backup og meta

သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ

    ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေချင်တယ်ဟုတ်။ ဒါဆိုမေမေ့ဘက်က ဘာတွေပြင်ဆင်ပေးဖို့လိုမယ်ထင်လဲ။ ဘာတွေများလဲလို့ စဉ်းစားနေပြီလား။ စဉ်းစားရင်း ခေါင်းမရှုပ်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

    ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းအရွယ်ရောက်လာစေဖို့

    ကိုးလလွယ်လို့ ဆယ်လဖွားပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တဲ့ ကိုယ်ပွားလေးကျန်းမာစေဖို့အတွက်ဆိုရင် ကလေးကို အာဟာရြပည့်ဝအောင်ကျွေးဖို့လိုသလို သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။

    အာဟာရပြည့်ဝစေဖို့ ဘယ်လိုဂရုစိုက်ပေးမလဲ…..

    ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝစေဖို့ နေ့ရက်တိုင်းမှာ အခုလိုမျိုးပြင်ဆင်ပေးသင့်ပါတယ်။

    ပရိုတင်း

    ကြွက်သား နဲ့ ခန္ဓါကိုယ်ကတစ်ရှုးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ – အသက် ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၃ အောင် စကနေ ၅ အောင်စ၊ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၅ အောင်စ ကနေ ၈ အောင်စလိုအပ်ပါတယ်။

    ဘာတွေကနေရရှိနိုင်လဲ – ငါး၊ ကြက်သား၊ ကြက်ဆင်၊ အဆီမပါတဲ့အသား၊ အခွံမာသီးတွေ၊ ဥအမျိုးမျိုး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ မြေပဲထောပတ် စတာတွေကျွေးပေးလို့ရပါတယ်။

    သံဓါတ်

    သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကလေးကြီးထွားဖို့အတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ – အသက် ၄ နှစ်ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို သံဓါတ် ၁၀ မီလီဂရမ် လိုအပ်မှာဖြစ်ပြီး ၈ နှစ်အထက် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို သံဓါတ် ၈ မီလီဂရမ် အထက်လိုအပ်မှာဖြစ်ပါတယ်။

    ဘာတွေကနေရရှိနိုင်လဲ –အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ တူနာငါး၊ ဥအမျိုးမျိုး၊ သံဓါတ်ဖြည့်စွက်ထားတဲ့ စားစရာတွေ ပြင်ဆင်ပေးပါ။

    ဗီတာမင် D

    ဖွံ့ဖြိုးမှု စတင်နေတဲ့ ကလေးတစ်ယောက်အတွက် အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။

    တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ – ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ဗီတာမင် D 600 international units per day လိုအပ်ပါတယ်။

    ဘာတွေကနေရရှိနိုင်လဲ – အစားအစာကနေ ရရှိနိုင်မှုနည်းပါတယ်။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကွေကာအုတ်စတာတွေကနေရရှိနိုင်ပါတယ်။ ဗီတာမင် D ရရှိနိုင်တဲ့ သဘာဝ အရင်းအမြစ်ကတော့ နေရောင်ခြည်ပါ။

    ကယ်လ်ဆီယမ်

    အရိုး နဲ့ သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့အတွက် အရေးပါပါတယ်။

    တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ –အသက် ၄ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်၊ အသက် ၉ နှစ်ကနေ ၁၃နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၃၀၀ မီလီဂရမ် လိုအပ်မှာဖြစ်မှာပါ။

    ဘာတွေကနေရရှိနိုင်လဲ – နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့၊ ပဲပြား၊ ကွေကာအုတ် တို့ကနေရရှိနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ – အဆီဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီက ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောတွေဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ခန္ဓါကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့၊ ဇီဝတွင်းဖြစ်စဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေဖို့အတွက်၊ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။

    တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ –တစ်နေ့တာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ (အထူးသဖြင့် မပြည့်ဝဆီ) ၃၀ ရာခိုင်နှုန်း ပါရှိအောင်စားသုံးဖို့လိုပါမယ်။

    ဘာတွေကနေရရှိနိုင်လဲ မိခင်နို့၊ သံလွင်ဆီ၊ ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီ၊ ငါး၊ ကြက်သား၊ ဆယ်လ်မွန်ငါး၊ သစ်ကြားသီးတို့ကနေရရှိနိုင်ပါတယ်။

    ဗီတာမင် C

    ကလေးရဲ့ ဦးနှောက်နဲ့ကိုယ်ခံအားစနစ်ကောင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ အနာကျက်စေနိုင်သလို ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူနိုင်စေဖို့အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

    တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ –အသက် ၄ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C ၂၅မီလီဂရမ် ၊ အသက် ၉ နှစ် ကနေ ၁၃ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ၄၅ မီလီဂရမ် လိုအပ်မှာဖြစ်ပါတယ်။

    ဘာတွေကနေရရှိနိုင်လဲ – လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ ကီဝီသီး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွ၊ သစ်သီးဖျော်ရည်တွေကနေရရှိနိုင်ပါတယ်။

    နေ့စဉ်စားသုံးမှုမှာ ကလေးကို ဒါလေးတွေပါဝင်အောင် ဂရုစိုက်ပြီး ကျွေးပေးသင့်ပါတယ်။ ဒါတွေအပြင် ကလေးကို ပြည့်ဝတဲ့ အိပ်စက်ချိန် နဲ့ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေရှိအောင် ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement