backup og meta

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားကစားလုပ် ကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားကစားလုပ် ကြစို့

    အားကစားလုပ် ခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ကိုင်ဖို့ အထောက်အကူပေးနိုင်တယ်ဆိုတာ လူတွေ သိပြီးသား ဖြစ်မှာပါ။ ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ အားကစားက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို ကောင်းသောပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်လဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

    Gym ကို သွားပြီး အလေးမနေမှ မဟုတ်ပါဘူး။ ပုံမှန် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်း လုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ အရိုးနဲ့ ကြွက်သားကို သန်မာစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်တဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အိမ်ထောင်သည်တွေ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးခြင်းဖြင့် လိင်မှုကိစ္စတွေမှာ ပိုပြီး သာယာမှုရနိုင်တဲ့အပြင် ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ရနိုင်ပါတယ်။

    ၁။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်နိုင်တယ်။

    စိတ်ဓာတ်ကျတယ်ဆိုတာ အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်နိုင်တဲ့ စိတ်ရောဂါအခြေအနေတစ်မျိုးပါ။ လောကဓံကြောင့် နေ့စဉ်ကြုံလာရတဲ့ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ နေ့စဉ် လုပ်နေရတဲ့ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်လာနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်သည်အထိ ဖြစ်လာနိုင်ပါတယ်။

    အားကစားပုံမှန်လုပ်ပေးတဲ့သူတွေမှာ စိတ်ဓာတ်ကျတဲ့ ရောဂါလက္ခဏာ ဖြစ်လာနိုင်ခြေ နည်းပါတယ်။ အားကစားလုပ်ပေးခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေတယ်။ ကိုယ်ခန္ဓာကနေ စိတ်ဓာတ်ကို တက်ကြွစေတဲ့ endorphin လို့ ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ဒါ့အပြင် အားကစားလုပ်နေတဲ့အချိန်မှာ စိတ်ဓာတ်ကျခြင်းရဲ့ နောက်ဆက်တွဲ မကောင်းတဲ့ အတွေးတွေ ဝင်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။

    ၂။ အားကစားလုပ် ခြင်းဟာ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေတယ်။

    လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်ပူပန်စရာတွေ ကြုံလာရနိုင်ပါတယ်။ ကိုယ်လက်အားကစားလုပ်ပေးတဲ့အခါ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြစ်စေပါတယ်။

    ပြင်းပြင်းထန်ထန် အားကစားလုပ်တာမျိုးအပြင် ယောဂလေ့ကျင့်ခန်းလို စိတ်အေးချမ်းတည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ပေးခြင်းဖြင့် နေ့စဉ် ကြုံတွေ့နေရတဲ့ စိုးရိမ်ပူပန်စရာတွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။

    ၃။ ကိုယ်လက်လေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုအတွက် အကောင်းဆုံးအားဆေးလည်း ဖြစ်တယ်။

    စိတ်ဖိစီးမှုဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးများစွာ သက်ရောက်စေနိုင်တဲ့ စိတ်ဝေဒနာ တစ်မျိုးပါ။ စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ မျက်နှာ၊ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ နာကျင်ကိုက်ခဲနေမယ်။ ဇက်ကျောတွေ နာကျင်နေပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေမယ်။ ရင်ဘတ်မှာလည်း အသက်ရှူရကြပ်သလို ခံစားရမယ်။ ညဘက်တွေမှာ ကောင်းစွာ အိပ်မပျော်နိုင်တာ၊ ဆီးမကြာခဏ သွားတာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ အစရှိသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာ ဒုက္ခများစွား ပေးနိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးပါ။

    ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းဖြင့် ဦးနှောက်ကနေ endorphin ဟော်မုန်းတွေ များစွာထုတ်လွှတ်ပေးနိုင်ပြီး စိတ်ကို တက်ကြွစေတယ်။ ကြွက်သားတွေကို ပြေလျော့စေတယ်။ စိတ်နဲ့ ခန္ဓာဟာ တစ်ထပ်တည်း ကျတာမို့ စိတ်ပျော်ရွှင်နေမှုဟာ ကိုယ်ခန္ဓာကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။

    အားကစားလုပ် ပေးခြင်းဖြင့် နေ့စဉ် လူမှုဘဝကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်လဲ။

    • စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်နိုင်ဖို့ အထောက်အကူဖြစ်စေတယ်။
    • မှတ်ဉာဏ်ကောင်းစေပြီး တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးတယ်။
    • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး စိတ်ပျိုကိုယ်နုစေတယ်။
    • မိမိကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ တန်ဖိုးထားတတ်လာစေတယ်။
    • ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။
    • တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေပြီး အားအင်အပြည့်ရှိစေတယ်။
    • ပင်ပန်းတဲ့ ဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိလာတယ်။
    • ကိုယ်ခံအားကိုကောင်းစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement