backup og meta

ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ!

ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ!

တစ်လတာမှာ ဒီအချိန်ကို ရောက်လာပြီဆိုရင် ခန္ဓာကိုယ်ကပဲ မကျန်းမာတော့သလိုလို ကိုက်ခဲနေသလိုလို ခံစားရတာတွေနဲ့အတူ ဝမ်းချုပ်တာကိုဖြစ်ဖြစ် ဝမ်းခဏခဏ သွားနေရတာကိုဖြစ်ဖြစ် ခံစားရတယ်နော်။ တစ်ယောက်တည်းမှာတောင် ဒီလက ဝမ်းချုပ်ပြီး နောက်လကျ ဝမ်းခဏခဏ သွားတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားတာက ပုံမှန်ပဲလား

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ ဗိုက်အောင့်တာတွေကို မခံစားရတဲ့ လေဒီလေးတွေက ခပ်ရှားရှားပါ။ နည်းနည်းပါးပါး ခံစားရတာနဲ့ ပြင်းပြင်းထန်ထန် ခံစားရတာတော့ ကွာခြားနိုင်တာပေါ့။ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုတွေအပြင် ဝမ်းချုပ်တာ၊ လေပွတာ၊ ဝမ်းပျက်တာကိုပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားတာက ပုံမှန်ပဲလို့ ပြောချင်ပါတယ်။

ရာသီလာချိန်မှာ ခံစားရတဲ့ ဝမ်းချုပ်တာ၊ ဝမ်းခဏခဏ သွားတာနဲ့ လေပွတာလိုမျိုး အစာခြေစနစ် ပြဿနာတွေက အရမ်းမပြင်းထန်တတ်တာကြောင့်  ဆေးဝါးအကူအညီ မယူဘဲ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။  တစ်ခါတလေမှာတော့ အရမ်းပြင်းပြင်းထန်ထန် ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

[embed-health-tool-ovulation]

ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ

ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ ဆိုတော့ ဒီအချက်လေးတွေကြောင့်ပေါ့။

  • ဟော်မုန်း ပြောင်းလဲမှု

ပထမဆုံး အနေနဲ့ ဟော်မုန်းတွေကိုပဲ အပြစ်ဆိုရပါတော့မယ်။ ရာသီလာချိန်မှာ ​ရေအိမ်ဆီကို ခဏခဏပြေးရလောက်အောင် ဗိုက်ထဲက ရစ်ရစ်ပြီးနာလို့ ဝမ်းသွားရတဲ့ ပြဿနာကို ရာသီစက်ဝန်း မစခင်မှာတင် ခံစားရပါတယ်။ အကြောင်းကတော့ prostaglandins လို့ခေါ်တဲ့ ဓာတုပစ္စည်းက ရာသီသွေးဆင်းချိန် သားအိမ်အတွင်းက ကြွက်သားပြေလျော့စေပြီး သားအိမ်နံရံတွေ ကွာကျအောင် လုပ်ဆောင်ပေးနေတာကြောင့် ဖြစ်ပါတယ်။

ဒီသက်ရောက်မှုက ရာသီသွေးဆင်းမှုအပေါ်မှာတင် မဟုတ်ဘဲ အူမကြီးပေါ်မှာပါ သက်ရောက်သွားချိန်မှာတော့ ဝမ်းပျက်ဝမ်းလျှောသလိုမျိုး ဝမ်းခဏခဏ သွားတာကို ခံစားလာရတာပါ။

ဒါ့အပြင် Prostaglandins က ခန္ဓာကိုယ်ကို ရေဓာတ် ပိုမိုစုပ်ယူစေပြီး ဝမ်းပျော့ပျော့ သွားစေပါတယ်။ ဒါကြောင့်လည်း ရာသီလာချိန်မျာ ဝမ်းပျက်ဝမ်းလျှောသလို ခံစားရတာပါ။ ရာသီလာချိန်မှာ ကော်ဖီသောက်မယ်ဆိုရင်တော့ ကဖင်းက ဝမ်းပျော့စေနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။

သားဥမကြွေခင်မှာ သားအိမ်က သားဥကို သုက်ပိုးလေးနဲ့ တွေ့ဆုံပြီး သန္ဓေအောင်ဖို့ ပြင်ဆင်ထားပေမယ့် သားဥကြွေပြီးချိန်မှာတော့ သန္ဓေအောင်မှုဖြစ်စဉ် မရှိတော့ဘူးဆိုရင် နောက်ရာသီစက်ဝန်းအတွက် အသင့်ပြင်ဖို့ သန့်ရှင်းရေးလုပ်လိုက်တဲ့အနေနဲ့ ရာသီသွေးဆင်းလာပါတော့တယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ ထွက်ရှိလာတဲ့ fatty acid တစ်မျိုးဖြစ်တဲ့ prostaglandins က ရာသီသွေးဆင်းဖို့ တာဝန်ယူထားတဲ့ သားအိမ်လေးအပေါ်မှာရော အစာဟောင်းစွန့်တဲ့ စနစ်အပေါ်မှာပါ သက်ရောက်တာကြောင့် ရာသီလာချိန်မှာ ခဏခဏဆိုသလို ဗိုက်ရစ်နာရင်း ဝမ်းပျက်သလို ခံစားရတာပါ။

ဒီအခြေအနေက IBS လို့ သိကြတဲ့ နာတာရှည် အူလမ်းကြောင်းရောဂါ နဲ့ Crohn’s disease ခံစားနေရသူတွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ နောက်ထပ် ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတုန်းက အချို့သော လေဒီလေးတွေမှာ ဝမ်းပျက်စေပြီး အချို့တွေမှာ ဝမ်းချုပ်စေနိုင်ပါတယ်။

ပရိုဂျက်စတုန်း ဟော်မုန်းက သားအိမ်နံရံတွေ ဖြစ်ပေါ်စေဖို့နဲ့ သားအိမ်အတွင်း နံရံ အတွင်းထူစေဖို့ လုပ်ဆောင်ပေးပါတယ်။ သားဥမကြွေခင်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းက အမြင့်ဆုံး အနေအထားမှာ ရှိပါတယ်။ ဒီဟော်မုန်းကလည်း အစာဟောင်းစွန့်တဲ့စနစ်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ပရိုဂျက်စတုန်းက ဝမ်းချုပ်စေတာပါ။

ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ!

  • စားသောက်ပုံ ပြောင်းလဲတာ

ရာသီလာဖို့ ရက်ကပ်လာချိန်မှာ ဘာကို စားချင်မိလဲ! အချိုပိုစားချင်တာလား ….. အငန်ကဲတာ၊ ချဉ်ချဉ်စပ်စပ် စားချင်တာလား …… ဒီအချက်ကလည်း ဟော်မုန်းကိုပဲ အပြစ်ဖွဲ့ရမှာပါ။ သားဥကြွေပြီးချိန် ရာသီသွေးမပေါ်ခင် စပ်ကြားမှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်း ဟော်မုန်း မြင့်တက်နေတာကြောင့်  စားသောက်ပုံ ပြောင်းလဲတာမျိုး ရှိနိုင်ပါတယ်။

ရာသီလာချိန်မှာ အချိုစားချင်တာ၊ ချဉ်ချဉ်စပ်စပ် စားချင်တာတွေကို လိုက်ပြီး ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေကို ခံစားရနိုင်ပါတယ်။

  • စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာ

ရာသီလာချိန်မှာ စိတ်ခံစားမှု ပြောင်းလဲတာ၊ စိတ်ဖိစီးတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေပါ။ ဒီလို စိတ်ခံစားမှု ပြောင်းလဲတာတွေနဲ့ စိတ်ဖိစီးတာတွေကလည်း ရာသီလာချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။ ရာသီလာချိန်မှာ စိတ်ဖိစီးတာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိုးရိမ်စိတ် များတာတွေက အစာဟောင်းစွန့်တဲ့ စနစ်ပေါ်မှာ သက်ရောက်မှု ဖြစ်စေပြီး ဝမ်းပျက်တာကို ခံစားရစေတာပါ။

ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားရတာက ဒီအချက်တွေကြောင့်ဆိုတာ သိသွားပြီဆိုတော့ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားရတာကို သက်သာစေဖို့ဆိုရင်

ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားတာကို သက်သာစေဖို့ဆိုရင်တော့

  • အစားအစာတွေကို သန့်ရှင်းစေဖို့ ဂရုစိုက်ပါ – ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းမှု ရှိတာတွေကို စားပေးပါ။ အမျှင်ဓာတ် ကြွယ်ဝတာတွေကိုလည်း ဂရုစိုက် စားသုံးပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပါ။ အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေကိုတော့ တတ်နိုင်သမျှ ရှောင်ပါ။
  • ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ – ဝမ်းပျက်တာက ကိုယ်တွင်းက ရေဓာတ်အပေါ်မှာ တိုက်ရိုက် သက်ရောက်မှု ရှိနေပါတယ်။ ဝမ်းခဏခဏ သွားတာက ခန္ဓာကိုယ်က တစ်ရှူးတွေမှာရှိတဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်ကို ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားတာကို သက်သာစေဖို့အတွက် ရေအပါအဝင် အရည်များများ သောက်ပေးပါ။
  • ဆေးသောက်ပါ – ရာသီ မစခင်ကတည်းက ibuprofen ကို သောက်ထားလိုက်တာက prostaglandins ထုတ်လွှတ်မှုကို လျှော့ချပေးပြီး ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကိုရော ရာသီလာချိန်မှာ ဝမ်းပျက်တာကိုပါ သက်သာစေမှာပါ။ ဆေးညွှန်းအတိုင်း အပိုမလို သောက်ဖို့တော့ လိုပါမယ်။

ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ပြင်းပြင်းထန်ထန် ခံစားရမယ်။ ဝမ်းခဏခဏသွားရင်း ဝမ်းထဲမှာ သွေးပါမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အခြေအနေတွေ မဖြစ်စေဖို့ မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Causes Period Poops? https://www.khealth.com/learn/bowel-movement/period-poops/ Accessed Date 15 February 2023

5 Ways Your Period Messes with Your Pooping Habits https://www.womenshealthmag.com/health/a19916310/5-ways-your-period-messes-with-your-pooping-habits/ Accessed Date 15 February 2023

Period Poops: What Are They & How to Stop Them https://www.mindsethealth.com/matter/period-poops Accessed Date 15 February 2023

Here’s the Deal with Period Poops https://health.clevelandclinic.org/why-do-you-poop-more-on-your-period/ Accessed Date 15 February 2023

Let’s Talk About Period Poop https://www.naturalcycles.com/cyclematters/period-poop Accessed Date 15 February 2023

ယခုပုံစံ

16/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့

ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement