backup og meta

ရာသီလာချိန် ခေါင်းလျှော်ရင် ဘာဖြစ်တတ်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန် ခေါင်းလျှော်ရင် ဘာဖြစ်တတ်သလဲ

    ရာသီလာချိန် ခေါင်းလျှော်ရင် သွေးခဲတတ်တယ်။ သွေးတွေ အပေါ်ကို ကန်တက်တယ် စသဖြင့် ပြောကြတာ ကြားဖူးမှာပါ။ လူမှုကွန်ယက်မှာလည်း အမျိုးသမီးငယ်ငယ်‌လေးတွေ အကြောင်းအရင်း မရှိ ဆုံးသွားရင်  ရာသီလာတုန်း ခေါင်းလျှော်တာတုန်း ဖြစ်မှာပေါ့ဆိုပြီး သတင်းတွေ တက်လာကြပါတယ်။

    ရာသီလာချိန်မှာ ခေါင်းလျှော်လို့ ရတယ်၊ မရဘူးဆိုပြီး အုပ်စုကွဲကြပြန်တော့ တကယ့်အမှန်က ဘာလဲဆိုတာကို သိထားဖို့ လိုနေပါပြီ။

    ရာသီလာချိန် ခေါင်းလျှော်ရင် ဒါတွေဖြစ်တတ်တယ်ဆိုတာ တကယ်လား။

    မိဘ၊ အဘိုးအဘွားတွေ လက်ထက်တည်းက ရာသီလာချိန်မှာ ခေါင်းမလျှော်ရဘူး။ အနည်းဆုံးတော့ ရာသီပထမရက်မှာ မလျှော်ရဘူးလို့ တားကြတာကို ကြားဖူးမှာပါ။ လူကြီးတွေကို မေးကြည့်ရင် အောက်ပါအတိုင်း ဖြေကြတာကို တွေ့ရပါတယ်။

    • သားအိမ်အလုံးတည်တတ်တယ်။

    အလုံးဆိုတဲ့ နေရာမှာ သွေးလုံးရော၊ အသားလုံးရော အကုန်ပါပါတယ်။ ဒါတွေက ရာသီလာချိန် ခေါင်းလျှော်တာနဲ့ မဆိုင်ပါဘူး။

    သွေးလုံးတည်တဲ့ ပြဿနာဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ အတိအကျ မသိကြသေးပါဘူး။  Hypothesesတွေ ရှိပေမဲ့ ရာသီလာချိန် ခေါင်းလျှော်တာတော့ မပါပါဘူး။

    အသားလုံးဆိုရင်လည်း ဒီတိုင်းပါပဲ။ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင်နဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောနိုင်ပါတယ်။ ရာသီလာချိန် ခေါင်းလျှော်တာကြောင့် မဟုတ်ပါ။

    ဖြစ်နိုင်တာက ဒီရောဂါတွေက အမျိုးသမီးငယ်လေးတွေ၊ ရာသီလာတဲ့ အရွယ်တွေမှာ ဖြစ်တာဆိုတော့ ဒီနှစ်ခုကို ကောက်ပြီး ဆက်စပ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီလာချိန်မှာ ခေါင်းမလျှော်တဲ့ သူတွေလည်း ဒီရောဂါဖြစ်တာကို တွေ့ရပါတယ်။

    • သွေးတွေ ကန်တက်တယ်။

    ရာသီလာချိန်မှာ ခေါင်းလျှော်ရင် ဦးနှောက်ကို သွေးဆောင့်တက်တယ်။ တစ်နည်းအားဖြင့် သွေးကြောပြတ်တတ်တယ်လို့ ပြောကြပါတယ်။ ဒါကလည်း မဟုတ်ပါဘူး။

    ရာသီသွေးဆိုတာ ကလေးများ ရလာခဲ့ရင် သန္ဓေသားလေးတွယ်လို့ ရအောင် ထူထားပေးတဲ့ သားအိမ်ရဲ့ နံရံလေးတွေ ကွာကျလာတာ ဖြစ်ပါတယ်။ ခေါင်းက သွေးကြောတွေနဲ့ မဆိုင်ပါ။ ဒါကြောင့် ဒါလည်း မဟုတ်ပါဘူး။

    • ခေါင်းထဲမှာ သွေးခဲတတ်တယ်။

    ဒါလည်း မဟုတ်ပါဘူး။ လူငယ်တွေမှာ ဦးခေါင်းတွင်း သွေးခဲတဲ့ ရောဂါက အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ခေါင်းကို ထိခိုက်မိပြီး ဦးနှောက်သွေးယိုတာမျိုးပေါ့။ ရာသီလာချိန် ခေါင်းလျှော်လို့တော့ မဟုတ်ပါဘူး။

    • ရာသီသွေးရပ်သွားတယ်။

    ရာသီရက်တွေက အတိုးအလျှော့ ဖြစ်နိုင်ပါတယ်။ ဥပမာ ဒီလ၅ရက်လာပြီး နောက်လ ၄ရက်လာတာ စသဖြင့်ပေါ့။

    ရုတ်တရက်ကြီး ရာသီသွေးရပ်သွားတယ်ဆိုရင် ကိုယ့်မှာ စိတ်ဖိစီးမှုတွေ များနေသလား။ ဟော်မုန်းပါတဲ့ ဆေးတွေ၊ တားဆေး (အရေးပေါ်တားဆေးအပါ) သောက်နေလားဆိုတာကို စဉ်းစားကြည့်ပါ။ ဒါတွေကလည်း ရာသီရက်တိုတာ၊ ရှည်တာကို ဖြစ်စေနိုင်ပါတယ်။ ‌နောက်ပြီး ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ရာသီရက်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

    ခေါင်းလျှော်လိုက်တာက ရာသီသွေးရပ်သွားအောင်တော့ မလုပ်နိုင်ပါဘူး။

    ဘာကြောင့် ရာသီလာချိန်မှာ ခေါင်းလျှော်လို့ ရမရကို ဖြေရှင်းနေရတာလဲ။

    ရာသီလာချိန်မှာ ခေါင်းလျှော်လို့လည်း ဘာမှမဖြစ်သလို မလျှော်လို့လည်း ဘာမှမဖြစ်ပါဘူး။ နှစ်ခုလုံးက အသက်အန္တရာယ်မရှိပါဘူး။

    ဒီကိစ္စကို သားဖွားမီးယပ်ဆရာဝန်ကြီးတွေရော၊ တခြားဆရာဝန်တွေရော အသိပညာပေးနေကြပါတယ်။ Unicefကနေတောင် ရာသီလာချိန်မှာ ရေချိုးခေါင်းလျှော်တာက အန္တရာယ်မရှိကြောင်း ပညာပေးစာစောင်တွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ အများစုက ခေါင်းလျှော်လို့ မရဘူး၊ လျှော်လိုက်ရင် အန္တရာယ်ဖြစ်မယ်လို့ တွေးကြတုန်းပါပဲ။

    လျှော်လျှော် မလျှော်လျှော် အန္တရာယ်မဖြစ်ပေမယ့် လူတွေ မကြောက်သင့်တာ မကြောက်ရအောင်၊ အသိမှား အမြင်မှားတွေ ရှိရင် ရှင်းလင်းသွားအောင် အားလုံးက ဝိုင်းပြီး ရှင်းပြပေးနေတာ ဖြစ်ပါတယ်။

    ဒီဆောင်းပါးကလည်း ရာသီလာချိန်မှာ ခေါင်းလျှော်ကို လျှော်ရမယ်ဆိုပြီး တိုက်တွန်းနေတာ မဟုတ်ပါဘူး။ လျှော်လည်း ကိုယ့်သဘော၊ မလျှော်လည်း ကိုယ့်သဘောပါ။

    ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက ရာသီလာတာနဲ့ ပတ်သက်ရင် မသန့်ဘူးဆိုပြီး (အမျိုးသမီးတွေ အချင်းချင်းကိုက) ခွဲခြားဆက်ဆံခံရတာ၊ ရာသီသုံးပစ္စည်းတွေကို ခိုးဝှက်ဝယ်ရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတာတွေ ရှိပါတယ်။ ဒါကြောင့် ရာသီလာတာနဲ့ ပတ်သက်တဲ့ အသိမှားအမြင်မှားတွေကို ရှင်းပြနေရတာ ဖြစ်ပါတယ်။

    အထူးသဖြင့် ကိုယ်က ပွဲတစ်ခုခု သွားစရာရှိလို့၊ ဒါမှမဟုတ် ငြီးစီစီနဲ့ နေလို့ မကောင်းလို့ (အထူးသဖြင့် နွေရာသီမှာ)၊ ရာသီလာတဲ့ရက်နဲ့ ခေါင်းလျှော်ရမယ့် ရက်နဲ့ တိုက်နေလို့ လျှော်ချင်ပေမယ့် တစ်ခုခုဖြစ်မှာကို ကြောက်လို့ မလျှော်ဘဲ စိုးရိမ်နေတဲ့ အမျိုးသမီးလေးတွေကို ရည်ရွယ်ပါတယ်။

    ရာသီလာချိန် ခေါင်းလျှော်ရင် နေမကောင်း မဖြစ်စေဖို့

    တချို့ကလည်း ပြောကြတယ်။ ရာသီလာချိန်မှာ ခေါင်းလျှော်လိုက်တာ ဖျားသွားလို့၊ ခေါင်းကိုက်လို့ စသဖြင့်ပေါ့နော်။ ဒါကတော့ ရာသီလာချိန်မှ မဟုတ်ပါဘူး။ တခြားအချိန်တွေမှာလည်း ခေါင်းလျှော်ရင်းနဲ့ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။

    ရာသီလာချိန်မှာတော့ ပင်ပန်းပြီး အားနည်းနေတဲ့အတွက်  သာမန်အချိန်ထက် ဖျားနာလွယ်ပါတယ်။ ဒါကြောင့် ‌ရေမြန်မြန်ချိုး၊ ခေါင်းမြန်မြန်လျှော်ပြီး သေချာခြောက်အောင် သုတ်ပါ။ ဒါဆိုရင် ခေါင်းကိုက်တာ၊ ဖျားနာတာတွေ ဖြစ်မှာ မဟုတ်ပါဘူး။

    အမျိုးသမီးတို့ သိစေဖို့

    ရာသီရက်မှာ ခေါင်းလျှော်သည်ဖြစ်စေ၊ မလျှော်သည်ဖြစ်စေ ဒါက ဘာမှမထိခိုက်ပါဘူး။ ကိုယ်က ရာသီလာချိန်မှာ ခေါင်းလျှော်ရင် ဖျားနာလို့၊ တစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ မလျှော်ဘူးဆိုလည်း ပြဿနာ မရှိပါဘူး။ မလျှော်ဘဲ နေလို့ ရပါတယ်။ ခန္ဓာကိုယ်တွေရဲ့ တုံ့ပြန်မှုက တူမှ မတူဘဲကိုး။
    ရာသီလာချိန်မှာ ခေါင်းလျှော်နေကျ။ ဘာမှမဖြစ်ဘူးဆိုလည်း ဆက်လျှော်ပါ။ ဒီဆောင်းပါးက ရာသီလာချိန်မှာ ခေါင်းလျှော်ကို လျှော်ရမယ်လို့ တိုက်တွန်းနေတာ မဟုတ်ပါ။ ရာသီလာချိန်မှာ ခေါင်းလျှော်တာက ဘာမှမဖြစ်ဘူးဆိုတာကို သိစေချင်ရုံပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement