နို့တိုက်မိခင်တိုင်း ဒီပြဿနာကို ခံစားရနိုင်လား……………..
နို့တိုက်မိခင်တိုင်းတော့ ဒီပြဿနာကို မခံစားရနိုင်ပါဘူး။ နို့တိုက်မိခင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ဒီပြဿနာကို ခံစားရနိုင်တာပါ။မေမေက နို့ထွက်နည်းတာကြောင့် ဒီပြဿနာကို ခံစားရနိုင်သလို ကလေးကို နို့တိုက်တဲ့ ပုံစံမမှန်တာမျိုးကြောင့်လည်း နို့သီးခေါင်းထိပ်တွေ ကွဲတာမျိုးကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ကြုံရနိုင်ခြေ အများဆုံးက နို့ထွက်နည်းတဲ့မေမေတွေနဲ့ နို့တိုက်တဲ့အခါ ကလေးအနေအထားမှန်အောင် မထားမိတဲ့မေမေတွေလို့ ဆိုရပါမယ်။
ဘယ်လိုတွေခံစားရနိုင်လဲ………
နို့သီးခေါင်းတွေကွဲတဲ့အခါမေမေ့အနေနဲ့
- ရင်သားထိပ်က နာမယ်
- နို့ရည်တွေ စိမ့်ထွက်နေမယ်
- သွေးထွက်မယ်
- တဆစ်ဆစ် ကိုက်ခဲနေမယ်
- ရင်သားထိပ်က ကွဲထွက်မယ် စသဖြင့် ခံစားရနိုင်ပါတယ်။
နို့တိုက်မေမေကြုံရတဲ့ ရင်သားထိပ်ကွဲတာကို သက်သာစေဖို့
ဘေဘီလေးကို နို့ချိုတိုက်တိုင်း ရင်သားထိပ်တွေကွဲနေတာကြောင့် နာကျင်နေရတဲ့မေမေတို့အနေနဲ့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်စေချင်ပါတယ်။
နို့ရည်လတ်လတ်ဆတ်ဆတ်နဲ့ ပွတ်လိမ်းပေးပါ
ဒီလိုလုပ်ပေးတာက ရင်သားထိပ်ကွဲတဲ့နေရာတွေကို ပိုးမဝင်အောင်ကာကွယ်ရာရောက်သလို နာကျင်မှုကို သက်သာစေလို့ အနာလည်း ကျက်စေနိုင်ပါတယ်။ အရင်ဆုံးလက်ကို သန့်စင်အောင်ဆေးကြောလိုက်ပါ။ပြီးရင် လက်ဖဝါးထဲကိုနို့ရည်နည်းနည်းလောက်ညှစ်ထည့်ပြီး ရင်သားထိပ်တွေမှာ လိမ်းပေးလိုက်ပါ။ပြီးရင်လေနဲ့အခြောက်ခံလိုက်ပါ။
အနွေးဝတ်ကပ်ပါ
ဒါက လွယ်ကူရိုးစင်းတဲ့နည်းလမ်းတစ်ခုပေါ့။ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက်ဖယ်ရှားနိုင်မှာပါ။ အဝတ်စသန့်သန့်လေးတစ်ခုကိုရှာပါ။ပြီးရင် ဇလုံတစ်ခုထဲကို ရေခပ်နွေးနွေးလေးထည့်လို့ အဝတ်စကို စိမ်လိုက်ပါ။ပြီးရင် ညှစ်ပြီး ရင်သားကွဲတဲ့နေရာပေါ်မှာ ခဏလောက် အုပ်ထားပေးလိုက်ပါ။ပြီးရငအဝတ်ခြောက်နဲ့ ခပ်ဖွဖွလေးတို့သုတ်ပေးပါ။
ဆားရည်နဲ့ဆေးကြောပေးပါ
ဆားရည်က အရေပြားကိုရေဓာတ်ပြည့်စေပြီး အနာကျက်မြန်စေမှာပါ။ရေနွေးနွေး ၈အောင်စထဲကို အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စာလောက်ထည့် လိုက်ပါ။ပြီးရင် ဂွမ်းစလေးနဲ့ တို့ယူပြီး ရင်သားကွဲတဲ့နေရာတွေမှာ စွတ်ပေးပါ။ တစ်မိနစ်လောက်ဂွမ်းစလေးကပ်ထားပေးပါ။ပြီးရင် ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး အခြောက်သုတ်လိုက်ပါ။ဘေဘီလေးကို နို့ချိုမတိုက်ခင်မှာတော့ ရင်သားကိုသေချာလေးပြန်ဆေးကြောပေးဖို့ မမေ့ပါနဲ့။
Nursing Pads ကို မကြာခဏလဲပေးပါ
စိုသွားပြီဆိုတာနဲ့ Nursing Pads ကိုချက်ချင်းလဲပေးပါ။Nursing Pads စိုထိုင်းထိုင်းဖြစ်နေတာက ရင်သားထိပ်ကွဲတာတွေကို အနာကျက်နှေးစေနိုင်ပါတယ်။နောက်တစ်ချက်က ပလပ်စတစ်နဲ့ လုပ်တဲ့Nursing Padsတွေကို အသုံးပြုတာပါ။ ဒီလိုအသုံးပြုတာက ရင်သားကိုလေဝင်ထွက်ရောက်ရှိမှုနည်းစေနိုင်ပြီး ရင်သားထိပ်ကွဲတာတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချည်သားစစ်စစ်Nursing Padsတွေကိုပဲ သုံးစေချင်ပါတယ်။
ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ချင်ပေမယ့် ရင်သားထိပ်တွေကွဲနေလို့ နို့ချိုတိုက်လိုက်တိုင်းနာနေတဲ့မေမေတို့အနေနဲ့ အခုနည်းလမ်းလေးတွေကိုအသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။