home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နှာစေးတာကို မြန်မြန်သက်သာအောင် ဘယ်လိုလုပ်မလဲ

နှာစေးတာကို မြန်မြန်သက်သာအောင် ဘယ်လိုလုပ်မလဲ

အလကားနေရင်း ကျနေတဲ့ နှာရည်တွေ စိတ်ပျက်လိုက်တာ။ လူကြားထဲမှာ နှာညှစ်ရတာစိတ်ပျက်လိုက်တာ။ နှာခေါင်းတွေတောင်နာနေပြီလို့များတွေးနေလား။ နှာစေးမြန်မြန်ပျောက်စေမယ့် နည်းလမ်းလေးတွေပြောပြမယ်နော်။

နှာစေးတာက ဖျားနာမှုဝေဒနာ ကြောင့်ဖြစ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေထဲတစ်ခုပါ။ နှာစေးတာက ဖျားနာတာကြောင့်ဖြစ်နိုင်သလို ဓာတ်မတည့်တာနဲ့ အခြားအကြောင်းအရင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ဖြစ်ဖြစ်နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်စေနိုင်တဲ့ နှာစေးတာကိုမြန်မြန်ပျောက်ချင်ကြမှာတော့ အမှန်ပါ။

နှာစေးပျောက်စေဖို့အတွက်

နှပ်ညှစ်ပါ – နှာစေးတာက နှာခေါင်းနဲ့လည်ချောင်းထဲမှာ ချွဲသလိပ်တွေစုနေတာကြောင့်ပါ။ ဒါကြောင့် နှာစေးတာကို သက်သာစေဖို့ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက နှာခေါင်းထဲက မလိုအပ်တဲ့ ချွဲသလိပ်တွေကို ဖယ်ထုတ်တာပါ။ ဒါကြောင့် နှပ်ညှစ်ထုတ်ပါ။ နှပ်ညှစ်ထုတ်တဲ့အခါ နှာခေါင်းအရေပြားထိရှရောင်ရမ်းတာမျိုးမဖြစ်စေဖို့ တစ်သျှူးစနုနုလေးကိုပဲ အသုံးပြုပေးဖို့မမေ့ပါနဲ့။

ရေဓာတ်ပြည့်ဝနေပါစေ – နှာစေးနေတဲ့အချိန်မှာ အရည်များများသောက်ပြီး ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝအောင်နေတာက နှာစေးတာကို သက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ နှာခေါင်းပိတ်နေတဲ့သူတွေအနေနဲ့ အရည်ကို ပုံမှန်ထက် ပိုသောက်သုံးပေးသင့်ပါတယ်။ရေဓါတ်ပြည့်ဝအောင်သောက်သုံးဆိုတဲ့နေရာမှာလည်းရေ၊ရေနွေးသစ်သီးဖျော်ရည်နဲ့ စွပ်ပြုတ်လိုအရာမျိုးတွေကို ဆိုလိုတာပါ။ကော်ဖီနဲ့ အချိုရည်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရည်ဓာတ်ကို မဖြည့်ပေးနိုင်ပါဘူး။ အယ်လ်ကိုဟောပါတဲ့ အရည်တွေကိုလည်း ရှောင်ပါ။

ရေနွေးကြမ်းပူပူလေးသောက်ပါ – ပူပူနွေးနွေးရှိတဲ့ အရည်တွေက အအေးမိတာကြောင့်ဖြစ်တဲ့ နှာစေးတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ နေမကောင်းတဲ့အခါ ရေနွေးကြမ်းနွေးနွေးလေး သောက်ပေးတာက နှာစေးတာတင်မဟုတ်ဘဲ အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ နှာစေးတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ပူနွေးတဲ့သောက်စရာတွေက နှာခေါင်းနဲ့ ခံတွင်းထဲက အာရုံခံဆဲလ်လေးတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

ရေနွေးငွေ့ခံပါရေနွေးငွေ့ကို ရှုသွင်းတာကလည်း နှာစေးတာကို သက်သာစေနိုင်ပါတယ်။ နေမကောင်းတာကြောင့်ဖြစ်တဲ့ နှာစေးတာကို သက်သာစေချင်တယ်ဆိုရင်တော့ ရေသန့်သန့်ကို ဆူအောင်တည်ထားတဲ့ရေနွေးကို အဝကျယ် ဇလုံတစ်ခုထဲထည့်ပြီး အပေါ်ခပ်လှမ်းလှမ်းကနေ ခေါင်းကိုငုံပြီး ရေနွေးငွေ့ကို ရှုပေးရပါမယ်။ အပူငွေ့လုံစေဖို့အတွက် ခေါင်းပေါ်ကနေ တဘက်တစ်ခုကို အုပ်ထားပေးပါ။ တတစ်ကြိမ်ကို မိနစ် ၂၀ ကနေ ၃၀လောက်လုပ်ပေးပါ။ ရေနွေးငွေ့ကို ရှုသွင်းပြီးတိုင်း နှာခေါင်းထဲက ပျော်ကျလာတဲ့ချွဲတွေကို ညှစ်ထုတ်ပေးပါ။

ရေနွေးနဲ့ရေချိုးပါ –နှာစေးတာကို မြန်မြန်သက်သာချင်နေလား။ ရေနွေးနဲ့ရေချိုးလိုက်ပါ။ ရေနွေးနဲ့ရေချိုးတာကလည်း ရေနွေးကြမ်း ခပ်နွေးနွေးလေးသောက်ပေးတာ၊ ရေနွေးငွေ့ခံတာတွေလိုမျိုးပဲ အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ နှာစေးတာကို သက်သာစေနိုင်ပါသတဲ့။ ရေနွေးနွေးလေးလောင်းချပြီး ချိုးပေးပါ။

ပူစပ်တဲ့ အစားအစာတွေ စားသုံးပေးပါ – ပူစပ်တဲ့ အစားအသောက်တွေက နှာရည်ကျတာကို ပိုဆိုးစေတယ်ဆိုပေမယ့် နှာခေါင်းပိတ်နေတဲ့အခါမျိုးမှာတော့ ပူပူစပ်စပ်လေးစားသုံးပေးတာက တော်တော်လေးထိရောက်တဲ့နည်းလမ်းပါ။ အဖျားကြောင့် နှာခေါင်းပိတ်တာဆိုရင်တော့ မုန့်တီ၊ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါးလိုမျိုး ပူပူစပ်စပ်လေးတွေ စားလိုက်ပါ။ ရှုးရှုးရှဲရှဲနဲ့ နှာခေါင်းပွင့်သွားမှာ အသေအချာပါ။

အခုပြောခဲ့တဲ့နည်းလေးတွေသုံးပြီး လူကြားထဲမှာ ရှိုးပျက်စေတဲ့ နှာရည်တွေကို ဘိုင့်ဘိုင့်လို့နှုတ်ဆက်လိုက်ရအောင်နော်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 17/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။