ သူတို့လေးတွေ ကြီးပြင်းမှု ဖြစ်စဉ်တလျှောက် သူတို့လေးနားမှာ ရှိတဲ့ အနီးဆုံးသူ ၅ ဦးရဲ့ အလေ့အကျင့်ကို ယူကြတာပါ။ ဒီလို အလေ့အကျင့်တွေကို အတုယူတဲ့အခါ ကောင်းတာတွေ ပါသလို မသင့်တော်တဲ့ အလေ့အထတွေလည်း ပါဝင်နေနိုင်ပါတယ်။

    ဒါကြောင့် ဒီလို မြင်ရင်သင်တတ်တဲ့အရွယ်မှာ အလေ့အကျင့်ကောင်းလေးတွေပဲ သင်ယူမိအောင်တော့ မေမေတို့က သေချာလေး ဂရုစိုက် ပျိုးထောင်ဖို့ လိုပါမယ်။

    ဒါမှလည်း ကလေးက ထက်ထက်မြက်မြက်လေး ကြီးပြင်းလာမှာပါ။

    ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ

    ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ

    ငယ်စဉ်က သင်ယူခဲ့ရတဲ့အတိုင်း ကလေးတွေက ကြီးပြင်း အရွယ်ရောက်လာတာပါ။ ငယ်စဉ်မှာ မေမေတွေရဲ့ ပျိုးထောင်မှုအတိုင်း ကလေးရဲ့ ဦးနှောက်၊ ဉာဏ်ရည်ဉာဏ်ရည်သွေး၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်တွေ ဖွံ့ဖြိုးလာကြပါတယ်။

    ဒီတော့ ကလေးကို ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး ပိုင်ဆိုင်ချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက သေချာ ဂရုတစိုက် ပျိုးထောင်ဖို့ အရင်ဆုံး ပြောချင်ပါတယ်။

    ဒီတော့ ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ ဘယ်လို ပျိုးထောင်မယ် စိတ်ကူးလဲ မေမေဖေဖေတို့ရေ…….

    ဒီလို ပျိုးထောင်ရာမှာ အရေးကြီးတဲ့ လိုက်နာစရာ အချက်တစ်ခု ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ ကလေးကို အကောင်းဆုံး ပျိုးထောင်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ပါ။ ပြီးရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

    • ကလေးကို ဆူပူနေတာမျိုး မလုပ်ပါနဲ့။

    ဒီလို လုပ်ဆောင်တာက ကလေးကို အပြစ်တင်တတ်သူတစ်ယောက်အနေနဲ့ ပုံဖော်လိုက်သလို ဖြစ်သွားနိုင်တာကြောင့်ပါ။ ကလေးက ငယ်သေးလို့ နားမလည်သေးဘူးဆိုရင်တောင် ဖေဖေမေမေ ဘာပြောချင်လဲဆိုတာကို ခံစားမိပါတယ်။

    • ကလေးကို ရွယ်တူအခြားကလေးတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ကို လုံးဝဖျောက်ပါ။

    ကလေးကို အခြားကလေးနဲ့ နှိုင်းပြီး ဆူတာမျိုးပါ။ ဟိုဘက်အိမ်က ကလေးက ‌လမ်းလျှောက်နေပြီ၊ နင်က မတ်တပ်‌တောင် မရပ်နိုင်သေးဘူးလား စသဖြင့်။

    ဒီလို လုပ်တာက ကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်စေပြီး မနာလိုစိတ်ဖြစ်စေနိုင်ပါတယ်။ အကောင်းမြင်တတ်တဲ့ စွမ်းရည် ကျဆင်းသွားစေနိုင်ပါတယ်။

    • စိတ်ရှည်ရှည်ထားဖို့ မမေ့ပါနဲ့။

    စိတ်ရှည်တဲ့ မိဘအသိုင်းအဝိုင်းကြားမှာ ကြီးပြင်းတဲ့ ကလေးတွေက ဉာဏ်ရည်ပို ထက်မြက်ကြလို့ပါ။ ကလေးက သိချင်တာ၊ စူးစမ်းချင်တာတွေကို စိတ်ရှည်ရှည်ထားပြီး ဖြေပေးတာက ကလေးကို ဗဟုသုတ အတွေးအမြင် ကြွယ်ဝစေနိုင်ပြီး ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    • ကလေးရဲ့ စူးစမ်းလိုစိတ်ကို မကန့်သတ်ပါနဲ့။

    စူးစမ်းလိုစိတ်က ဦးနှောက်ဖွံ့ဖြိုးဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်လို့ပါ။ ကလေးဆိုတာက ဘာကိုမှ မသိသေးဘဲ အရာရာကို သင်ယူနေ စူးစမ်းနေတဲ့အရွယ်ပါ။ ဒီအရွယ်မှာ သူတို့လေးတွေကို အန္တရာယ် မဖြစ်စေနိုင်တဲ့ စူးစမ်းမှုတိုင်းကို ဘေးကနေ အားဖြည့်ကူညီပေးပါ။ ဒီလို လုပ်ပေးခြင်းက ကလေးကို ဗဟုသုတ ကြွယ်ဝစေသလို အခြားကလေးတွေထွက် စဉ်းစားဆင်ခြင်နိုင်စွမ်း ဆုံးဖြတ်နိုင်စွမ်းလည်း တိုးစေမှာပါ။

    • ကလေးနဲ့ စကားပြောချိန် ထားပါ။

    ကလေးတစ်ယောက် ဆက်ဆံရေး ကောင်းဖို့ ဉာဏ်ရည်ထက်မြက်ဖို့ဆိုရင် ဘာသာစကားစွမ်းရည် ကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက သူပြောချင်တာလေးတွေကို နားထောင်ပေးတာမျိုး လုပ်ပေးပါ။ အပြန်အလှန် မေးမြန်းပြောဆိုတာတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးခြင်းက ကလေးကို နားထောင်သူ ကောင်းဖြစ်စေသလို သင်ယူနိုင်စွမ်းလည်း တိုးစေမှာပါ။  ဒါ့အပြင် ကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေနိုင်သလို ဆက်ဆံပြောဆိုနိုင်မှု စွမ်းရည် တိုးတက်စေမှာပါ။

  • ပြဿနာတွေ ဖြေရှင်းတတ်အောင် သင်ကြားပေးပါ။
  • ကလေးတွေက အရွယ်ရောက်လာမှာပါ။ အမြဲ ရင်ခွင်ထဲ ပွေ့ထားလို့ မရပါဘူး။ ဒါကြောင့် အခက်အခဲတွေကို ကိုယ်တိုင် ဖြေရှင်းတတ်အောင် သင်ပေးပါ။ အချို့ ကိစ္စသေးသေးလေးတွေကို ကိုယ်တိုင်ဖြေရှင်းခွင့် ပေးပါ။ ကလေးတစ်ယောက်အနေနဲ့ ပြဿနာ အကုန်လုံးကို ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လုံးဝ မိဘအပေါ်လုံးဝ မှီခိုနေတာမျိုး မဖြစ်စေဖို့ သတိပြုပါ။

    • စာအုပ် အတူတူဖတ်ပါ။

    စာဖတ်တာက စဉ်းစားဉာဏ်ကို ရင့်သန်စေပါတယ်။ သင်ယူလေ့လာနေဆဲ ကလေးတစ်ယောက်အတွက် အတွေးသစ်၊ စိတ်ကူးသစ်တွေကို ပေးစွမ်းနိုင်မယ့် အရာတစ်ခုပါ။ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးတာက ဉာဏ်ရည်ထက်မြက်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ မျိုးစေ့ချလိုက်တာပါ။ ကလေးကို တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ စာဖတ်ပြတဲ့ အလေ့အထလေး ပျိုးထောင်ပါ။

    • သီချင်း ပေးနားထောင်ပါ။

    လေ့လာမှုတွေအရ ကလေးတွေကို သီချင်း နားထောင်စေတာက မှတ်ဉာဏ်ကောင်းစေသလို၊ အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းကောင်းစေပြီး စိတ်အားထက်သန်စေတယ်လို့ သိရပါတယ်။ သီချင်းနားထောင်တာက ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

    • ရွယ်တူကလေးတွေနဲ့ ပေးဆော့ပါ။

    ကလေးကို ရွယ်တူကလေးတွေနဲ့ တက်တက်ကြွကြွ ပေးကစားခြင်းက တာဝန်သိစိတ်တိုးစေပြီး အဖွဲ့လိုက် လှုပ်ရှားမှုစွမ်းရည် ကောင်းစေသလို အချိန် စီမံခန့်ခွဲနိုင်မှုလည်း ကောင်းစေမှာပါ။

    ကလေးကို ဒီလိုလေး သေချာပျိုးထောင်ပေးမယ်။ မေမေဖေဖေတို့ကလည်း ကလေးရဲ့ ရှေ့မှာ အတုယူမှားမယ့် အလေ့အထတွေ မလုပ်ဘဲ သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင် သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေးရာ ရောက်မှာပါ။

    ဘေဘီလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနေတဲ့ ချန်ထားလို့ မဖြစ်တဲ့ အချက်တစ်ခု

    ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ချန်မထားသင့်တဲ့ နောက်တစ်ချက်ကတော့ အာဟာရပဲ ဖြစ်ပါတယ်။ သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် အားဖြည့်ပေးဖို့ ဆိုရင် မိခင်နို့ကို အနည်းဆုံး အသက်၆လအထိ တိုက်ပေးဖို့ လိုပါတယ်။

    ဖြည့်စွက်စာစားတဲ့အရွယ်ဆိုရင် ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် C၊ ဇင့်၊ Omega-3 fatty acids၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် Dတို့ပါ ဖြည့်တင်းပေးဖို့လိုပါမယ်။

    ဒါကြောင့် ကလေးကို နေ့စဉ် ထမင်း၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး၊ ပဲနီလေး၊ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီး နဲ့ အစေ့အဆန်လိုမျိုး စားစရာတွေ ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။

    ကဲ ….. အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ကျင့်သုံးပြီး ဘေဘီလေး ဉာဏ်ရည်ထက်မြက်ဖို့ အကောင်းဆုံး ပျိုးထောင်လိုက်စို့နော်။

    ဘေဘီလေး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့

    မွေးစကလေးတွေမှာ ဉာဏ်ရည်ထက်မြတ်စေဖို့က ကလေးရဲ့ မျိုးဗီဇအပြင် ကလေးကို ဘယ်လိုထိန်းကျောင်းနေလဲဆိုတာကလည်း အရေးကြီးပါတယ်။ ကလေးရဲ့  ဦးနှောက်ဖွံ့ဖြိုးစေဖို့ မှန်ကန်တဲ့ နည်လမ်းတွေနဲ့ ထိန်းကျောင်းမယ်၊ အာဟာရပြည့်ဝအောင် ကျွေးမွေးမယ် စတာတွေကို လိုက်နာမှသာ ဉာဏ်ကောင်းတဲ့ ဘေဘီလေး ဖြစ်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement