ကိုဗစ် ကာကွယ်ဆေး ထိုးမှ ဖျားတယ်၊ ကိုဗစ် ဖြစ်ပြီလား မသိဘူးဆိုပြီး စိုးရိမ်စိတ်တွေ အမျိုးမျိုး ဖြစ်နေကြမယ် ထင်ပါတယ်။ တကယ်ကတော့ ကိုဗစ် ကာကွယ်ဆေးက တုပ်ကွေး ကာကွယ်ဆေးလိုပါပဲ။
ကာကွယ်ဆေးတွေထဲမှာ ဗိုင်းရပ်စ် မပါပါဘူး။ ပိုးရဲ့ မျိုးဗီဇကို ထည့်သွင်းထုတ်လုပ်တားတာမျိုးရှိသလို ဗိုင်းရပ်စ်အသေ ဒါမှမဟုတ် မပွားနိုင်တော့တဲ့ ဗိုင်းရပ်စ်တွေပဲ ပါပါတယ်။
ကာကွယ်ဆေးက ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ရဲ့ ခုခံအားက တုံ့ပြန် တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ ဗိုင်းရပ်စ်အရှင်ကို ထိုးထည့်ပေးတာ မဟုတ်ပါဘူး။ကာကွယ်ဆေး ဆိုတာမျိုးက လူတွေကို မထိုးပေးခင်မှာ အမျိုးမျိုးသော စမ်းသပ်မှုတွေကို လုပ်ဆောင်ထားပြီးသားပါ။
အခြား ကာကွယ်ဆေးတွေလိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ
- လက်မောင်းနာတာ၊
- ကိုယ်လက်တွေ ကိုက်ခဲတာ၊
- ခေါင်းကိုက်တာ၊
- အဖျားတက်တာ၊
- ခြေကုန်လက်ပမ်းကျတာလိုမျိုး သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို တစ်ရက် ကနေ နှစ်ရက်လောက်အထိ ခံစားရနိုင်ပါတယ်။
ဒါက ကိုယ်ခံအားစနစ်က ကာကွယ်ဆေးကို တုံ့ပြန်နေတာဖြစ်ပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ လေ့ကျင့်နေတဲ့သဘောပါ။ နားလည်လွယ်အောင် ပြောပြရရင် ဆေးအောင်တာပါ။ စိုးရိမ်စရာ မလိုတဲ့ အခြေအနေပါ။ (တစ်ခုရှိတာက ဒီလို မခံစားရလိုလည်း ဆေးမအောင်ဘူးလို့ ပြောလို့မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ခုခံအား တုံ့ပြန်ပုံခြင်း မတူလို့ပါ။)
ဒီလိုဖြစ်တဲ့အခါ အိပ်ရေးဝအောင် အိပ်တာ၊ အာဟာရ ပြည့်ဝအောင် စားသုံးတာတွေ လုပ်ဆောင်ပြီး ကိုယ်ခံအားကို အားဖြည့်ပေးဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝစေဖို့လည်း သေချာ ဂရုစိုက်ရပါမယ်။ နောက်ထပ် သတိထားရမယ့် အချက်က တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပါ။ ဒီကာလမှာ စိတ်ဖိစီးမှု ကင်းအောင် နေဖို့လည်း လိုပါမယ်။
ကာကွယ်ဆေး ထိုးတဲ့အခါ Covidshield ဖြစ်မယ်ဆိုရင် ၂၈ ရက်ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးက Sinopharm ဖြစ်မယ်ဆိုရင်တော့ ၂၁ ရက်ကနေ ၂၈ ရက် ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာပါ။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ရောဂါကို ချက်ချင်း ကာကွယ်နိုင်ဦးမှာ မဟုတ်သေးဘဲ လုံလောက်တဲ့ ကိုယ်ခံအားစနစ် ရရှိစေဖို့အတွက် ၁၄ ရက် စောင့်ရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။