ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ

    ဆီးချိုရောဂါ ကိုယ့်မှာ ရှိလား၊ မရှိလား မသေချာဘူး။ ဆီးချိုလက္ခဏာတွေတော့ ခံစားနေရသလိုပဲဆိုရင် ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ ဆိုတာကို ကြည့်ကြရအောင်။

    ဆီးချိုရောဂါ အမျိုးအစား၂ ကို ဘယ်လိုရှာဖွေမလဲ

    ဆီးချိုရောဂါ အမျိုးအစား၂ သင့်မှာရှိနေတယ်လို့ ကြားရတာက ကြောက်ဖို့ကောင်းရင် ကောင်းပါလိမ့်မယ်။ သူက တစ်သက်လုံး ဖြစ်နေမှာ ဖြစ်တဲ့အတွက် ပိုကြောက်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကို ထိန်းချုပ်လို့တော့ ရပါတယ်။ သင့်အနေနဲ့ ဆီးချိုရောဂါ အမျိုးအစား၂ ရှိနေတယ်ဆိုတာ သိတာနဲ့ ဘယ်လိုပြောင်းလဲပြီး နေထိုင်စားသောက်ရမလဲဆိုတာကို လေ့လာသင်ယူပါ။ ဒီလိုနေထိုင်စားသောက်သွားရင် ကျန်းမာတဲ့ဘဝလေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။

    တကယ်လို့ မကုသဘဲထားရင်တော့ အောက်ဖော်ပြပါ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    • မျက်လုံးကွယ်ခြင်း
    • နှလုံးရောဂါ
    • ကျောက်ကပ်ရောဂါ
    • သွေးကြောထိခိုက်ပြီး ခြေထောက်ဖြတ်ရခြင်း

    ဆီးချိုရှိတဲ့သူတွေက သက်တူရွယ်တူဆီးချိုမရှိတဲ့သူတွေထက် သေနိုင်ချေ နှစ်ဆပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ ကုသမှုကြိုတင်ခံယူပြီး ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှမြန်မြန် ဆီးချိုရောဂါကို ရှိမရှိ စစ်ဆေးဖို့အရေးကြီးပါတယ်။

    ဘယ်သူတွေက ဆီးချိုရှိ၊ မရှိ စစ်ဆေးဖို့လိုအပ်မလဲ

    လူတချို့မှာ ရောဂါလက္ခဏာပြသတဲ့အတွက်ကြောင့် ဆီးချိုကို စစ်ဆေးသိရှိသွားကြပါတယ်။ ဆီးချိုရောဂါ အစောပိုင်း လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ဆီးသွားများခြင်း၊ ဆီးခဏခဏသွားခြင်း
    • ရေပိုငတ်ခြင်း
    • မောပန်းနွမ်းနယ်ခြင်း
    • ပွန်းပဲ့ပြဲရှဒဏ်ရာတွေ အနာမကျက်ခြင်း
    • အမြင်မှုန်ဝါးခြင်း

    ပုံမှန်ဆို လူတစ်ယောက်က ဆီးချိုရှိမရှိကို အသက်၄၅ လောက်မှ စတင် စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင်က အောက်ပါအခြေအနေနဲ့ လက္ခဏာတွေဖြစ်နေရင် စောစောသွားစစ်ဆေးသင့်ပါတယ်။

    • အဝလွန်နေခြင်း
    • အထိုင်များခြင်း
    • ဆီးချိုမျိုးရိုးရှိခြင်း
    • ၉ ပေါင်ကျော်တဲ့ ကလေးကို မွေးဖူးခြင်း (သို့) ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ခြင်း
    • ကောင်းသောအဆီ (HDL) ပမာဏနည်းခြင်း (သို့) မကောင်းသောအဆီ (Triglyceride)များခြင်း
    • သွေးတိုးရောဂါရှိခြင်း

    သင့်မှာ ဆီးချိုရောဂါ အမျိုးအစား ၂ ကို ဘယ်လိုရှာဖွေမလဲ

    အောက်ဖော်ပြပါ စမ်းသပ်မှုတွေကို ပြုလုပ်မှာပါ။

    • Hemoglobin A1C စစ်ဆေးမှု

    ဒီစစ်ဆေးမှုက သွေးထဲက သကြားဓာတ် ထိန်းချုပ်နိုင်မှုကို တိုင်းတာတဲ့ စစ်ဆေးမှုပါ။ သင်လွန်ခဲ့တဲ့လအနည်းငယ်က ပျမ်းမျှ သွေးထဲမှာ သကြားဓာတ်ဘယ်လောက်ရှိလဲဆိုတာကို သိနိုင်ပါတယ်။ ဒီစစ်ဆေးမှုက Hemoglobinမှာ တွယ်ကပ်နေတဲ့ သကြားရာခိုင်နှုန်းကို တိုင်းတာတာပါ။

    Hemoglobin ဆိုတာကတော့ သွေးနီဥထဲမှာရှိတဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပါတယ်။ Hemoglobin A1C မြင့်လေ မကြာသေးခင်က သင့်သွေးရဲ့သကြားဓာတ်က မြင့်လေဖြစ်ပါတယ်။

    စစ်ဆေးမှုလုပ်ကြည့်လို့ A1C ၆.၅ ရာခိုင်နှုန်း သို့မဟုတ် အဲဒီထက်မြင့်မယ်ဆိုရင် သင့်မှာ ဆီးချိုရှိပါတယ်။ ရလဒ်က ၅.၇ နဲ့ ၆.၄ ရာခိုင်နှုန်းကြားမှာဆိုရင်တော့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်က ၅.၇ ရာခိုင်နှုန်း အောက်ပါ။

    ဆီးချိုရှိမှန်းသိပြီးနောက်မှာလည်း သင့်သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှုကို စောင့်ကြည့်ဖို့ ဒီစစ်ဆေးမှုကို အသုံးပြုနိုင်ပါတယ်။ A1C ပမာဏကို တစ်နှစ်မှာ ၂ကြိမ်လောက် စစ်သင့်ပါတယ်။

    • အစာမစားဘဲ သွေးတွင်းသကြားဓာတ် တိုင်းတာခြင်း (Fasting glucose Test)

    သင့်ဆရာဝန်အနေနဲ့ Fasting Glucose စစ်ဆေးမှုကိုလည်း လုပ်ခိုင်းချင်လုပ်ခိုင်းပါလိမ့်မယ်။ ဒီစစ်ဆေးမှုမှာ တစ်ညလုံး အစာမစားထားတဲ့ သင့်ရဲ့သွေးနမူနာကိုယူပြီး စစ်ဆေးမှာဖြစ်ပါတယ်။

    ပုံမှန်စစ်ဆေးချက်အဖြေက 100 mg/dl (5.6mmol/L)အောက် ဖြစ်ပါတယ်။ 100 ကနေ 125 ကြား (5.6 နဲ့ 6.9 mmol/L ကြား)မှာရှိနေရင်တော့ ဆီးချိုအကြိုအဆင့်ဖြစ်နေပါပြီ။ ၂ခါစစ်ကြည့်လို့ 126 mg/dL (7 mmol/L) နဲ့အထက်ဆိုရင်တော့ သင့်မှာဆီးချိုရောဂါ အမျိုးအစား ၂ ရှိနေပါပြီ။

    • ကျပန်း သွေးတွင်းသကြားဓာတ်စစ်ဆေးမှု (Random (Non-Fasting) Blood Glucose Test)

    ဒီစစ်ဆေးမှုက အချိန်မရွေးလုပ်လို့ ရပါတယ်။ ဒီစစ်ဆေးမှုက သင့်သွေးထဲက သကြားဓာတ်ကို အစာစားထားသလား၊ မစားထားဘူးလားဆိုတာတွေကို ထည့်မတွက်ဘဲ စစ်ဆေးတာဖြစ်ပါတယ်။

    ဒီစစ်ဆေးမှုမှာ သွေးထဲကသကြားဓာတ်တွေကို milligrams per decileter (mg/dL) ဒါမှမဟုတ် millimoles per liter (mmol/L) နဲ့ပြပါတယ်။ သင်နောက်ဆုံးဘာပဲစားခဲ့ပါစေ စစ်ဆေးမှုအဖြေက 200 mg/dL (11.1 mmol/L) နဲ့အထက် ဖြစ်နေမယ်ဆိုရင် သင့်မှာဆီးချိုရှိပါပြီ။ သင့်မှာ ဆီးချိုလက္ခဏာတွေပါရှိနေတယ်ဆိုရင်တော့ ပိုပြီးသေချာသွားပါပြီ။

    စစ်ဆေးမှုရလဒ်က140 mg/dL (7.8 mmol/L) နဲ့199 mg/dL (11.0 mmol/L) ကြားမှာဆိုရင် သင့်မှာဆီးချိုအကြိုအဆင့် စဖြစ်နေပါပြီ။ ပုံမှန်က140 mg/dL (7.8 mmol/L)အောက် နည်းရပါမယ်။

    • သကြားရည်သောက်သုံးပြီးမှ တိုင်းတာသော ဆီးချိုစစ်ဆေးမှု (Oral glucose tolerance test)

    ဒီစစ်ဆေးမှုမှာတော့ သင်တစ်ညလုံး ဘာမှမစားရပါဘူး။ ပြီးရင် Fasting Blood Sugar စစ်ဆေးမှုကို လုပ်ရပါမယ်။ ပြီးရင် သကြားအရည်တစ်ခုခုကို သောက်ရပါမယ်။ ပြီးရင် သင့်ရဲ့ သွေးထဲမှာသကြားဓာတ်ပါဝင်မှုကို နာရီပေါင်းများစွာ အချိန်အပိုင်းအခြားနဲ့ စစ်ဆေးကြမှာဖြစ်ပါတယ်။

    နှစ်နာရီကြာပြီးတဲ့နောက် သင့်မှာရှိတဲ့ သကြားဓာတ်က 140 mg/dL (7.8 mmol/L)အောက်ဆိုရင် ပုံမှန်ပါပဲ။ တကယ်လို့ 200 mg/dL (11.1 mmol/L) ထက်များနေမယ်ဆိုရင်တော့ သင့်မှာဆီးချိုရှိပါတယ်။ အပေါ်ကပြောသွားတဲ့ ရလဒ်နှစ်ခုကြားမှာ ရှိနေတယ်ဆိုရင်တော့ သင်ဆီးချိုအကြိုအဆင့် ဖြစ်နေပါပြီ။

    ဒီစစ်ဆေးမှုက ကိုယ်ဝန်ဆောင်ချိန်ဆီးချို (gestational diabetes) ကိုလည်း စစ်ဆေးနိုင်ပါတယ်။

    တကယ်လို့ ဆီးချိုရှိနေရင် သင်ဘာလုပ်သင့်လဲ။

    တကယ်လို့ သင့်မှာဆီးချိုရှိနေတယ်ဆိုရင် သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ထိန်းသိမ်းဖို့ လိုလာပါပြီ။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာရမယ့်အပြင် ရက်ချိန်းတွေလည်း မှန်အောင်သွားတွေ့ရပါမယ်။ သွေးစစ်ခြင်းနဲ့ လက္ခဏာတွေ သိထားခြင်းက သင့်ရေရှည် ကျန်းမာရေးအတွက်အရေးကြီးတဲ့ အဆင့်တွေဖြစ်ပါတယ်။

    သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်ဂရုစိုက်ရမယ်ဆိုတာ မှတ်ထားပါ။ ဆီးချိုရှိပေမယ့် သင့်ဘဝကိုကျန်းမာ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါသေးတယ်။ စစ်ဆေးမှုတွေ မပျက်မကွက်လုပ်မယ်၊ အနေအထိုင်အစားအသောက်ဂရုစိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement