backup og meta

ကိုဗစ်ဖြစ်ပြီးရင် ရာသီထိမ် သွားတတ်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ဖြစ်ပြီးရင် ရာသီထိမ် သွားတတ်သလား။

    ကိုဗစ်ဖြစ်ပြီးရင် လူနာက ချောင်းဆိုးကျန်ခဲ့တယ်၊ မောတာ ကျန်ခဲ့တယ်၊ နုံးနေတုန်းပဲလို့ ပြောကြသလို အမျိုးသမီးတွေဆီကလည်း ကိုဗစ်ဖြစ်ပြီးတဲ့အချိန်မှာ ရာသီထိမ် သွားတယ်ဆိုတဲ့ ပြဿနာတွေ ပြန်ကြားရပါတယ်။ ကိုဗစ်က ရာသီကို ထိမ်စေနိုင်သလား။

    ကိုဗစ်နဲ့ ရာသီထိမ် ခြင်း

    ကိုဗစ်နဲ့ ရာသီစက်ဝန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှု ရှိမရှိဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ကိုဗစ်ကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုကတော့ ရာသီကို ထိမ်စေနိုင်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးက သာမန်ထက်တော့ စိတ်ဖိစီးနေမှာ အမှန်ပါပဲ။ ဒီအခါမှာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက hypothalamic pituitary adrenal (HPA) axis ကို သက်ရောက်မှု ရှိစေပါတယ်။

    စိတ်ဖိစီးနေတဲ့ အချိန်မှာ HPA axisကနေ ကော်တီစောဟော်မုန်းကို ထုတ်ပါတယ်။ တစ်ခါတလေမှ ထွက်ရင် ပြဿနာ မဟုတ်ပေမယ့် ခဏခဏ ထွက်နေမယ်။ အကြာကြီး ထွက်နေမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို ထိခိုက်မှု ရှိနိုင်ပါတယ်။

    ကိုဗစ်လိုမျိုး နာတာရှည် စိတ်ဖိစီးစေတဲ့ အကြောင်းရင်းကြောင့် HPA axis ကမောက်ကမ ဖြစ်ပြီး ရာသီလာတာကို ထိန်းချုပ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း လျော့နည်းသွားပါတယ်။ ဒီတော့ ရာသီထိမ် တာ၊ မမှန်တာတွေ ဖြစ်လာပါတယ်။

    HPA axis လုံးဝရပ်သွားရင် ရာသီထိမ်သွားပြီး တော်တော်များများ ရပ်သွားရင်တော့ ရာသီမမှန်တာ၊ သွေးဆင်းနည်းသွားတာ၊ နည်းနည်းနဲ့ ခဏခဏ ဆင်းနေတာတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်လို ဖြစ်သွားမလဲဆိုတာကတော့ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

    ကိုဗစ်က ရာသီစက်ဝန်းအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်လဲ။

    ကိုဗစ်ကာလအတွင်းမှာ အမျိုးသမီးတွေ အနေနဲ့

    -ရာသီမမှန်တာ၊ လာလိုက်၊ မလာလိုက် ဖြစ်တာ

    တစ်လတည်း ၂ကြိမ်လာတာတွေ၊ ၂လမှ တစ်ကြိမ်လာတာတွေ ဖြစ်တာ

    -ရာသီနည်းသွားတာ၊ များလားတာ

    -ရာသီရက်တိုတာ၊ ရှည်တာ

    -အတွင်းခံမှာ သွေးလေးစွန်းရုံလောက်လိုက် အကြာကြီး ဆင်းနေတာ၊ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာ စတာတွေ ကြုံရနိုင်ပါတယ်။

    ကိုဗစ်ကာလမှာ ဘာကြောင့် ရာသီထိမ် တဲ့ ပြဿနာတွေ ကြုံရတာလဲ။

    ကိုဗစ်ဖြစ်နေတဲ့ သူမှ မဟုတ်ပါဘူး။ ဒီကပ်ရောဂါကာလမှာ အမျိုးသမီး တော်တော်များများက ရာသီမမှန်ဘူး။ ထိမ်သွားတဲ့ ပြဿနာ ကြုံရပါတယ်။ အကြောင်းရင်းတွေကတော့

    • စိတ်ဖိစီးမှု

    ကိုဗစ်ကာလမှာ အရင်ကထက် ပိုပြီး စိတ်ဖိစီးစရာတွေက များလာပါတယ်။ ကိုဗစ် ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ လူမှုရေး ပြဿနာတွေ၊ စီးပွားရေး ပြဿနာတွေကြောင့် အမြဲလိုလို စိတ်ဖိစီးနေကြပါတယ်။ ကြာလာတော့ ရာသီစက်ဝန်းကို ထိခိုက်လာပါတယ်။

    ကိုဗစ်ဖြစ်သွားတာ၊ ကိုဗစ်ကြောင့် ချစ်ခင်ရသူတွေ ဆုံးရှုံးသွားတာမျိုး ရှိရင် ပိုဆိုးပါတယ်။ စိတ်ဖိစီးမှုတွေ ရုတ်တရက် တက်လာပြီး တစ်ခါတည်း ရာသီထိမ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

  • စားသောက်နေထိုင်မှု ပုံစံ
  • ကိုဗစ်ကာလမှာ အိမ်ထဲမှာပဲ နေတာများတော့ လှုပ်ရှားမှု နည်းတာ၊ အထိုင်များတာ၊ အစားတွေ ပိုစားမိတာကြောင့် ဝိတ်တက်လာပါတယ်။ ဝိတ်တက်ပြီး အဝလွန်တာကလည်း ရာသီထိမ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ချက် ဖြစ်ပါတယ်။

    တစ်ခါ ကိုဗစ်ဖြစ်တော့လည်း အားရှိအောင် စားရမယ် ဆိုပြီး စားမိပြန်ရော။ ဒီတော့ အဝလွန်လာပြီး ရာသီထိမ်တာမျိုး ဖြစ်တတ်ပါတယ်။

    • ကိုဗစ် နောက်ဆက်တွဲ ပြဿနာ 

    တချို့ကျတော့ ကိုဗစ်ဖြစ်ပြီးမှ ရာသီထိမ် သွားတာလည်း ရှိပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာ Post Covid syndrome တွေထဲမှာ ရာသီထိမ်တာလည်း ပါပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်က ရာသီထိမ်စေတာလား ဒါမှမဟုတ် ကိုဗစ်ဖြစ်နေတုန်းက စိတ်ဖိစီးမှုတွေကြောင့်လားဆိုတာတော့ ပြောရခက်ပါတယ်။ ခုထက်ထိတော့ ကိုဗစ်ဗိုင်းရပ်စ်က ရာသီစက်ဝန်းကို တိုက်ရိုက် ထိခိုက်စေတာမျိုး မတွေ့ရသေးပါဘူး။

    ရာသီပြန်မှန်အောင် ဘာလုပ်ကြမလဲ။

    အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက် ရာသီထိမ် ပြီဆိုရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါ။ ကိုဗစ်ကာလ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါကို အရင်စဉ်းစားရမှာပါ။ ဆေးခန်းသွားပြလည်း ဒါပဲ အရင်စစ်မှာပါ။ အိမ်ထောင်ရှိတဲ့သူဆို ပိုပြီး သတိထားသင့်ပါတယ်။

    စစ်လိုက်လို့ မရှိဘူးဆိုရင်၊ တခြားလည်း ဘာလက္ခဏာမှ ထူးထူးခြားခြား မခံစားရဘူးဆိုရင် တစ်လ နှစ်လလောက် ရာသီထိမ်တာက ပြဿနာ မဟုတ်ပါဘူး။ သွေးပေါ်ဆေးတွေ၊ အပုပ်ချဆေးတွေ၊ သွေးဆေးတွေ ဘာမှမလိုပါ။ ရာသီတစ်လ ၂လလောက် မလာလို့ ဘာမှမဖြစ်ပါ။ သွေးတွေလည်း စုမနေပါ။ ဆင်းစရာ သွေးမရှိလို့ မဆင်းတာပဲ ဖြစ်ပါတယ်။

    လုပ်သင့်တာက စိတ်ဖိစီးမှု လျှော့ချပါ။ ကိုယ့်စိတ်ကို သက်သာအောင် ထားပါ။ ဖြစ်တတ်တာက စိတ်ဖိစီးလို့ ရာသီထိမ်၊ ရာသီထိမ်တော့ ကြောက်လန့်ပြီး စိတ်ဖိစီး၊ တစ်ခါ စိတ်ဖိစီးတော့ ရာသီက မလာနဲ့ ပတ်ချာလည်နေတတ်ပါတယ်။ ဒါကြောင့် စိတ်ကို သက်သောင့်သက်သာ ထားပါ။

    အဝမလွန်အောင် ထိန်းပါ။ အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။ အစားများများ စားတာထက် အာဟာရရှိတာတွေကို ဦးစားပေးစားပါ။

    ၂လလောက် နေလို့မှ ရာသီပြန်မလာဘူး။ ကိုယ်ဝန်လည်း မရှိဘူးဆိုရင်တော့ တခြားရောဂါတစ်ခုခု ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပြီး လိုတာတွေ ဆက်စစ်ဆေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement