မိဘဆိုတာတော့ ကိုယ့်သားသမီးရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့၊ လုံခြုံဖို့ စိတ်ပူပန်တတ်တာ သဘာဝပါပဲ။ တချို့မိဘတွေကျတော့လည်း ပညာရေးဘက်ကို ဦးစားသိပ်ပေးလွန်းတဲ့အခါ ကိုယ့်ကလေး အပြင်ထွက်ကစားရင် စာလုပ်ချိန်နည်းသွားမှာ၊ ပညာရေးဘက်မှာ လစ်ဟင်းသွားမှာ သိပ်ကြောက်ပါတယ်။ ကိုယ့်ကလေးကို မျက်စိအောက်က တစ်ဖဝါးမခွာ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ထားတာမှ စိတ်ချရတယ် ထင်ရပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပါပဲ။
ကလေးဆိုတဲ့ အရွယ်က လောကကြီးရဲ့အလှအပတွေကို ရှာဖွေလေ့လာစူးစမ်းဖို့၊ အသစ်အဆန်းတွေကို တီထွင်ဖန်တီးဖို့၊ အနာဂတ်မှာ တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် အခုကတည်းက မိဘတွေအနေနဲ့ သေချာပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။ စားချိန်တန် စား၊ စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ နားချိန်တန် နား၊ ဒီလို မျှတတဲ့ နေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက လုပ်ပေးမှ ကလေးတွေအတွက် ကျန်းမာကြံ့ခိုင်ပြီး တီထွင်ဖန်တီးတဲ့ ဉာဏ်တွေပါ ထက်သန်လာမှာပါ။
ကလေးအပြင်ထွက်ကစားလို့ ထိခိုက်မိမှာ စိုးရိမ်နေတဲ့ မေမေတွေ၊ အခန်းထဲမှာ လှောင်ပိတ်ပြီး စာပဲဖိလုပ်ခိုင်းနေတဲ့ မိဘတွေ၊ တခြားကလေးတွေလို မဟုတ်ပဲ ထိုင်ခုံမှာပဲ ငြိမ်ငြိမ်သက်သက်လေး အမြဲနေတတ်တဲ့ ကလေးတွေအတွက် ဒီဆောင်းပါးလေးကို ရေးပေးလိုက်ပါတယ်။
၁။ သဘာဝနဲ့ ထိတွေ့ဆက်ဆံခွင့်ပေးပါ။
နေရောင်ခြည်က ရတဲ့ ဗီတာမင် D ဓာတ်ဟာ ကလေးတွေအတွက် အလွန်အရေးကြီးတဲ့ သတ္တုဓာတ်တွေထဲမှာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာကြီးထွားသန်စွမ်းဖို့၊ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့၊ ဖျားနာခြင်း၊ ရောဂါ အလွယ်တကူ မဖြစ်လာစေဖို့၊ စိတ်ရော ကိုယ်ပါ ရွှင်လန်းတက်ကြွနေစေဖို့ ကူညီပေးပါတယ်။ ပိတ်ရက်တွေမှာ ကလေးက အိမ်မှာပဲ အောင်းနေတာထက် အပြင်ထွက်ပြီး လမ်းလျှောက်မယ်၊ အားကစားလုပ်မယ်၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားမယ်၊ မိသားစုနဲ့ ဟိုဒီလျှောက်လည်ပေးတာ အကောင်းဆုံးပါပဲ။
၂။ ကစားခြင်းဟာလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲ။
ကလေးတိုင်းဟာ တစ်နေ့ကို တစ်နာရီလောက် တက်တက်ကြွကြွနဲ့ လှုပ်ရှားနေသင့်ပါတယ်။ အိမ်ထဲမှာ ကစားတာမျိုးထက် အပြင်ထွက်ပြီး သဘာဝလေရှူရှိုက်ရင်း ကစားတာဟာ ကလေးတွေကို စိတ်လက်ပေါ့ပါးစေသလို စာလုပ်ရာမှာလည်း ပိုပြီး အာရုံစူးစိုက်လာနိုင်စေပါတယ်။ ဒီတော့ ကိုယ့်ကလေးကို ကျောင်းစာမှာ ပိုတော်စေချင်လား၊ မေမေတွေအနေနဲ့ ကလေးက အပြင်ထွက်ဆော့ချင်တယ်လို့ ပြောနေပြီဆိုရင် ခွင့်ပြုလိုက်ပါ။
၃။ တီထွင်ကြံဆဉာဏ်ကို သွေးပေးလိုက်တာပါပဲ။
အိမ်ထဲမှာပဲ နေပြီး စာအုပ်၊ တီဗီ၊ ဖုန်းကို တစ်နေကုန် ကြည့်နေတဲ့အခါမှာ မရိုးအီသွားတဲ့ ကလေးရှိမယ် မထင်ပါဘူး။ အပြင်ထွက်ကစားခြင်းဟာ ကလေးတွေကို စူးစမ်းလေ့လာလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ အသစ်အဆန်းတွေကို ရှာဖွေလိုစိတ်၊ ပြဿနာတွေကို အဖြေရှာလိုစိတ်တွေ ဖြစ်လာစေတယ်။ လှုပ်ရှားတက်ကြွနေရတဲ့အခါ ဦးနှောက်က အမြဲအလုပ်လုပ်ပေးနေရတာကြောင့် အကြံဉာဏ်၊ စိတ်ကူးစိတ်သန်းအသစ်တွေလည်း ထွက်ပေါ်လာစေတယ်။ ဘဝအတွက် အောင်မြင်ဖို့ လမ်းကြောင်းကို လျှောက်ဖို့ တွန်းပို့ပေးလိုက်တာနဲ့ အတူတူပါပဲ။ အတန်းထဲမှာ နံပါတ် ၁ ရတာထက် ဘဝမှာ နံပါတ် ၁ ရဖို့က ပိုအရေးကြီးတယ်ဆိုတာ မိဘတွေရော ကလေးတွေပါ မေ့ထားလို့ မဖြစ်ပါဘူး။
၄။ ကစားတယ်ဆိုတာလည်း စိန်ခေါ်မှု၊ စွန့်စားမှုတစ်ခုပါပဲ။
မိဘတွေအတွက်တော့ ကိုယ့်ရဲ့ ကလေးထိခိုက်ပွန်းပဲ့ဖြစ်မှာ၊ ဒဏ်ရာအနာတရ ဖြစ်မှာကို စိုးရိမ်တတ်ကြတာပါပဲ။ ဒါပေမယ့် ဒါကိုကြောက်ပြီး အိမ်ထဲမှာ အမြဲနေခိုင်းလို့တော့ မဖြစ်ပါဘူး။ တစ်ခါတလေ အသေးအမွှားဒဏ်ရာလေးအတွက်နဲ့တော့ ကိုယ့်ကလေးကို လှောင်ပိတ်ထားတာဟာ ကလေးရဲ့ ကျန်းမာရေး၊ ဉာဏ်ရည်အတွက်သာမက အနာဂတ်ဘဝလမ်းခရီးအတွက်ပါ အဆင်မပြေစေပါဘူး။ ဒါကြောင့် ကလေးတွေကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးလိုက်ပါ။ ဒဏ်ရာဖြစ်တဲ့အခါမှာ ကလေးတွေဟာ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ နောင်အခါ ဘယ်လိုကစားရင် ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေ နည်းသွားမှာလဲ၊ ဒီလိုမျိုး စွန့်စားတတ်ဖို့၊ အခက်အခဲတွေကို စိန်ခေါ်တတ်ဖို့၊ မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစား ယူတတ်ဖို့ ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးထားတာ ပိုကောင်းပါတယ်။
၅။ ပူးပေါင်းဆောင်ရွက်တတ်လာမယ်။
တခြားကလေးတွေနဲ့ အတူဆော့ကစားတဲ့အခါ ကလေးတွေအနေနဲ့ အသင်းအဖွဲ့နဲ့ အတူ ပူးပေါင်းလုပ်ဆောင်တတ်လာမယ်။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာမယ်။ သူငယ်ချင်း၊ မိတ်ဆွေအသစ်တွေ တိုးလာစေဖို့၊ ကိုယ့်ဘဝအကြောင်း မျှဝေဖို့၊ တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ သင်ပြီးသား ဖြစ်စေပါတယ်။
၆။ ကျောင်းစာမှာသာမက အထွေထွေဗဟုသုတ တိုးလာမယ်။
လှုပ်လှုပ်ရှားရှား ရှိနေတဲ့အခါ ကလေးက စိတ်ပျော်ရွှင်လန်းဆန်းနေမယ်။ တက်ကြွနေမယ်။ ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်နေတဲ့အတွက် စာကျက်တဲ့အချိန်မှာ လေးလံထိုင်းမှိုင်းတာတွေ မဖြစ်စေပဲ အလွယ်တကူ မှတ်သားနားလည်နိုင်ပါတယ်။ အမြဲတမ်း အသစ်အဆန်းတွေကို လေ့လာနေတဲ့ ကလေးတစ်ယောက်ဟာ တခြားကလေးတွေထက် ဦးနှောက်ဉာဏ်ရည် ထက်မြက်တာကို တွေ့ရပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို အိမ်က စာကြည့်စားပွဲခုံမှာပဲ ကော်နဲ့ အသေကပ်ထားမယ့်အစား လွတ်လွတ်လပ်လပ် ကစားခွင့်ပေးလိုက်ပါ။ ကိုယ်က စိတ်မချရဘူးဆိုရင်လည်း ကိုယ့်အိမ်အနီးပတ်ဝန်းကျင်မှာ ဆော့ကစားခိုင်းတာဖြစ်စေ၊ ကလေးကစားတဲ့ နေရာမှာ ခဏလေး စောင့်ကြည့်နေတာဖြစ်စေ ကြည့်ရှုစောင့်ရှောက်ပေးပါ။ ကလေးကို မိဘတွေအပေါ်မှာပဲ မှီခိုနေတာထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ငယ်စဉ်အရွယ်တည်းက ဖြည်းဖြည်းချင်း ပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။
ကလေးကို အပြင်ထွက်ကစားခွင့်ပေးလိုက်တာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
[embed-health-tool-vaccination-tool]