backup og meta

စိတ်ပျော်ရွှင်စေဖို့ ဒိုပါမင်ဟော်မုန်းကို မြှင့်တင်ကြစို့


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပျော်ရွှင်စေဖို့ ဒိုပါမင်ဟော်မုန်းကို မြှင့်တင်ကြစို့

    လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ စိတ်ပျော်ရွှင်မှုဟာ အလွန်အရေးပါပါတယ်။ စိတ်ပျော်ရွှင်တဲ့အခါမှာ ဘဝကြီးက နေရတာ ပျော်လာတယ်။ အရာရာကို အကောင်းမြင်လာမယ်။ အလုပ်ခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ ပိုပြီး အောင်မြင်လာမယ်။ ကျန်းမာရေးဘက်က ကြည့်ရင်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်ကထက် ပိုပြီး ကောင်းလာနိုင်ပါတယ်။

    ဒါဆိုရင် ဒိုပါမင်ဟော်မုန်းနဲ့ စိတ်ပျော်ရွှင်မှုဟာ ဘယ်လိုသက်ဆိုင်မှု ရှိသလဲ။

    ဒိုပါမင် – dopamine ဆိုတာ ဦးနှောက်ကနေ လွှတ်ထုတ်လိုက်တဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းဟာ ကျွန်တော်တို့ နေ့စဉ် သွားလာလှုပ်ရှားတဲ့ နေရာမှာ၊ မှတ်ဉာဏ်၊ သတိပြုမိခြင်းနဲ့ ခန္ဓါကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။

    ဦးနှောက်က ဒိုပါမင်ဓါတ်တွေ ပုံမှန်ထုတ်လုပ်ပေးနေပြီး အာရုံကြောစနစ်ထဲမှာ ပုံမှန် လည်ပတ်နေပါတယ်။ ဒိုပါမင်ဟော်မုန်းတွေ အများအပြား ထုတ်လွှတ်လိုက်တဲ့အခါ စိတ်က အရင်ကထက် ပိုပြီး ပျော်ရွှင်လာတယ်။ ပြီးပြည့်စုံမှုကို ခံစားလာရတယ်။ ဒီဟော်မုန်းဓါတ်တွေ နည်းသွားတဲ့အခါ နေ့စဉ်ဘဝမှာ လုပ်ဆောင်ရည်တွေ ကျဆင်းလာမယ်။ မကြာခဏ သတိမေ့တတ်လာတယ်။ မောပန်းလွယ်တယ်။ အာရုံစူးစိုက်နိုင်စွမ်း နည်းလာမယ်။ ပျော်ရွှင်မှု၊ စိတ်အားတက်ကြွမှုတွေ နည်းလာမယ်။ တဖြည်းဖြည်းနဲ့ စိတ်ရောဂါ၊ ခန္ဓါဗေဒဆိုင်ရာ ရောဂါတွေ ဝင်လာနိုင်ပါတယ်။

    ဒါဆိုရင် ဒိုပါမင်ဟော်မုန်းဟာ စိတ်ရဲ့ ပျော်ရွှင်မှုနဲ့ အများကြီးဆက်စပ်မှု ရှိနေတယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။ အဲ့ဒါဆို ဒိုပါမင်ဟော်မုန်းကို ခန္ဓါကိုယ်က အရင်ကထက်ပိုပြီး ထုတ်လုပ်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ဒိုပါမင်ဟော်မုန်း တိုးလာစေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ။

    ၁။ အသားဓါတ် များများ စားသုံးပေးပါ။

    အသားဓါတ် (ပရိုတင်းဓါတ်) ဟာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဓါတ်ပေါင်းဖြစ်ပါတယ်။ အသားဓါတ်ထဲမှာ ပါဝင်တဲ့ တိုင်ရိုစင် – tyrosine အမိုင်နိုဆက်ဆစ် ဟာ ဒိုပါမင်ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အင်ဇိုင်းတွေဟာ တိုင်ရိုစင်ကို ဒိုပါမင်ဟော်မုန်းအဖြစ် ပြောင်းလဲပေးပါတယ်။

    အမဲသား၊ ကြက်ဆင်သား၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ပဲငံပြာရည်၊ ပဲတောင့်ရှည်တွေမှာ ပရိုတင်းဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒီအစားအစာတွေဟာ တွေးခေါ်နိုင်စွမ်းနဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်မှုကို ဖြစ်စေနိုင်ပါတယ်။

    ၂။ မကြာခဏ လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်းဟာ စိတ်နဲ့ ခန္ဓါ ကျန်းမာစေဖို့ အဓိကသော့ချက်တစ်ခုပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကို ကျန်းမာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ဒါ့အပြင် စိတ်ကို ပေါ့ပါးစေပြီး တက်ကြွလန်းဆန်းစေတယ်။ ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

    တစ်နေ့ကို ၁၀မိနစ်ကနေ မိနစ် ၂၀ထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ဦးနှောက်ထဲက ဒိုပါမင်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ gym မှာ အပြင်းအထန် လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ ယောဂကျင့်စဉ် ကျင့်တာဖြစ်စေ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး စိတ်ကျရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ညဘက်မှာ အိပ်ချိန်ပြည့်ပါစေ။

    လူတစ်ယောက် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်နိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်စေဖို့ အိပ်ချိန်မှန်ဖို့ အလွန်အရေးကြီးပါတယ်။ လူတစ်ယောက်မှာ ပုံမှန်အားဖြင့် ၇နာရီကနေ ၈နာရီအထိ အိပ်ချိန်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

    အိပ်ချိန်ပြည့်ဝနေတဲ့ သူတစ်ယောက်ဟာ မနက်ခင်း နိုးလာတဲ့အခါမှာ ဦးနှောက်က ဒိုပါမင်ဟော်မုန်းတွေ အများအပြား ထုတ်လွှတ်ပေးတဲ့အတွက် စိတ်ပျော်ရွှင်ပြီး လန်းဆန်းတက်ကြွနေမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ညဘက်မှာ နောက်ကျမှာ အိပ်သူတွေနဲ့ အိပ်မပျော်နိုင်တဲ့ ရောဂါရှိသူတွေမှာ ဒိုပါမင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်း နည်းနိုင်ပါတယ်။

    ၄။ ဂီတနားဆင်ပါ။

    ဂီတ သီချင်းသံစဉ်တွေ နားဆင်ခြင်းဟာ ဦးနှောက်ရဲ့ ဒိုပါမင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ မကြာခဏ သီချင်းနားထောင်ပေးတဲ့သူတွေမှာ စိတ်ပျော်ရွှင်မှုကို ပိုရစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေ မဖြစ်လာအောင် ကာကွယ်ပေးတဲ့ နေရာမှာလည်း ဂီတသီချင်းသံစဉ်တွေဟာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

    ၅။ တရားထိုင်ပါ။

    ယုံကြည်ကိုးကွယ်ရာ ဘာသာတရားနဲ့ မသက်ဆိုင်ပဲ တရားထိုင်ခြင်းဟာ စိတ်ကို ပေါ့ပါးစေတယ်။ ကြည်လင်စေတယ်။ ကိုယ့်ရဲ့ တစ်နေ့တာမှာ ပိုပြီး အာရုံစူးစိုက်လာနိုင်စေတယ်။ မကောင်းမြင်တဲ့ အတွေးတွေကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။

    မတ်တပ်ရပ်နေစဉ်၊ ထိုင်နေစဉ်၊ လမ်းလျှောက်နေစဉ် တစ်နာရီခန့် ဝင်လေထွက်လေ မှတ်ပြီး တရားထိုင်ခြင်းဖြင့် ဒိုပါမင်ဟော်မုန်းတွေကို အများအပြား ထုတ်လွှတ်ပေးနိုင်ပြီး စိတ်ကို ပျော်ရွှင်လန်းဆန်းစေနိုင်ပါတယ်။

    ၆။ အပြင်ထွက်ပါ။

    မနက်ခင်းမှာ လမ်းလျှောက်တာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာ၊ လေကောင်းလေသန့် ရှူရှိုက်တာ အစရှိသဖြင့် ပြုလုပ်ပေးခြင်းဖြင့် စိတ်ကို အေးမြလန်းဆန်းစေနိုင်ပါတယ်။ စိတ်ဓါတ်ကျေနချိန်၊ စိတ်ပင်ပန်းမှုတွေ ရှိနေချိန်ဆိုရင် အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့လိုက်ပါ။ မနက်ခင်း ၁၀နာရီနဲ့ နေ့လည် ၂နာရီကြား အချိန်တွေမှာတော့ ခရမ်းလွန်ရောင်ခြည်ဒဏ်ဟာ ပိုပြီး ပြင်းထန်နိုင်တဲ့အတွက် နေလောင်ကာခရင်မ် လိမ်းသွားဖို့တော့ မမေ့သင့်ပါဘူးနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement