brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု အကြောင်း နည်းနည်းလေ့လာကြည့်ရအောင် ..

အရေပြား ဓာတ်မတည့်မှု

အရေပြားကို တစ်ခုခုနဲ့ ထိတွေ့မိလိုက်တဲ့အခါ ကိုယ်ခံအားက ပြင်ပက အန္တရာယ်ရှိတဲ့ အရာတစ်ခုခု ကျူးကျော်ဝင်ရောက်လာတဲ့ အထင်နဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။

ဒီလို တုံ့ပြန်မှုအတွက် ခုခံဖို့ ခန္ဓာကိုယ်က ပဋိပစ္စည်းတွေ ထုတ်လုပ်ပေးလိုက်ပါတယ်။ သင့်တင့်သလောက်ပဲ တုံ့ပြန်ရင် ပြဿနာမရှိပေမယ့် ကိုယ်ခံအားက အလွန်အကျွံ တုံ့ပြန်တဲ့အခါ ရလဒ် အနေနဲ့ အရေပြားမှာ အင်ပြင်တွေ ထွက်တာ၊ အနီရောင် အဖုအပိမ့်တွေ ထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါက အရေပြား ဓာတ်မတည့်မှုပါ။

အရေပြား ဓာတ်မတည့်မှု ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။

အရေပြား ဓာတ်မတည့်မှုက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ အရေပြား ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။

ကိုယ်ခံအားက အန္တရာယ်မဖြစ်စေနိုင်တဲ့ အရာတစ်ခုခုကို ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှု လုပ်ဆောင်ရာကနေ စတင်တာပါ။ ကိုယ်ခံအားရဲ့ အဓိက တာဝန်က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားလိုမျိုး ပြင်ပကအရာ တစ်ခုခုကို ကိုယ်ခံအားဆဲလ်တွေက တွေ့ရှိတဲ့အခါ သုတ်သင်ဖယ်ရှားပေးတာပါ။ ပုံမှန်အားဖြင့်တော့ ကိုယ်ခံအားက တုံ့ပြန်မှုတွေ လုပ်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ရှိစေနိုင်တဲ့ အရာတွေကနေ ကာကွယ်တာပါ။

ဒါပေမယ့် အရေပြားဓာတ်မတည့်မှု ပြဿနာ ရှိသူတွေမှာတော့ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုက အလွန်အကျွံ ဖြစ်နေပါတယ်။ ဒီလို တုံ့ပြန်မှုကြောင့် အရေပြားမှာ အဖုအပိမ့်တွေဖြစ်ပြီး အရေပြားဓာတ်မတည့်မှု ဖြစ်လာရတာပါ။

အရေပြား ဓာတ်မတည့်မှု ပြဿနာများ

အတွေ့ရများတဲ့ အရေပြားဓာတ်မတည့်မှုတွေကတော့

  • နှင်းခူ (atopic dermatitis)
  • ဓာတ်မတည့်မှုနဲ့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်မှု
  • အင်ပြင်
  • ရောင်ရမ်းခြင်း စတာတွေပါ။

အရေပြား ဓာတ်မတည့်မှုလက္ခဏာများ

အရေပြားဓာတ်မတည့်မှု ဖြစ်တဲ့အခါ အခုလို လက္ခဏတွေ တွေ့ရနိုင်ပါတယ်။

  • အနီရောင် အဖုအပိမ့်တွေ ဖြစ်မယ်
  • ယားယံမယ်
  • နီမြန်းမယ်
  • ရောင်ရမ်းမယ်
  • အရည်ကြည်ဖုတွေ ဖြစ်မယ်
  • အရေပြား အဖက်တွေ လန်မယ်
  • အရေပြားတွေ ကွဲအက်မယ် စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ဘာတွေက အရေပြားဓာတ်မတည့်မှုကို ဖြစ်စေနိုင်တာလဲ။

အရေပြားဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမကပါဘူး။

  • သားရေ
  • တိရစ္ဆာန် အမွေး၊ အညစ်အကြေး
  • အဆိပ်ဆူး
  • အေးလွန်းတဲ့ ရာသီဥတု အခြေအနေ
  • ပူလွန်းတဲ့ ရာသီဥတု အခြေအနေ
  • ဝတ်မှုန်
  • နေရောင်
  • ရေ
  • အစားအစာ
  • အင်းဆက်
  • ဆေးဝါး
  • သံသတ္တု
  • အပင်တွေ စတာတွေပါ။ ဒါတွေအပြင် အလှကုန်တွေ၊ အမွှေးဆီတွေ၊ ဆပ်ပြာမှုန့်၊ သန့်ရှင်းရေးသုံး ပစ္စည်းတွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှုကို ဘယ်လို သက်သာအောင် လုပ်မလဲ။

အရေပြား ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ပိုဆိုးမလာစေဖို့နဲ့ သက်သာစေဖို့အတွက် အရေပြားဓာတ်မတည့်မှု ဖြစ်တဲ့နေရာကို မကုတ်ပါနဲ့။ ဒီလို လုပ်တာက ဓာတ်မတည့်မှုကို မသက်သာစေတဲ့အပြင် ပိုးဝင်ကူးစက် ခံရနိုင်ပါတယ်။

ရေချိုးပြီးတိုင်း ဓာတ်မတည့်မှု ဖြစ်တတ်တဲ့နေရာတွေကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ ဆေးလိမ်းရတာ ရှိသလို လိုအပ်ရင် ဆရာဝန်က သောက်ဆေး ပေးပါလိမ့်မယ်။ အရေပြားဓာတ်မတည့်မှု ဖြစ်ပေါ် ခံစားနေရတဲ့ အခြေအနေကို လိုက်ပြီး ကုထုံးတွေလည်း ကွာခြားနိုင်ပါတယ်။

Takeaways

အရေပြားဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အရာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ကိုယ်က ဘာနဲ့မတည့်ဘူးလဲဆိုတာကို သိအောင်လုပ်ထားပြီး ရှောင်တာက အကောင်းဆုံးပါ။ ဓာတ်မတည့်မှုတွေ ဖြစ်လာပြီဆိုရင်လည်း ရေချိုးချလိုက်တာ၊ အရေပြားကို အစိုဓာတ်ထိန်းတာ၊ ရေခဲဝတ် ကပ်ပေးတာ၊ ဆေးလိမ်းတာ၊ အုတ်ဂျုံနဲ့ ရေချိုးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/03/2023 ဖြစ်ပါသည်။