backup og meta

ကလေးအတွက် အရေးပါတဲ့ အာဟာရဓါတ်များ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအတွက် အရေးပါတဲ့ အာဟာရဓါတ်များ

    စစားတတ်ပြီဆိုတာနဲ့ ကလေးကို အစုံတော့ကျွေးနေတာပဲ။ အားဖြစ်စေမယ့်၊ ထွားစေမယ့် အစားအသောက်တွေ စီစဉ်ပေးမယ်၊ အချိန်ဇယားနဲ့ မှန်မှန်ကျွေးမယ်။ ကလေးကို လူကောင်ကြီးလာ၊ ထွားလာ၊ ဝလာအောင်ကျွေးနိုင်ရင် အာဟာရလုံလောက်ပြီထင်နေပါသလား။ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်ဆိုတာ အမျိုးစုံ၊ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုခုချို့တဲ့လို့ လူကောင်ချည်းပဲထွားလာပြီး ဉာဏ်ရည်ပိုင်းမှာ အားနည်းရှာတဲ့ ကလေးတွေ၊ ထွားနေပေမယ့် အဝလွန်အဆင့်ရောက်သွားတဲ့ကလေးတွေဆို စိတ်မကောင်းစရာပါပဲ။

    ကလေးထွားတယ်ဆိုတာ ဝနေတာကို ဆိုလိုတာမဟုတ်ပါဘူး၊ ဝနေတိုင်းလည်း ကိုယ့်ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်းက ထိုက်သင့်သလောက်ဖြစ်နေရဲ့လား မသေချာပါဘူး။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပါအဝင် ကလေးတွေရဲ့ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပမာဏအချိုးညီညီရရှိနိုင်ဖို့ မိဘတွေက စီမံပေးရမှာပါ။ ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးထွားလာဖို့ အာဟာရဓါတ်ပြည့်ဝအောင် ဂရုစိုက်သင့်ပါတယ်။ ဘာဓါတ်တွေကို ဘာလို့လိုအပ်တာလဲဆိုတာရောမေမေတို့ သိထားကြရဲ့လား။

    ဗီတာမင် A

    အမြင်အာရုံအတွက် အဓိကအရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ အထူးသဖြင့် အရောင်ခွဲခြားနိုင်စွမ်းနဲ့ ညဘက်မြင်နိုင်စွမ်းမှာ ပိုသိသာပါတယ်။ ဒါ့အပြင် ကလေးရဲ့ ကိုယ်ခံအားစနစ်ကို အားပေးတဲ့အတွက်ရောဂါပိုးတွေကာကွယ်နိုင်စွမ်း ပိုကောင်းစေပါတယ်။

    ဗီတာမင် A ကို မုန်လာဥနီ၊ သခွားမွှေး၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီစိမ်းတို့လို အသီးနဲ့အရွက်တွေဆီကရနိုင်ပါတယ်။

    ဗီတာမင် B အုပ်စု

    ဗီတာမင် B1 ၊B2 ၊ B6 ၊B12 စတဲ့ ဗီတာမင် B အုပ်စုဝင်တွေကအရေပြားကအစ အာရုံကြော၊ ကြွက်သား၊နှလုံး၊၊အစာခြေစနစ်၊ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးအတွက် အကျိုးပြုလုပ်ဆောင်ချက်တွေသိပ်များပါတယ်။ ကလေးတွေအတွက် အထူးသဖြင့်ပြောရရင်တော့ ဖွံ့ဖြိုးမှုနဲ့ကြီးထွားမှုအတွက် အရေးပါတဲ့နေရာက လိုအပ်တဲ့ဓါတ်တွေပါ။ အစားအစာအုပ်စုတိုင်းနီးပါးမှာ ပါတတ်လို့ အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်၊အသီးအနှံစုံလင်အောင်စားရင် ဗီတာမင်B မျိုးစုံကိုရနိုင်ပါတယ်။

    ဗီတာမင် C

    ဗီတာမင် C က ကိုယ်ခံအားကောင်းစေလို့ ကလေးတွေကိုရောဂါမဖြစ်အောင်၊ ကျန်းမာအောင်ကာကွယ်နိုင်ပါတယ်။ အနာကျက်လည်းမြန်စေတယ်။ လိမ္မော်သီး၊စတော်ဘယ်ရီသီး စတဲ့ ဗီတာမင် C အသီးအနှံလေးတွေဆို သူတို့နှစ်သက်တတ်ပါတယ်။

    ဗီတာမင် D

    ကလေးရဲ့ အရိုးနဲ့သွားကျန်းမာရေးအတွက် ဗီတာမင် D ကိုနေ့တိုင်းရဖို့လိုအပ်ပါတယ်။ ဒီဓါတ်ကိုရမှ ခန္ဓါကိုယ်မှာအရိုးဖွံ့ဖြိုးလာဖို့ လုပ်ဆောင်ပေးမယ့် ကယ်လ်စီယမ်ကိုစုပ်ယူနိုင်မှာပါ။နေရောင်ခြည်နဲ့အရေပြားထိတွေ့မှ ဗီတာမင် D ကိုရနိုင်မှာဖြစ်ပေမယ့် ခရမ်းလွန်အန္တရာယ်ကရှိသေးတော့ ကလေးတွေကိုနေပူထဲချည်းနေခိုင်းလို့မှမဖြစ်နိုင်တာ။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်စွက်ထားတဲ့ အာဟာရနို့၊ကွေကာတို့တိုက်လို့ရတယ်၊ တူနာငါးကျွေးလို့ရတယ်၊ ကြက်ဥကျွေးလို့ရတယ်။

    ပရိုတင်း

    ကလေးတွေကြီးထွားဖွံ့ဖြိုးမှုနဲ့ တခြားခန္ဓါကိုယ်လုပ်ဆောင်ချက်တွေအတွက် ပရိုတင်းလို့ခေါ်တဲ့ အသားဓါတ်ကိုလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲကလေးတွေအတွက် ပရိုတင်းက ဆဲလ်တွေ၊ အင်ဇိုင်းနဲ့ဟော်မုန်းတွေကို အားဖြည့်ထောက်ပံ့ပေးပြီး ခန္ဓါကိုယ်ကို ခွန်အားဖြစ်စေပါတယ်။

    ကယ်လ်စီယမ်

    မေမေတို့ သိကြတဲ့အတိုင်း ကယ်လ်စီယမ်က ကလေးရဲ့အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးပါ။ ကယ်လ်စီယမ်သိပ်နည်းနေရင် သူတို့လေးတွေရဲ့နောက်ပိုင်းအသက်အရွယ်မှာ အရိုးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်ခြေများပါတယ်။ ကယ်လ်စီယမ်လိုချင်ရင် နို့ထွက်ပစ္စည်းကတော့ အကောင်းဆုံးအရင်းအမြစ်ပေါ့။ နွားနို့၊ နို့မှုန့်၊ ဒိန်ချဉ်တို့နဲ့တင် ကယ်လ်စီယမ်ရနိုင်ပါတယ်။

    သံဓါတ်

    သွေးနီဥဆဲလ်တွေက သံဓါတ်ကိုအသုံးပြုပြီး ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ပို့ပေးတာပါ။ အသား၊ ပဲ၊ သံဓါတ်ဖြည့် အာဟာရနို့တွေ၊ကွေကာတွေကတဆင့်လည်း ကလေးတွေကို သံဓါတ်ရရှိစေနိုင်ပါတယ်။

    DHA(docosahexaenoic acid)

    DHA ဆိုတာ အကျိုးပြုအဆီဓါတ် omega-3 fatty acid တစ်မျိုးပါ။ သူက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်တင်မက မျက်စိနဲ့အာရုံကြောစနစ်အတွက်ပါ အကျိုးပြုထောက်ပံ့ပေးတာဖြစ်ပါတယ်။လေ့လာမှုတွေအရDHA က ကလေးရဲ့အသက်ရှူလမ်းကြောင်းကျန်းမာရေးကိုထောက်ပံ့ပေးပြီး ကိုယ်ခံအားစနစ်ဖွံ့ဖြိုးမှုအတွက်ပါ ကူညီပေးတယ်လို့တွေ့ရပါတယ်။

    အကျိုးပြုဘက်တီးရီးယားအတွက် Prebiotics

    အူတွင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) က ကလေးတွေရဲ့အစာခြေစနစ်ကျန်းမာရေးကိုစောင့်ရှောက်ကူညီပေးပြီး အစာကြေအောင်၊ဝမ်းတစ်လုံးကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့အာဟာရအမျှင်ဓာတ်ဖြစ်တဲ့ prebioticsလေးတွေကို လူသိနည်းပါတယ်။ Prebioticတွေကို ငှက်ပျောသီး၊ကညွတ်၊ပဲပိစပ်တို့လို အစားအသောက်တွေကနေရရှိနိင်သလို LcFOS (prebiotic တစ်မျိုး) ဖြည့်စွက်ထားတဲ့အာဟာရနို့မှုန့်တွေကနေလည်း ရရှိနိုင်ပါတယ်။ အစာခြေစနစ်အတွက် prebioticတွေရဲ့ကောင်းကျိုးတွေက အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ပိုမြန်ဆန်စေဖို့ကူညီပေးတယ်၊ အူမကြီးကိုသန့်ရှင်းစေတယ်၊ ဝမ်းမှန်စေတယ်။

    ဖြည့်စွက်အာဟာရဆိုရင်ရော

    အာဟာရဓာတ်တွေပြည့်စုံဖို့လိုအပ်တယ်ဆိုပြီး ကလေးကို အစားအစာတွေအစုံကျွေးမယ်ဆို ရတော့ရနိုင်ပေမယ့် အမြဲတော့ပုံမှန်မရနိုင်ပါဘူး။ ကလေးအနေနဲ့ မငြီးငွေ့အောင် မတူတာလေးတွေပြင်ဆင်ပေးရမယ်၊ မီနူးလည်းပြောင်းပေးရမယ်၊ ဒါတောင် ဓာတ်တစ်မျိုးမျိုးမှာ ကျန်နေခဲ့တာမျိုး၊ ကလေးကကြေးများလို့ သိပ်မစားတာမျိုးဆို အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လိုအပ်သမျှဓါတ်တွေကို အသင့်ဖြည့်စွက်ပြီးသား အာဟာရနို့မှုန့်၊ ဖြည့်စွက်အာဟာရတွေနဲ့ဖေးကူသင့်ပါတယ်။ ကလေးအရွယ်ကို အားဆေးတိုက်တာထက် အာဟာရဓာတ်ပါဝင်မှုမှာ အားဆေးနဲ့သိပ်မကွာတဲ့ဖြည့်စွက်အာဟာရတွေက ပိုသင့်တော်ပါလိမ့်မယ်။ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ထက်မြက်တဲ့ သားသားမီးမီးတွေဖြစ်အောင်ပြုစုပျိုးထောင်နိုင်ပါစေနော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement