ဘေဘီလေးယူဖို့ ပြင်ဆင်နေတဲ့သူတွေ
အခုချိန်ထိတော့ ကာကွယ်ဆေး ထိုးတာကြောင့် ကလေးရရှိမှုကို ထိခိုက်သွားစေတယ်လို့ မတွေ့ရသေးပါဘူး။ ကိုဗစ် ကူးစက်ခံရမှသာ အမျိုးသမီးမှာ ရာသီထိမ်တာနဲ့ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း ကျဆင်းစေတာမျိုး ခံစားရပြီး ကလေးရရှိမှုကို ထိခိုက်စေနိုင်တာပါ။ ကာကွယ်ဆေးကြောင့်တော့ ကလေးရရှိမှုကို မထိခိုက်စေနိုင်ပါဘူး။
ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ အနာဂတ်မျိုးဆက်သစ်လေးကို ပျိုးထောင်ချင်တယ်ဆိုရင် ကာကွယ်ဆေးထိုးထားဖို့ ပြောပါရစေ။
အစားအစာနဲ့ ဓာတ်မတည့်တာ၊ ဆေးဝါးနဲ့ ဓာတ်မတည့်တာ၊ သားရေ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ အင်းဆက်တွေ နဲ့ ပတ်ဝန်းကျင်ကအရာတွေနဲ့ ဓာတ်မတည့်မှုကို ခံစားရသူတွေဟာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါတယ်။
ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးမှာပါတဲ့ ဒြပ်ပေါင်းတစ်ခုခုနဲ့ ဓာတ်မတည့်သူတွေအနေနဲ့ကတော့ ကာကွယ်ဆေး မထိုးသင့်ပါဘူး။ ဒါကြောင့် မထိုးခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါမယ်။
ကိုဗစ် ကာကွယ်ဆေး အများစုက သွေးတိုး၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေအတွက်လည်း ဘေးကင်း စိတ်ချရအောင် ထုတ်လုပ်ထားတာပါ။
HIV ရောဂါ ရှိသူတွေအနေနဲ့လည်း ကိုဗစ် ကာကွယ်ဆေးကို စိတ်ချလက်ချ ထိုးနှံလို့ ရပါတယ်။ သတိထားရမယ့် အချက်တစ်ခုက ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့ပါ။
ရောဂါအခံရှိတဲ့ ဘိုးဘိုးဘွားဘွားတွေ နဲ့ အသက်အရွယ် အရမ်းကြီးတဲ့ ဘိုးဘိုးဘွားဘွားအနေနဲ့ ကိုဗစ် ကူးစက်ခံရတဲ့ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားတာက အထိရောက်ဆုံး ကာကွယ်နည်းပါ။ ဒါဆို ဘိုးဘိုးဘွားဘွားတွေအနေနဲ့ ကာကွယ်ဆေး ထိုးလို့ရလားဆိုတော့ ရပါတယ်။ ကာကွယ်ဆေးကြောင့် ဘိုးဘိုးဘွားဘွားတွေမှာ ထိခိုက်မှု တစ်စုံတရာ မရှိပါဘူး။
ကိုဗစ်ကနေ သက်သာလာသူတွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာစပြခါစကနေ ၁၁ရက်ကျော်ရမှာ ဖြစ်ပြီး လူနာက လက်ရှိမှာ ဖျားနေတာမျိုး မဖြစ်ရပါဘူး။ ကိုဗစ်ကနေ တော်တော်သက်သာလာပြီး antibody ထွက်နေချိန်မှာ ကာကွယ်ဆေး ထိုးတာက နှစ်မျိုးစပ် ခုခံအား hybrid immunity ကို ရရှိစေနိုင်ပါတယ်။
Monoclonal antibodiesတွေ၊ သွေးရည်ကြည်ကုထုံး ခံယူထားတဲ့သူတွေကတော့ လုံးဝသက်သာပြီး ရက်၉၀ပြည့်မှ ထိုးသင့်ပါတယ်။
ကိုဗစ် positive ရှိသူတွေ
ပေါ့စတစ်ရှိသူတွေကလည်း တူတူပါပဲ။ ရောဂါလက္ခဏာပြတဲ့သူဆိုရင် လက္ခဏာပြပြီး ၁၁ရက်အကြာ၊ Test kitနဲ့ စစ်တဲ့သူဆိုရင် ပေါ့စတစ်ပြပြီး ၁၁ရက်အကြာမှာ ထိုးလို့ရပါတယ်။ လက္ခဏာပြသူတွေကတော့ ၁၁၁ရက်ပြည့်ပေမယ့် လက္ခဏာတွေ မသက်သာသေးဘူးဆိုရင် သက်သာအောင် စောင့်ပြီးမှ ထိုးသင့်ပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးတွေ
နိုင်ငံအများစုမှာ အသက် ၁၂ နှစ်ပြည့်ပြီးသူတွေကို ကာကွယ်ဆေးတွေ ထိုးပေးနေပါပြီ။ သူတို့လေးတွေကိုလည်း လူကြီးတွေလိုပဲ ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးတာပါ။ ဒါက Pfizerကာကွယ်ဆေးအတွက်ပါ။ မြန်မာနိုင်ငံမှာ လက်ရှိ တရုတ်ကာကွယ်ဆေးတွေ ထိုးပေးတာဖြစ်တဲ့အတွက် ၁၈ နှစ်အောင် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးလို့ မရသေးပါဘူး။
ဘယ်သူတွေ ကာကွယ်ဆေး မထိုးသင့်ဘူးလဲ……..
ပုံမှန်အားဖြင့်ကတော့ အများစုက ကာကွယ်ဆေး ထိုးလို့ ရပါတယ်။ ဒါပေမယ့်
- ကိုဗစ်ကာကွယ်ဆေးမှာပါတဲ့ ပါဝင်ပစ္စည်း တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်သူတွေ
- thrombocytopenia လို့ခေါ်တဲ့ သွေးဥမွှား နည်းပါးတဲ့ရောဂါ (low blood platelet count) ခံစားနေရသူတွေအနေနဲ့ ကာကွယ်ဆေးထိုးမယ်ဆိုရင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါတယ်။ လုံးဝ ထိုးလို့မရတာ မဟုတ်ပေမယ့် ဘယ်လောက်တောင် နည်းနေလဲဆိုတာကို သိဖို့လိုပါတယ်။ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
ကာကွယ်ဆေး ထိုးပြီးရင်တောင် ဒါတွေ ဆက်လိုက်နာပါ။
ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း အပြင်သွားတဲ့အခါတိုင်း မတ်ခ်တပ်ဖို့ လိုဦးမှာပါ။ နောက်တစ်ချက်က တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ အပြင်က ပြန်လာတိုင်း လက်ကို ရေနဲ့ဆပ်ပြာ သုံးပြီး သေချာ သန့်စင်ပါ။ တစ်ခုခု ကိုင်ပြီးတိုင်း လက်ကို သေချာ သန့်စင်တာတွေလိုမျိုး ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက် လိုက်နာဖို့ လိုပါဦးမယ်။
ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ……… ဆိုတာကို အဖြေထုတ်လို့ ရပြီ ထင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။