backup og meta

စည်သွတ်ဘူးတွေအကြောင်း သိသင့်သမျှ

စည်သွတ်ဘူးတွေအကြောင်း သိသင့်သမျှ

စည်သွတ်အစားအစာတွေဟာ လတ်ဆတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အေးခဲပြီး သိမ်းဆည်းထားတဲ့ အစားအစာတွေလောက် အာဟာရဓာတ်မရှိဘူးလို့ လူအများစုက ယူဆထားပါတယ်။ တချို့ကတော့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်လို့ ရှောင်ကြဉ်သင့်တယ်လို့ ပြောဆိုကြပါတယ်။ တချို့ကလည်း စည်သွတ်ဘူးဟာ အာဟာရပြည့်ဝတဲ့ ပုံမှန်စားစရာတမျိုးပဲလို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စည်သွတ်ဘူးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

စည်သွတ်ဘူးဆိုတာ

စည်သွတ်ဘူးများဟာ အသီးအနှံ၊ သားငါး၊ ပဲအမျိုးမျိုးစတဲ့ စားသောက်ဖွယ်ရာတွေကို ကြာရှည်ခံအောင် လေလုံတဲ့ဘူးထဲမှာ ထည့်သွင်းသိုလှောင်ထားခြင်းပဲ ဖြစ်ပါတယ်။ ၁၈ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး များသောအားဖြင့် စစ်သားများနဲ့ သင်္ဘောသားများအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လူအများအသုံးပြုနိုင်အောင် ဈေးကွက်မှာပါ ရောင်းချလာတဲ့ အနေအထား ရောက်လာပါတယ်။

စည်သွတ်ဘူးထုတ်လုပ်ရာမှာ ထုတ်လုပ်တဲ့ပစ္စည်းအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါပေမယ့် စည်သွတ်ဘူးတခုကို အနည်းဆုံး တနှစ်ကနေ အများဆုံး ၅နှစ်အထိ ထိန်းသိမ်းထားနိုင်ပါတယ်။

စည်သွတ်ဘူးမှာ အာဟာရဘယ်လောက်ပါဝင်သလဲ

စည်သွတ်ဘူးတွေမှာ အာဟာရဓာတ် သိပ်မပါဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အမြဲတော့ မမှန်ပါဘူး။ စည်သွတ်ဘူးတွေမှာလည်း အာဟာရဓာတ် အများအပြား ပါဝင်ပါတယ်။ စည်သွတ်ဘူးထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အသားနဲ့အသီးအရွက်တွေမှာပါတဲ့ ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေဟာ ပျက်စီးမသွားပါဘူး။ သတ္တုဓာတ်အများစုနဲ့ အဆီမှာပျော်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေကို ကောင်းမွန်စွာ ထိန်းသိမ်းပေးထားနိုင်ပါသေးတယ်။ သုတေသနတချို့မှာလည်း စည်သွတ်ဘူးမှာပါဝင်တဲ့ အစားအစာတွေဟာ မူရင်း အာဟာရဓာတ်အတိုင်း ထိန်းသိမ်းထားနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် အပူပြင်းပြင်းပေးတဲ့ အဆင့်ပါဝင်တာမို့ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်ဘီဟာ ပျက်စီးသွားတတ်ပါတယ်။ ယေဘုယျအားဖြင့် ဒီဗီတာမင်တွေဟာ အပူနဲ့လေကို ကြောက်တာမို့ ပုံမှန် ချက်ပြုတ်တဲ့အခါတွေမှာလည်း ပျက်စီးတတ်ပါသေးတယ်။

စည်သွတ်ဘူးလုပ်တဲ့ အဆင့်မှာ ဗီတာမင်တချို့ ပျက်စီးသွားနိုင်ပေမယ့် အစားအစာတချို့အတွက်တော့ ပိုကောင်းလာတယ့်သဘောရှိပါတယ်။ ဥပမာ ခရမ်းချဉ်သီးနဲ့ ပြောင်းဖူးဟာ အပူပေးချိန်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုထွက်လာနိုင်ပါတယ်။ အဲဒီတော့ အမျိုးအစားပေါ်မူတည်ပြီး အာဟာရဓာတ်တချို့ အပြောင်းအလဲဖြစ်တာကလွဲရင် စည်သွတ်ဘူးမှာ အာဟာရဓာတ် ကောင်းကောင်းပါသေးတယ်လို့ ပြောနိုင်ပါတယ်။

စည်သွတ်ဘူးတွေဟာ လွယ်လင့်တကူ ရှာဖွေဝယ်ယူနိုင်ပြီး လက်တွေ့အသုံးတည့်ပါတယ်။

အစားအစာကို ချက်ပြုတ်ပင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့အခါ စည်သွတ်စားစရာတွေဟာ သင့်တော်တဲ့ ရွေးချယ်စရာပါပဲ။ နှစ်နဲ့ချီခံတဲ့ အစားအသောက်တွေ ဖြစ်တာမို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။ အသားငါး၊ ပဲအမျိုးမျိုးအပြင် အသီးအနှံတွေကိုလည်း စည်သွတ်စားစရာအနေနဲ့ ရနိုင်ပါတယ်။ တခါတရံမှာ ဈေးကွက်ကနေ ချက်ချင်းဝယ်ယူချက်ပြုတ်တဲ့ အစားအစာတွေထက် ဈေးနှုန်းချိုသာနေတာကို မြင်တွေ့နိုင်ပါတယ်။

စည်သွတ်ဘူးတွေမှာ BPA ပါဝင်ပါတယ်။

BPA ဆိုတာကတော့ bisphenol-A ကို ညွှန်းဆိုခြင်းဖြစ်ပြီး စည်သွတ်ဘူးပြင်ဆင်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဆိုပါ BPA ဟာ သံဘူးနံရံတွေကနေ အစားအစာတွေထဲ ရောက်သွားနိုင်ပါတယ်။ သုတေသနတခုမှာ စည်သွတ်ဘူးပေါင်း ၇၈ ဘူးကို လေ့လာခဲ့ပြီး ၉၀% ခန့်မှာ BPA ကို တွေ့ရှိခဲ့ရပါတယ်။ နောက်ထပ်လေ့လာမှုတခုမှာတော့ စည်သွတ်စားစရာကို နေ့စဉ်တဘူးနှုန်းနဲ့ ၅ရက်ဆက်တိုက် စားသုံးသူတဦးရဲ့ ဆီးထဲမှာ BPA ဟာ မြင့်တက်နေတာကို တွေ့ရပါတယ်။

အဆိုပါ BPA ဟာ နှလုံးရောဂါအမျိုးအစား ၂ ဆီးချို၊ အမျိုးသားများ ပန်းသေပန်းညှိုးခြင်း စတဲ့ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ သိရပါတယ်။

စည်သွတ်ဘူးမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။

ဒီအခြေအနေဟာ ရှားပါးပေမယ့် စည်သွတ်တဲ့ လုပ်ငန်းစဉ်ကို စနစ်တကျမပြုလုပ်ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားနေတတ်ပါတယ်။ Clostridium botulinum လို ဘက်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်းလိုမျိုး အန္တရာယ်ဖြစ်စေတတ်ပါတယ်။ ဒီအချက်ကို ရှောင်ကြဉ်နိုင်အောင် စည်သွတ်ဘူးကို ရွေးချယ်ရာမှာ ဘူးဟာ မလုံဘဲ ယိုစိမ့်မှုရှိနေသလား၊ ကွဲအက်နေသလား စစ်ဆေးရပါမယ်။ စည်သွတ်ဘူးတခုကို ဖောက်ပြီး စားသုံးရင် တကြိမ်တည်းနဲ့ စားသုံးသင့်ပါတယ်။ တရက်နှစ်ရက်ချန်ထားရင် ဘက်တီးရီးယားတွေ ပေါက်လာတတ်ပါတယ်။

စည်သွတ်ဘူးတချို့မှာ ဆား၊ သကြားနဲ့ တာရှည်ခံပစ္စည်းတွေ အပိုဆောင်း ပါဝင်ပါတယ်။

စည်သွတ်ဘူးပြုလုပ်တဲ့ လုပ်ငန်းစဉ်မှာ ကြာရှည်ခံစေဖို့၊ အနံ့အရသာကောင်းစေဖို့ ဆား၊ သကြားနဲ့ တာရှည်ခံပစ္စည်းတွေ ထပ်မံဖြည့်တင်းရတာ ထုံးစံပါပဲ။ စည်သွတ်ဘူးတချို့မှာတော့ ဆားပါဝင်မှု မြင့်မားနေတတ်ပါတယ်။ ပုံမှန်လူအတွက် မထူးခြားပေမယ့် သွေးတိုးရောဂါလို ကျန်းမာရေးပြဿနာရှိသူတွေမှာ သတိပြုသင့်ပါတယ်။ သကြားများခြင်းဟာလည်း ကျန်းမာရေးပြဿနာအချို့ကို ဖြစ်ပွားစေပါတယ်။ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချို စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

ဘယ်လိုရွေးချယ်ကြမလဲ

တခြားသော ပစ္စည်းအမျိုးအစားတွေလိုပဲ ဘူးပေါ်မှာရေးထားတဲ့ အညွှန်းစာတွေကို သေချာဖတ်ပါ။ ပါဝင်တဲ့ ပစ္စည်းများကို စိစစ်ပါ။ ဆားပါဝင်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးပြဿနာရှိနေရင် low sodium” ဒါမှမဟုတ် “no salt added” စသဖြင့် ရေးထားတဲ့ ဘူးအမျိုးအစားတွေကို ရွေးချယ်ပါ။ သကြားများခြင်းကို ရှောင်ရှားနိုင်ဖို့ အသီးအနှံတွေကို အချိုကဲတဲ့အရည်စိမ်ထားတဲ့ ဘူးတွေကို ရှောင်ပြီး ရေ ဒါမှမဟုတ် သာမန်ဖျော်ရည်စိမ်ထားတဲ့ စားစရာကို ရွေးချယ်ပါ။

စည်သွတ်စားစရာတွေမှာလည်း ပုံမှန်စားစရာတွေလိုပဲ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် တခြားပါဝင်ပစ္စည်းတွေဟာ ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေလို့ တန်ဆေးလွန်ဘေး ဆိုသလို အလွန်အကျွံစားသုံးခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ဘူးတွေမှာ အက်ကွဲခြင်း၊ ယိုစိမ့်ခြင်း ရှိမရှိ စစ်ဆေးပါ။ စည်သွတ်ဘူးတခုကို တကြိမ်တည်းပဲ စားသုံးပါ။ နေ့ဖို့ညစာ မချန်ပါနဲ့။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/canned-food-good-or-bad Accessed Date 4 November 2019

 

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement