backup og meta

အနာ မရင်းအောင် ဘယ်လိုကာကွယ်ကြမလဲ


Ye Myo Myat မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာ မရင်းအောင် ဘယ်လိုကာကွယ်ကြမလဲ

    ဒဏ်ရာ အနာတရြဖစ်တယ်ဆိုတာ လူတိုင်း ကြုံတွေ့ဖူးကြတဲ့ ကိစ္စပါ။ အိမ်မှာ ဟင်းချက်ရင်းနဲ့ ဓါးထိမိတာရှိမယ်၊ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိုးမိတာ၊ ခြစ်မိတာရှိမယ်၊ ပြေးရင်း လွှားရင်း ချော်လိမ့်ကျမိမယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သွားနဲ့ ကိုက်မိတာ၊ လက်သည်းနဲ့ ခြစ်မိတာ၊ မီးပူလောင်တာ စသဖြင့် ဒဏ်ရာ အနာတရ ဖြစ်စရာ အကြောင်းရင်းကတော့ အများကြီးပါပဲ။

    အနာတရဖြစ်ပြီဆိုရင် ပိုးမဝင်အောင် အရင်ဆုံး ဘာလုပ်ရမလဲ။

    • သွေးထွက်နေတဲ့ နေရာကို နူးညံ့တဲ့ အဝတ်သန့်သန့်လေးနဲ့ သွေးတိတ်အောင် ဖိထားပေးရပါမယ်။ အနာက သေးရင်တော့ မိနစ်အနည်းငယ်လောက်ဆိုရင် သွေးတိတ်ပေမယ့် ကြီးတဲ့ ဒဏ်ရာဆိုရင်တော့ ၁၅မိနစ်လောက်ထိ ဆက်တိုက် ဖိထားပေးရပါမယ်။
    • သွေးတိတ်သွားရင် အနာကို ရေနဲ့ သန့်ရှင်းပေးပါ။ ဒဏ်ရာပေါ်မူတည်ပြီး ရေနွေးနဲ့ဖြစ်စေ၊ ရေအေးနဲ့ဖြစ်စေ ၅မိနစ်ခန့် အနာပေါ် လောင်းပေးရပါမယ်။ ရေလောင်းပြီးသွားရင် အနာတစ်ဝိုက်က အရေပြားကို ဆပ်ပြာနဲ့ ဖြည်းညင်းစွာ ပွတ်တိုက်ပြီး သန့်စင်ပေးရပါမယ်။
    • ရေခြောက်အောင် သုတ်ပြီးရင် အနာကို Antibiotic လိမ်းဆေးနဲ့ ပါးပါးလေး လိမ်းပေးပါ။
    • ဖုန်၊ ရောဂါပိုး မဝင်အောင် ဒဏ်ရာကို ပိုးသတ်ထားတဲ့ ဂွမ်း၊ ပလာစတာ၊ ဒါမှမဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားပေးပါ။
    • ပလာစတာ၊ ပတ်တီးကို နေ့စဉ်လဲပေးပါ။ ရေစိုသွားရင်လည်း လဲပေးရပါမယ်။
    • အနာကို လက်နဲ့ မထိအောင်သေချာဂရုစိုက်ပေးပါ.

    ဘယ်လိုအချိန်မှာ အနာထဲ ပိုးဝင်နိုင်လဲ။

    ကိုယ့်မှာ ဒဏ်ရာ၊ အနာတရဖြစ်ပြီဆိုရင် မိဘ၊ အုပ်ထိန်းသူကို အသိပေးဖို့ လိုပါတယ်။ အထူးသဖြင့် အနြာဖစ်ရတဲ့ အကြောင်းရင်းကို ပြောပြပေးဖို့ အရေးကြီးပါတယ်။ အနာကို ရေနဲ့ သေချာဆေးပြီး မသန့်ရှင်းတာ၊ ရေစိုနေတဲ့ ပလာစတာကို အချိန်အကြာကြီး ကပ်ထားမိတဲ့အခါ၊ ဒဏ်ရာကို မသန့်ရှင်းတဲ့ လက်နဲ့ မကြာခဏ ထိမိတာကြောင့် ပိုးဝင်နိုင်ပါတယ်။

    တိရစ္ဆာန်တွေနဲ့ ဆော့ကစားရင်း ထိခိုက်မိတဲ့အခါမှာလည်း လက်သည်း၊ ခြေသည်း၊ သွားရည်ကနေ ခွေးရူးပြန်ရောဂါ မေးခိုင်ရောဂါတွေကို ဖြစ်စေတဲ့ ရောဂါပိုးဝင်နိုင်တဲ့အတွက် ဖြစ်ဖြစ်ချင်း ၂၄ နာရီအတွင်း နီးစပ်ရာ ဆေးခန်းမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

    အနာထဲ ပိုးဝင်ပြီဆိုတာ ဘယ်လိုသိနိုင်လဲ။

    ကုတ်မိတာ၊ ခြစ်မိတာ၊ ထိခိုက်ရှတာကြောင့် ဖြစ်တဲ့ ဒဏ်ရာအများစုဟာ သေးငယ်ရင်တော့ ပြဿနာ သိပ်မရှိပေမဲ့ သေချာဂရုမစိုက်ရင်တော့ ပိုးဝင်သွားနိုင်ပါတယ်။ ပိုးဝင်တဲ့အခါမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

    • ဒဏ်ရာတစ်ဝိုက်မှာ နီရဲရောင်ရမ်းလာတာ
    • အဝါရောင် ဒါမှမဟုတ် အစိမ်းပုပ်ရောင် ပြည်တွေ ထွက်လာတာ
    • ဒဏ်ရာဖြစ်တဲ့နေရာက နဂိုထက် ဖောင်းကြွလာတာ၊ ပိုပြီးနာကျင်ကိုက်ခဲလာတာ
    • အဖျားတက်လာတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

    ဒဏ်ရာကြီးလွန်းတာ၊ သွေးမတိတ်တာ၊ အနာကနေ သွေးတွေ ပန်းထွက်လာပြီဆိုရင် အုပ်ထိန်းသူ ဒါမှမဟုတ် ဆရာဝန်နဲ့ သွားပြရပါမယ်။ အနာကို အရင်ဆုံး ပိုးသတ်ထားတဲ့ အဝတ် ဒါမှမဟုတ် ဂွမ်းနဲ့ အုပ်ထားပေးပါ။ ဒဏ်ရာနက်လွန်းရင်တော့ အပ်နဲ့ ချုပ်ပေးဖို့ လိုပါလိမ့်မယ်။ နောက် ၅ ရက်ကနေ ၁၀ရက်အတွင်းမှာ ဆရာဝန်ဆီ ပြန်သွားပြီး ချုပ်ရိုး ဖြည်ခိုင်းရပါမယ်။

    အနာထဲ ပိုးဝင်ပြီး အချိန်အတော်ကြာသည်အထိ မပျောက်တာ၊ ပိုဆိုးလာတဲ့အခါမှာ ဆရာဝန်နဲ့ သေချာပြသပြီး antibiotic တွေ သောက်ဖို့ လိုအပ်ပါတယ်။ တော်ရုံတန်ရုံ ဒဏ်ရာအများစုဟာ သေးငယ်တဲ့အတွက် ဆရာဝန်နဲ့ ပြဖို့ မလိုပဲ သူ့အလိုလို ပျောက်သွားမှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement