backup og meta

ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်းပိုကောင်းအောင် ဘာတွေကျွေးမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်းပိုကောင်းအောင် ဘာတွေကျွေးမလဲ
    ကလေးဆိုတာ မူကြိုတွေ၊ကျောင်းတွေမတက်ခင်မွေးကတည်းကစပြီး အရာရာစူးစမ်းလေ့လာတော့တာ။ အရင်ဆုံး သူ့မျက်စိရှေ့မှာမြင်ရတဲ့ မျက်နှာတွေကိုမှတ်မယ်၊နောက်ဘေးဝန်းကျင်ကိုစပ်စုမယ်။ ဘယ်သူတွေ ဘာတွေလုပ်လဲ၊ ဘယ်လိုလုပ်လဲအတုခိုးမယ်။ ကလေးတွေကို ဘယ်ခေါ်သွားသွား ပတ်လည်လှည့်ပြီးလျှောက်ကြည့်တတ်တာတွေ့ဖူးမှာပေါ့။ အဲဒါသူတို့ရဲ့လေ့လာသင်ယူနေတဲ့ ကြိုးပမ်းမှုတွေပါပဲ။
    မူကြိုကစကျောင်းစပို့ပြီဆို သူတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အရောင်တင်ပံ့ပိုးပေးတာဖြစ်လို့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကမြန်မြန်ဆန်ဆန်တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အရေးပါတဲ့အချက်တစ်ချက်ကိုမေမေတို့မေ့မထားသင့်ပါဘူး။ ကလေးရဲ့ဖွံ့ဖြိုးမှုတိုင်းမှာ အားဖြည့်ပေးမယ့် အာဟာရပဲဖြစ်ပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံကောင်းဖို့ အကျိုးပြုမယ့် အာဟာရဓာတ်တွေ သူတို့စားတဲ့အထဲ ပါဝင်နေမှဖြစ်ပါမယ်။ မဟုတ်ရင် ဘယ်လောက်ကောင်းတဲ့ကျောင်းမှာထားထား၊ ဘယ်လောက်ပဲ သင်ပေးပေး ကလေးရဲ့ လေ့လာနိုင်စွမ်းကကောင်းမလာနိုင်ပါဘူး။
    ဒီတော့ ကလေးတွေကို ဉာဏ်ပိုကောင်းစေဖို့အထောက်အကူဖြစ်စေမယ့် အစားအသောက်တွေမေမေတို့ကျွေးပေးရင် ကွက်တိပဲပေါ့။ အဲဒီထဲမှာ ဘာတွေပါနိုင်လဲဆိုတော့ –

    ကြက်ဥ

    ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အာဟာရဓာတ်တွေက ကလေးကိုအာရုံစူးစိုက်မှုပိုကောင်းစေနိုင်ပါတယ်။ မကြာမကြာ ကြက်ဥပူတင်းလေးလုပ်ကျွေးမလား၊ ကြက်ဥပြုတ်ကျွေးမလားဒါမှမဟုတ် ပေါင်မုန့်ကြက်ဥကြော်ပေါ့။

    ဒိန်ချဉ်

    အကျိုးပြုအဆီတွေကလည်း ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အဆီမထုတ်ထားတဲ့ ဒိန်ချဉ်တွေဟာ ဦးနှောက်ဆဲလ်တွေကို အကြောင်းအရာသတင်းပေးပို့နိုင်စွမ်းနဲ့လက်ခံနိုင်စွမ်းပိုကောင်းအောင် ကူညီပေးပါတယ်။ အမျှင်ဓာတ်ပါတဲ့ ငှက်ပျောသီး ဒါမှမဟုတ် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့လို ဖလေဗာနွိုက် ကြွယ်ဝတဲ့ ဘယ်ရီသီးတွေနဲ့တွဲကျွေးရင် ပိုကောင်းပါတယ်။ ဒီအာဟာရဓာတ်တွေက ဦးနှောက်ကိုသွေးလည်ပတ်မှုပိုကောင်းစေလို့ ဉာဏ်ရည်ထက်မြက်စေနိုင်ပါတယ်။

    အစိမ်းရောင်အသီးအရွက်

    ဖောလိတ်နဲ့ ဗီတာမင်တွေကြွယ်ဝတဲ့ ဟင်းနုနွယ်နဲ့ကိုက်လန်တို့က သက်ကြီးပိုင်းမှာဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကိုတောင်ဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုက်လန်ဟာ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားဓာတ်တွေပြည့်ဝတဲ့ အရွက်ဖြစ်ပါတယ်။ အစိမ်းရောင်ရှိတဲ့ ဒါမှမဟုတ် အရောင်စိုတောက်တဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် K၊ လူတိန်းနဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ကြွယ်ဝတာကြောင့် ဦးနှောက်လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေနိုင်ပါတယ်။

    ငါး

    ငါးစားရင် ဉာဏ်ကောင်းတယ်လို့ပြောကြတာ ဗီတာမင် D နဲ့ အကျိုးပြုအဆီဓာတ် omega-3 ပါဝင်မှုကြောင့်ပါ။ ဒီနှစ်မျိုးလုံးက စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကျဆင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်း(ငါးသေတ္တာငါး)တွေမှာ omega-3 fatty acidတွေကြွယ်ဝပါတယ်။ DHA လို့ခေါ်တဲ့omega-3 တစ်မျိုးက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အဆီဓာတ်ဖြစ်ပြီး ဆယ်လ်မွန်မှာ ပါဝင်မှုများတယ်လို့ သိရပါတယ်။omega-3 လုံလောက်အောင်ရလေ ကလေးမှာ အာရုံစူးစိုက်နိုင်စွမ်းကောင်းလေဖြစ်ပါတယ်။

    အခွံမာသီးနဲ့ အစေ့အဆန်

    ပရိုတင်း၊ မရှိမဖြစ်လိုတဲ့အဆီဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အခွံမာသီးနဲ့ အစေ့အဆန်တွေက စိတ်ကိုကျန်းမာစေပြီး အာရုံကြောစနစ်ကိုကောင်းမွန်စေပါတယ်။ ဥပမာ သစ်ကြားသီးတွေကomega-3 ၊ ဗီတာမင် E၊ မယ်လာတိုနင်နဲ့ ဖောလိတ်ဓာတ်တွေပါဝင်မှုများလို့ ဦးနှောက်အတွက် အားဆေးတစ်လက်ပါပဲ။

    အုတ်ဂျုံ

    ပရိုတင်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အုတ်ဂျုံက နှလုံးနဲ့ ဦးနှောက်သွေးကြောကို သန့်ရှင်းစေနိုင်ပါတယ်။ ဂျုံကြမ်းကွေကာကို ကိုယ်တိုင် နို့နဲ့အချိုရောကျွေးတာက အချိုများတဲ့ ရိုးရိုးအသင့်ကွေကာတွေထက် ကလေးရဲ့မှတ်ဉာဏ်ပိုကောင်းစေနိုင်တယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။

    ဘယ်ရီသီး

    ဟင်းနုနွယ်လိုပဲ ဘယ်ရီသီးတွေမှာလည်း ဦးနှောက်အတွင်း free-radicalတွေရဲ့ဆိုးကျိုးသက်ရောက်မှုတွေကို တန်ပြန်ချေဖျက်နိုင်၊ တားဆီးနိုင်မယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဘယ်ရီသီးမှာပါတဲ့ နောက်ထပ်ဦးနှောက်အကျိုးပြုဓာတ်တစ်မျိုးကတော့ ဖလေဗာနွိုက်ပဲဖြစ်ပါတယ်။ ဖလေဗာနွိုက်က ဦးနှောက်ရဲ့hippocampus အပိုင်းကို အရောက်သွားပြီးလေ့လာသင်ယူနိုင်စွမ်းအတွက် အထောက်အကူပြုတဲ့သက်ရောက်မှုရှိပါတယ်။

    အဓိကကတော့ မရှိမဖြစ်အာဟာရဓာတ်တွေ အစုံအလင်ရဖို့ပါပဲ။ ဒီဓာတ်တွေကို အစားအသောက်ကနေရမယ်၊ အစားနည်းတဲ့ကလေးဆို ဖြည့်စွက်အာဟာရကို အားကိုးရမယ်၊ မရနိုင်ရင် ဆရာဝန်ညွှန်တဲ့အားဆေး တိုက်သင့်တိုက်ရမယ်၊ ကလေးရဲ့အနေအထားကို မူတည်တဲ့နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မေမေတို့ရဲ့လက်ထဲမှာ ဘေးကင်းအားပြည့်တဲ့ အစာအာဟာရတွေရရှိတော့ ပိုကောင်းတာပေါ့။ ဉာဏ်ရည်ထက်တဲ့ကလေးတွေကို ပျိုးထောင်ပေးနိုင်ဖို့ ဒါတွေကြိုးစားကျွေးကြည့်ပါနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement