COVID ကပ်ဘေးကြီးကြောင့် လူတိုင်း Mask တပ်ပြီး နေထိုင်နေကြရတာ တစ်နှစ်ဝန်းကျင်လောက်ရှိလာနေပါပြီ။ Mask တပ်တာက ရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်တာမို့ တစ်ချို့တွေကလည်း Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရတယ်လို့ ယုံကြည်ကြပါရဲ့။
တချို့သော ကျန်းမာရေး ပညာရှင်တွေကတော့ Mask ၂ ထပ်တပ် တာက စိတ်ချရတဲ့ နည်းလမ်းတစ်ခုလို့ ဆိုကြပါတယ်။ ဒီနည်းလမ်းဟာ ကိုယ့်ကို ရောဂါဘေးကနေ ကာကွယ်ပေးနိုင်သလို ရောဂါပြန့်နှံ့မှုကို လျှော့ချရမှာလည်း အထူးထိရောက်မှုရှိတယ်လို့ ဆိုကြတာပါ။
ဒါဆို သေချာပေါက် Mask ၂ ထပ်ဝတ် ရတော့မလားဆိုပြီး မေးချင်ကြမယ်ထင်ပါတယ်။ ဒီလို တစ်ထစ်ချ ပြောဆိုဖို့လည်း ခက်ပြန်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အခြေအနေခြင်းမတူညီကြတာမို့ အဆုတ်အားနည်းတာကြောင့် Mask တစ်ခုနဲ့တင် အသက်ရှူမဝဖြစ်နေသူတွေ၊ မျက်မှန်တပ်ထားရသူတွေ၊ အဝလွန်နေတာကြောင့် မျက်နှာအရွယ်စား ကြီးမားသူတွေအနေနဲ့ Mask နှစ်ခုထပ်ပြီး ဝတ်ဆင်ဖို့ ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် ကျန်းမာရေးရှုထောင့်ကနေ ဘာကြောင့် Mask ၂ ထပ်တပ် သင့်တာလဲ ဘာကြောင့်မတပ်သင့်တာလဲ ဆိုတဲ့ အချက်ကို ဆွေးနွေးပေးချင်ပါတယ်။
ဘာလို့ Mask ၂ ထပ်ဝတ် သင့်တာလဲ
သိပ္ပံနည်းကျ စမ်းသက်ချက်မဟုတ်ပေမယ့် သီအိုရီအရဆိုရင်တော့ Mask ၂ ထပ်ဝတ်ဆင်တာဟာ ရောဂါပြန့်ပွားမှုကို ကောင်းကောင်းထိမ်းချုပ်နိုင်တယ်လို့ ဆိုထားကြပါတယ်။ NIH ၊ SIPC စတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကတော့ ဒီအချက်ကြောင့် Mask ၂ ထပ်တပ်ဖို့ တိုက်တွန်းနေကြတာပါ။
Mask ကို ၂ ခု ထပ်ပြီး ဝတ်ဆင်လိုက်တဲ့အခါ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကာကွယ်ပေးတဲ့ အလွှာအရေအတွက် ပိုမိုများပြားသွားတာကြောင့် လေထဲကနေပြန့်လွင့်လာမယ့် ပိုးတွေ၊ အမှုန်အမွှားတွေကို တားဆီးရာမှာ အတော်လေး အထောက်အကူဖြစ်စေပါတယ်။
ဒါပေမယ့် တပ်ဆင်အသုံးပြုမယ့် Mask ဟာ ၂ ထပ်ဝတ် ဖို့ ခက်ခဲတဲ့ Mask မျိုးမဖြစ်ဖို့ လိုအပ်သလို အရည်အသွေးကောင်းမွန်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဘာလို့ Mask ၂ ထပ်မတပ်သင့်တာလဲ
ဗြိတိန် ဘာမင်ဂမ်က သိပ္ပံပညာရှင်တွေကတော့ Mask ၂ ထပ်တပ်ဖို့ကို သိပ်အားမပေးကြပါဘူး။ လေထုထဲက အမှုန်အမွှားတွေနဲ့ ပိုးမွှားတွေကို ကာကွယ်ပေးနိုင်စွမ်းက Mask မှာပါရှိတဲ့ အလွှာပေါ် မမူတည်ပဲ Mask အမျိုးအစားပေါ်ပဲ မူတည်တယ်လို့ သူတို့က ဆိုကြပါတယ်။
တကယ်အရေးကြီးတာက Mask မှာ အမှုန်အမွှားတွေ ဖောက်ဝင်နိုင်စွမ်း ဘယ်လောက် နည်းပါးလဲဆိုတာပဲလို့ သူတို့ကဆိုပါတယ်။ လူသုံးများတဲ့ Surgical Mask တွေဟာ သူ့အထွာနဲ့သူတော့ ကောင်းပေမယ့် ပိုးမွှားတွေနဲ့ အမှုန်အမွှားတွေ ဖောက်ဝင်နိုင်ခြေ ၂၀% အထိရှိနေတာမို့ သတိထားဖို့ လိုအပ်ပါတယ်။
Mask ကို ဘယ်လို တပ်ရမလဲ
မှန်ကန်ပြီး စိတ်ချရတဲ့ Mask အမျိုးအစားကို စနစ်တကျ ရွေးချယ်ဝယ်ယူပြီး အသုံးချမယ်ဆိုရင် ကိုယ့်ကိုကျရောက်လာမယ့် ကပ်ဘေးရဲ့ရန်ကို ကောင်းကောင်း ကာကွယ်နိုင်ပါလိမ့်မယ်။ တကယ်လို့ ကိုယ်က Surgical Mask လို မျက်နှာဖုံးမျိုးကို ဝတ်ဆင်မယ်ဆိုရင် ၂ ထပ်ဝတ်တာက နည်းလမ်းကောင်းပါ။
အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ Mask တွေကိုတော့ မဖြစ်မနေမဟုတ်ရင် အသုံးမပြုပဲ ရှောင်ကျဉ်တာ အကောင်းဆုံးပါ။ အဝတ်နဲ့ချုပ်လုပ်ထားတဲ့ Mask တွေဟာ လုံးဝ စိတ်မချရပါဘူး။ COVID-19 ကပ်ဘေးကာလကြီးမှာ မဖြစ်မနေ အိမ်ပြင်ထွက်ကြတဲ့အခါ Mask (မျက်နှာဖုံး) တစ်ခုခုတော့ တပ်ဆင်သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။
Mask တပ်ဆင်ရာမှာလည်း စိတ်အချရဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ N95 ရယ်၊ Surgical Mask ရယ်၊ အဝတ် Mask ရယ်ဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ကိုယ်နဲ့သင့်လျော်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
မဖြစ်မနေ Mask တပ်ပါ
အိမ်ထဲမှာ နေနေတုန်းကတော့ Social Distancing လုပ်ရတာ အဆင်ပြေနိုင်ပေမယ့် အပြင်ထွက်ပြီဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်အကြား Physical Distancing လုပ်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သွားသွား Mask တပ်သွားဖို့ လိုတယ်လို့ ဆိုတာပါ။ ခုလို Mask တပ်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်းက အများအပြားရှိနေပါတယ်။ အဓိက အချက်ကတော့ ရောဂါပိုးကူးစက်ခံရသူ ဒါမှမဟုတ် ဖြန့်ဝေမိသူ ၇၀% ကျော်ဟာ ရောဂါလက္ခဏာမပြသခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်။
သာမန်လူတစ်ယောက်လိုဖြစ်နေတဲ့ ရောဂါပိုး သယ်ဆောင်သူတစ်ယောက်ကို အမြင်နဲ့ ခွဲခြားဖို့ ခက်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘယ်သူဟာမဆို အသံတိတ် ရောဂါပိုး သယ်ဆောင်သူဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ Mask အသုံးပြုတာဟာ ရောဂါပိုးကူးစက်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် Mask တပ်ဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ သိထားရမှာက Mask တပ်ထားရုံသာမက လက်ဆေးတာ၊ Social Distancing လုပ်တာ၊ အိမ်မှာနေတာတွေကလည်း ရောဂါကာကွယ်ရေးရဲ့ အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်နေတုန်း ဆိုတာပါပဲ။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။