မကြာခင်ရက်ပိုင်းအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေးတော့မှာပါ။ ပြီးရင်တော့ စီစဉ်ထားတဲ့အတိုင်း ပြည်သူလူထုကိုဆက်ကာ ဆက်ကာ ထိုးပေးတော့မှာပါ။ မြန်မာနိုင်ငံမှာ ထိုးမယ့်ဆေးကတော့ အိန္ဒိယနိုင်ငံအခြေစိုက် Serum instituteက ထုတ်ထားတဲ့ Covishield ကာကွယ်ဆေး ပဲ ဖြစ်ပါတယ်။ သူက အောက်ဖို့ဒ်က ထုတ်တဲ့ AstraZenacaကာကွယ်ဆေးနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဒီကာကွယ်ဆေးကို ထိုးရမှာဆိုတော့ ဆေးမထိုးခင်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိထားရမယ့် အချက်တွေကို ပြောပြပေးပါ့မယ်။
Covishield ကာကွယ်ဆေး ကို ဘယ်သူတွေ ထိုးလို့ရလဲ။
ကပ်ရောဂါကာလမှာ အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုထားတာဖြစ်ပြီး အသက် ၁၈နှစ်နဲ့အထက်တွေကို ထိုးပေးနိုင်ပါတယ်။ အရေးပေါ်အသုံးပြုခွင့် ပေးထားတယ်ဆိုပေမယ့် ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ လူပေါင်းများစွာပါဝင်ခဲ့ပြီး အဆင့်ဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးမှသာ အရေးပေါ်အသုံးပြုခွင့်ရတာဖြစ်တဲ့အတွက် အထိုက်အလျောက် ဘေးကင်းမှု၊ စိတ်ချရမှုရှိပါတယ်။
Covishield ကာကွယ်ဆေး မထိုးခင် ဆရာဝန်ကို ပြောပြသင့်တဲ့အချက်တွေက
- ဓာတ်မတည့်ရောဂါတစ်ခုခုရှိရင် (အစားအစာ၊ ဆေးဝါး၊ ကာကွယ်ဆေး စသဖြင့်)
ဓာတ်မတည့်ရောဂါရှိလို့ ထိုးသင့်၊ မထိုးသင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါပေမယ့် ထိုးမယ်ဆိုရင် သူများတွေထက် ဓာတ်မတည့်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့ ဆေးထိုးအပြီးမှာ အနီးကပ်စောင့်ကြည့်ဖို့လိုမယ်။ အနီးနားမှာ ဓာတ်မတည့်တာနဲ့ တန်းပြီး ဖြေဆေးထိုးနိုင်အောင် ပြင်ထားဖို့ လိုတာကြောင့် ကြိုမေးထားခြင်း ဖြစ်ပါတယ်။
- လက်ရှိမှာ ဖျားနေရင်
ကာကွယ်ဆေးထိုးတဲ့အခါ ခုခံအားစနစ်တုံ့ပြန်မှုကြောင့် ထပ်ဖျားနိုင်လို့ပါ။ ကိုဗစ်ကလည်း ဖျားနိုင်ပြီး လက်ရှိမှာ ကိုဗစ်ရောဂါအတည်ပြုခံထားရရင် ကာကွယ်ဆေး ထိုးမပေးတာကြောင့်ပါ။
- သွေးမတိတ်ရောဂါရှိရင်၊ သွေးကျဲဆေးသောက်နေရင်
ကာကွယ်ဆေးထိုးတဲ့နေရာမှာ သွေးမတိတ်တာ၊ အညိုကွက်တွေ ထတာ ဖြစ်နိုင်ပါတယ်။ သွေးကျဲဆေးမှာ အက်စပရင်က ပြဿနာမရှိပေမယ့် wafarinသောက်နေတဲ့သူဆိုရင်တော့ သွေးတိတ်တာကြာနိုင်တဲ့အတွက် ကြိုမေးထားတာ ဖြစ်ပါတယ်။
- ခုခံအားကျတဲ့ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် ခုခံအားထိန်းညှိဆေးတွေ သောက်နေရရင်
ခုခံအားကျနေတဲ့သူမှာ ခုခံအားစနစ်တုံ့ပြန်တာ နှေးနိုင်တဲ့အတွက် ကြိုမေးထားခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ကိုဗစ်ဖြစ်စေတဲ့ SAR-CoV-2 ဗိုင်းရပ်စ်မပါတဲ့အတွက် ကာကွယ်ဆေးကြောင့်တော့ ကိုဗစ်မဖြစ်နိုင်ပါဘူး။
- ကိုယ်ဝန်ဆောင်နေရင် ဒါမှမဟုတ် လက်ရှိမှာ ကိုယ်ဝန်ယူဖို့ ပြင်ဆင်ထားတယ်ဆိုရင်
- ကလေးနို့တိုက်နေတယ်ဆိုရင်
ဒီနှစ်ခုနဲ့ ပတ်သက်ပြီး အမေရိကန် CDCက Pfizerကာကွယ်ဆေးရော၊ အောက်ဖို့ဒ် ကာကွယ်ဆေးရောက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မှာ ထိုးလို့ရတယ်လို့ ဆိုပေမယ့် Covishieldရဲ့ ညွှန်ကြားချက်မှာ မထိုးခိုင်းသေးတဲ့အတွက် မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိတော့ ထိုးပေးဦးမှာ မဟုတ်ပါဘူး။
- တခြားကိုဗစ်ကာကွယ်ဆေး တစ်ခုခု ထိုးထားတယ်ဆိုရင်
မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီပြဿနာ ရှိမှာ မဟုတ်ပါဘူး။ တခြားကာကွယ်ဆေးတစ်ခုခု ထိုးထားရင် ဆေးအာနိသင်အပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့်ပါ။
ဘယ်သူတွေ Covishield ကာကွယ်ဆေး မထိုးသင့်ဘူးလဲ။
- ပထမတစ်ခါ ထိုးထားပြီး ဓာတ်မတည့်တဲ့သူ (ဒုတိယတစ်ခေါက် ထိုးမယ့်သူတွေ သတိထားသင့်ပါတယ်။ ပထမတစ်ခါထိုးပြီး ဘာတွေ ခံစားရသလဲဆိုတာ သေချာမှတ်ထားပါ။)
- ကာကွယ်ဆေးမှာပါတဲ့ ပစ္စည်းတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တဲ့သူ (L-Histidine, L-Histidine hydrochloride monohydrate, Magnesium chloride hexahydrate,Polysorbate 80, Ethanol, Sucrose, Sodium chloride, Disodium edetate dihydrate (EDTA), Water for
injection ကာကွယ်ဆေးမှာ ဒါတွေ ပါပါတယ်။)
*(ဒါကြောင့် အပြင်မှာ ပြောနေတဲ့ နာတာရှည်ရောဂါအခံရှိတဲ့သူ၊ ဆီးချို၊ သွေးတိုးရှိတဲ့သူတွေ မထိုးရဘူးဆိုတာ မဟုတ်ပါဘူး။ သူတို့က ပိုးကူးလွယ်လို့ ဦးစားပေးထိုးရမယ့် သူတွေပါ။ )
Covishield ကာကွယ်ဆေးကို ဘယ်မှာထိုးမှာလဲ။ ဘယ်နှခါထိုးရမှာလဲ။
အသားဆေးဖြစ်ပြီး လက်မောင်းမှာ ထိုးမှာပါ။ တစ်ခါထိုး 0.5 mlနဲ့ နှစ်ခါထိုးရမှာပါ။ ပထမတစ်ခါထိုးပြီး ၄ပတ်ကနေ ၆ပတ်အကြာ (တချို့နိုင်ငံခြားစာတမ်းတွေမှာ ၁၂ပတ်ကြာတဲ့အထိ) ဒုတိယဆေး ထပ်ထိုးရမှာပါ။
ဘယ်လောက်ကြာရင် ခုခံအား စရမှာလဲ။
ကိုဗစ်ပိုးကို ကာကွယ်နိုင်လောက်အောင် လုံလောက်တဲ့ ခုခံအားကတော့ ဒုတိယတစ်လုံးထိုးပြီး ၄ပတ်နေရင် စရပါပြီ။
ခုခံအားက ဘယ်လောက်ကြာကြာခံမှာလဲ။
ဒါနဲ့ပတ်သက်ပြီးတော့ Serum instituteက အတိအလင်း ပြောပြထားခြင်း မရှိပါဘူး။
ကာကွယ်ဆေးထိုးပြီးရင် ရောဂါပိုး လုံးဝမကူးတော့ဘူးလား။
ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်စွမ်းက ၆၂-၉၀ ရာခိုင်နှုန်းပါ။ ဒါကြောင့် လူ ၁၀၀မှာ ၁၀ယောက်လောက်က ဆေးမအောင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စံနှုန်းအရ ကာကွယ်ဆေးတစ်ခုက ၅၀ကနေ ၇၀ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်တယ်ဆိုရင် လူထုကြားမှာ ထိုးပေးလို့ရတာကြောင့် အရေးပေါ်အသုံးပြုခွင့်ပေးတာဖြစ်ပါတယ်။
ဒါ့ပြင် လူတော်တော်များများထိုးပြီးသွားလို့ အများစုမှာ ခုခံအားရသွားရင် chain of infection လို့ ခေါ်တဲ့ ကူးစက်မှု ကွင်းဆက်ကို ဖြတ်နိုင်တာကြောင့် ထိုးပေးရခြင်းပဲ ဖြစ်ပါတယ်။
Covishield ကာကွယ်ဆေး ထိုးပြီး ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်လဲ။
၁၀ယောက်မှာ ၁ယောက်ထက်ပိုပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
- ဆေးထိုးထားတဲ့နေရာမှာ ပူတာ၊ နီတာ၊ နာတာ၊ ရောင်ရမ်းတာ
- မအီမသာဖြစ်တာ
- နုံးတာ
- ခေါင်းကိုက်တာ
- ချမ်းပြီး ဖျားချင်သလိုဖြစ်တာ
- ကိုယ်လက်ကိုက်တာ
၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
- ဆေးထိုးတဲ့နေရာမှာ မာပြီး ဖုနေတာ
- ဖျားတာ
- အန်တာ
- တုပ်ကွေးလိုမျိုး ခံစားရတာ
၁၀၀မှာ ၁ယောက်လောက်ပဲ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
- ခေါင်းမူးတာ
- အစားအသောက်ပျက်တာ
- ဗိုက်အောင့်တာ
- အကျိတ်ထွက်တာ
- ချွေးတွေထွက်ပြီး အသားယားတာ၊ အနီစက်တွေ ထွက်တာ
ဒီထဲမှာ မပါတဲ့ တခြားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ သဘောတရားအရ ထုတ်လုပ်ပြီးတာတောင် လူထုထဲမှာ ဘေးကင်းရဲ့လားဆိုတာကို ဆက်လက်စစ်ဆေးနေရပါတယ်။
ခြုံပြောရမယ်ဆိုရင် Covishield ကာကွယ်ဆေးက အာနိသင်ကောင်းပြီး ဘေးကင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း အရေးပေါ်အသုံးပြုခွင့်ရခဲ့တာပါ။ အနှစ်နှစ်အလလ စောင့်ခဲ့ရတဲ့ ကာကွယ်ဆေး ဖြစ်ပေမယ့် အန္တရာယ်ကင်းပြီး ရောဂါကာကွယ်နိုင်ဖို့က အဓိကဖြစ်တာကြောင့် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။