home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

သားအိမ်တွင်းအလုံးအကျိတ်ဖြစ်လို့၊ ရာသီသွေးဆင်းနာကျင်မှုတွေခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ်ထုတ်ရပြီဆိုတာဟာ အကြီးစားခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှုနောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေးအခြေအနေ၊ ခွဲစိတ်မှုနည်းလမ်းတို့ကိုမူတည်ပြီးပြန်လည်ကျန်းမာမယ့်ကြာချိန်ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကိုအောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်းနောက်ပိုင်းဂရုစိုက်မှုက မကောင်းခဲ့ရင်ပြန်လည်သက်သာဖို့ အချိန်ပိုကြာနိုင်ပါတယ်။

သားအိမ်ထုတ်ပြီးနောက်ပိုင်းမြန်မြန်ကျန်းမာအောင် ဘယ်လိုနေထိုင်ရမလဲ

(၁) ကိုယ်လက်လှုပ်ရှားမှုနဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ

ခွဲစိတ်မှုနောက်ပိုင်းမှာ နားနားနေနေနေရမယ်ဆိုပေမယ့် လုံးဝမလှုပ်ရဲဘဲငြိမ်နေတာလည်းမကောင်းပါဘူး။ အနီးအနားလမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကိုပြန်လည်ကုစားပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်နိုင်သလောက်အတိုင်းအတာကိုဖြည်းဖြည်းချင်းစမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်ကထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက်နားနားပြီး လှုပ်ရှားပေးလို့ရပါတယ်။

(၂) အလေးအပင် မ မ ပါနဲ့

ခွဲစိတ်ပြီး အနည်းဆုံး ၆ ပတ်လောက်အတွင်းတော့ အလေးအပင်တွေ မ မ ပါနဲ့။ အနာချုပ်ရိုးပြန်ကွဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လှုပ်ရှားမှုလိုတယ်ဆိုပေမယ့် ခွဲစိတ်ပြီးအနည်းဆုံး ၆လအတွင်းမှာ သိပ်ပြီးအားစိုက်ရတဲ့ လှုပ်ရှားမှုတွေ၊ အိမ်အလုပ်တွေကိုမလုပ်ပါနဲ့။

(၃) အာဟာရပြည့်ဝမျှတအောင် စားပါ

အားရှိအောင်စားပါဆိုတာကတွေ့သမျှအကုန်အများကြီးစားဖို့မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မျတအောင် စားတတ်ဖို့အရေးကြီးပါတယ်။ ဥပမာ အသားဓါတ်၊ အမျှင်ဓါတ်၊ အကျိုးပြုအဆီဓါတ်တွေ(အစေ့အဆန်တွေ၊ငါး) ပါဝင်တဲ့ အစာအာဟာရကိုစားပါ၊ တစ်နေ့ရေ ၈ ခွက်သောက်ပါ။ ခွဲစိတ်မှုနောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ဖို့ အမျင်ဓါတ်က အရေးကြီးပါတယ်။ရေသောက်နည်းလို့၊ လှုပ်ရှားမှုမရှိလို့၊ အမျင်ဓါတ်မစားလို့ ဝမ်းချုပ်ခဲ့ရင် ဝမ်းပျော့ဆေးတွေသောက်ရနိုင်ပါတယ်။

(၄) ချုပ်ရိုးကို သန့်ရှင်းမှုဂရုစိုက်ပါ

ခွဲစိတ်မှုနောက်ပိုင်းမှာ အနာချုပ်ရိုး ရောဂါပိုးမဝင်စေဖို့အရေးကြီးပါတယ်။ ခွဲစိတ်ပြီးကာစမှာ အနာကိုရေမထိစေဖို့ ဂရုစိုက်ရမယ်၊ ဖုန်နဲ့အညစ်အကြေးတွေမကပ်ငြိအောင် ဂရုစိုက်ရမယ်၊ မပွန်းပဲ့စေဖို့ သတိထားရမယ်။ ချုပ်ရိုးမှာ နီမြန်းလာတာ၊ရောင်ရမ်းလာတာ၊ အရည်ထွက်လာတာတွေ့ရရင် အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် ဒါမှမဟုတ် ကိုယ်ပူလာရင် ဆရာဝန်ပြန်ပြပါ။

(၅) အပြောင်းအလဲတွေကို လက်ခံပေးပါ

သားအိမ်ခွဲထုတ်ပြီးနောက် ပထမရက်အနည်းငယ်အတွင်း အဖြူဆင်းတတ်တာ ပုံမှန်ပါပဲ၊ တစ်ခါတလေသွေးဆင်းတတ်ပါတယ်။ တစ်ရက်၊နှစ်ရက်ကနေ ရှစ်ပတ်လောက်အထိဖြစ်နိုင်ပါတယ်။ သားဥအိမ်ဖယ်ထုတ်တာ အပါအဝင် သားအိမ်တစ်ခုလုံးဖယ်ထုတ်လိုက်ရပြီးနောက် အရေပြားမှာ ပူရှိန်းရှိန်းခံစားရတာ၊ ညဘက်ချွေးထွက်တာ၊ မိန်းမကိုယ်ခြောက်သွေ့တာ တို့လို သွေးဆုံးလက္ခဏာတွေလည်းခံစားရနိုင်တယ်။ ဒါ့အပြင် စိတ်ကျခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ ပိုပင်ပန်းလွယ်လာခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံးက လျော့ပါးမသွားဘဲ တာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြန်ပြီးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။