backup og meta

ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း

ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း

အာရှနိုင်ငံတော်တော်များများက အမျိုးသမီးတွေက ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်ရင် ချင်းပြုတ်ရည်လေး၊ ချင်းထန်းညက်လေး မှီဝဲတတ်ကြပါတယ်။ အများစုက ရာသီသွေးဆင်းများလို့၊ ရာသီမမှန်လို့၊ ကိုက်ခဲလို့ သောက်ကြတာ ဖြစ်ပါတယ်။ ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း ဘယ်လိုမျိုး ဆက်စပ်နေသလဲဆိုတာကို ဆေးပညာရှုထောင့်ကနေ ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း

ချင်းထန်းညက်ပြုတ်ရည်ဆိုတော့ ချင်းရဲ့ အာနိသင်နဲ့ ထန်းညက်ရဲ့ အာနိသင်ကို သပ်သပ်စီ လေ့လာကြည့်ရအောင်။

ချင်း

  • ရာသီလာချိန် ကိုက်ခဲတာကို သက်သာစေတယ်။

ချင်းမှာ gingerolလို့ခေါ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ ဒြပ်ပေါင်းပါရှိပါတယ်။ လေ့လာချက်တွေအရ ချင်းက ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ သာမန်ကိုက်ခဲနာကျင်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

သာမန်ကိုက်ခဲနာကျင်မှု ဆိုတာက မီးယပ်ရောဂါတွေ (ဥပမာ သားအိမ်သွေးလုံးတည်တာ)ကြောင့် မဟုတ်တဲ့ ကိုက်ခဲမှုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

Gingerolက အပူပြင်းပြင်းပေးလိုက်ရင် အာနိသင် နည်းသွားတာကြောင့် အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ ဒီလို ကိုက်ခဲနာကျင်မှုတွေကို သက်သာစေတာက အကိုက်အခဲပျောက်ဆေးကို ခဏခဏ မသောက်ချင်တဲ့ အမျိုးသမီးတွေအတွက် ပိုသင့်တော်ပါတယ်။

  • ရာသီသွေးဆင်းများတာကို သက်သာစေတယ်။

လေ့လာချက်တွေအရ ရာသီလာချိန်မှာ ချင်းမှီဝဲပေးတာက ရောဂါကြောင့် မဟုတ်တဲ့ ရာသီသွေးဆင်းများတာကို သက်သာစေတယ်လို့ ဆိုပါတယ်။ ရောဂါကြောင့် (ဥပမာ သားအိမ်အသားလုံး) ဆိုရင်တော့ ရောဂါအခံကို ကုမှပဲ သက်သာမှာ ဖြစ်ပါတယ်။

ထန်းညက်

  • သွေးအားနည်းရောဂါအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ထန်းညက်မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထန်းညက် စားပွဲတင်ဇွန်း တစ်ဇွန်းမှာ သံဓာတ် ၂.၂ဂရမ် ပါဝင်ပါတယ်။ သိပ်များတဲ့ ပမာဏ မဟုတ်ပေမဲ့ သွေးဆင်းချိန် သံဓာတ်ဆုံးရှုံးတာကိုတော့ အထိုက်အလျောက် ပြန်ဖြည့်ပေးနိုင်ပါတယ်။

  • အစာကြေစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ရာသီလာချိန်မှာ အမျိုးသမီးတွေအနေနဲ့ လေပွပြီး အစာမကြေတာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေ ခံစားရတတ်ပါတယ်။ လေ့လာချက်တွေအရ ထန်းလျက်က အစာကြေစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်တဲ့။

  • ရာသီအကြိုလက္ခဏာတွေကို သက်သာစေပါတယ်။

လေ့လာချက်များများစားစား မရှိပေမဲ့ တချို့စာတမ်းတွေမှာ ထန်းလျက်က Pre-menstrual syndrome (ရာသီအကြို လက္ခဏာတွေ)ကို သက်သာစေတယ်လို့ ဆိုပါတယ်။

ချင်းနဲ့ ထန်းညက် စားတဲ့အခါ ဘာတွေ သတိထားရမလဲ။

ချင်းရော ထန်းညက်ရောက ကျန်းမာရေးအတွက်ကောင်းတယ်။ ရာသီလာတဲ့အချိန် ဖြစ်တတ်တဲ့ ဝေဒနာတွေအတွက် အကျိုးရှိတယ်ဆိုပေမဲ့ အလွန်အကျွံစားတာ၊ ချင်းထန်းညက်ပြုတ်ရည် ကို အလွန်အကျွံသောက်တာမျိုး မလုပ်သင့်ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ ရောဂါအခံတွေက မတူတဲ့အတွက် ဘယ်လောက်ပမာဏက အလွန်အကျွံဆိုတာ ပြောရခက်ပါတယ်။ ဒါကြောင့် ကိုယ့်အသိဉာဏ်နဲ့ကိုယ် ချင့်ချိန်ပြီး စားပါ။

ချင်းက များများစားရင်  ရင်ပူတာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ သွေးကျဲစေတဲ့ အာနိသင်ရှိတာကြောင့် သွေးထွက်လွယ်သူတွေ၊ သွေးကျဲဆေးသောက်နေသူတွေအနေနဲ့ လျှော့ပြီး စားသင့်ပါတယ်။ ဟင်းချက်တဲ့ထဲ ပါတဲ့ပမာဏလောက်က ပြဿနာ မဟုတ်ပေမဲ့ ချင်းပဲ သီးသန့်စားမယ်ဆိုရင် သတိထားရပါမယ်။

ထန်းညက်ကလည်း သကြားဓာတ်တွေ ပါဝင်တာကြောင့် များများစားမယ်ဆိုရင် အဝလွန်တာ၊ သူ့ရဲ့ နောက်ဆက်တွဲ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏပဲ စားသင့်ပါတယ်။

တစ်ခုချင်းစီပဲစားစား၊ ချင်းထန်းညက်ပြုတ်ရည် အနေနဲ့ပဲ သောက်သောက် ဒီအချက်တွေကို သတိထားဖို့ လိုပါတယ်။

အနှစ်ချုပ်

ရာသီလာချိန်မှာ ချင်းထန်းညက်ပြုတ်ရည် သောက်သောက်၊ ချင်းပဲစားစား၊ ထန်းညက်ပဲစားစား စားလို့ ရပါတယ်။ ရာသီလာချိန် ကိုက်ခဲတာ သက်သာစေတာ၊ သွေးဆင်းများတာကို သက်သာစေတာ၊ သံဓာတ်ပြည့်ဝစေတာ စတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ တန်ဆေး လွန်ဘေး သင့်တင့်ရုံလောက်သာ မှီဝဲဖို့ အကြံပြုချင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Ginger Offers Health Benefits https://health.clevelandclinic.org/ginger-health-benefits/ Accessed date Aug 8, 2023

Ginger Benefits https://www.hopkinsmedicine.org/health/wellness-and-prevention/ginger-benefits Accessed date Aug 8, 2023

Efficacy of Ginger in the Treatment of Primary Dysmenorrhea: A Systematic Review and Meta-analysis https://www.ncbi.nlm.nih.gov/pmc/articles/PMC8021506/ Accessed date Aug 8, 2023

Effect of ginger (Zingiber officinale) on heavy menstrual bleeding: a placebo-controlled, randomized clinical trial https://pubmed.ncbi.nlm.nih.gov/25298352/ Accessed date Aug 8, 2023

Jaggery: A natural sweetener https://www.researchgate.net/publication/344921769_Jaggery_A_natural_sweetener Accessed date Aug 8, 2023

Relationship between Added Sugars Consumption and Chronic Disease Risk Factors: Current Understanding https://www.ncbi.nlm.nih.gov/pmc/articles/PMC5133084/ Accessed date Aug 8, 2023

ယခုပုံစံ

04/12/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement