backup og meta

ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်

    ကျန်းမာစွာ စားသောက်နေထိုင်မှုက အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့အတွက် ပိုအရေးပါပါတယ်။ အကြောင်းကတော့ ကြီးကောင်ဝင်တဲ့အရွယ်မှာ လုံလောက်တဲ့ အာဟာရဓာတ်တွေပြည့်ဝမှ ခန္ဓာကိုယ်က အကောင်ဆုံး ဆက်လက် ကြီးထွားနိုင်မှာပါ။

    ဖွံ့ဖြိုးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ အင်အားပြည့်ဝပြီး ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရစေဖို့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝလုံလောက်စွာ စားသုံးဖို့ မဖြစ်မနေလိုအပ်ပါတယ်။  ဒီတော့ ဆယ်ကျော်သက်အရွယ် တစ်ယောက်အနေနဲ့ ဘယ်လို အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

     ဆယ်ကျော်သက်တို့အတွက် လိုအပ်မယ့် အာဟာရဓာတ်များ

    ဆယ်ကျော်သက် အစောပိုင်းကာလက အခြား အသက်အရွယ် အပိုင်းအခြားတွေထက် အာဟာရကို ပိုမိုပြည့်ဝဖို့ လိုပါမယ်။ ဒီတော့ အာဟာရ ပြည့်ဝပြီး အကောင်းဆုံး ကြီးထွားစေဖို့အတွက်

    ကယ်လ်လိုရီ

    ကယ်လ်လိုရီက ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ အဓိက ထောက်ပံ့ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အခြားကာလတွေထက် ပိုပြီး ကယ်လ်လိုရီကို လိုအပ်ပါတယ်။

  • ဆယ်ကျော်သက် ကောင်လေးတစ်ယောက်အနေနဲ့ အင်အားပြည့်ဝပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးနိုင်စေဖို့အတွက် တစ်နေ့တာမှာ ကယ်လ်လိုရီ ပမာဏ ၂၈၀၀ လိုအပ်မှာပါ။
  • ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက် အနေနဲ့ကတော့ အင်အားပြည့်ဝပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးနိုင်စေဖို့ဆိုရင် တစ်နေ့တာမှာ ကယ်လ်လိုရီ ပမာဏ ၂၂၀၀ လိုအပ်မှာပါ။
  • ဒီကာလမှာ ကယ်လ်လိုရီ လုံလောက် ပြည့်ဝစွာ စားသုံးမှ ကြီးထွားမှု တန့်တာမျိုး၊ ညှက်တာမျိုး မဖြစ်စေမှာပါ။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖို့ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ အင်အားပြည့်ဝပြီး လေ့ကျင့်ခန်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုပါမယ်။ ဒါမှလည်း ရှိသင်တဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန် ရရှိမှာပါ။

    ပရိုတင်း

    ခန္ဓာကိုယ်ရဲ့  မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးပါ။ ကိုယ်ခံအား ကောင်းစေဖို့၊ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ပရိုတင်း ရရှိစေဖို့

    • အမဲသား
    • ကြက်သား
    • ကြက်ဆင်သား
    • ဝက်သား
    • ငါး
    • ဥအမျိုးမျိုး
    • ချိစ် စတာတွေကို စားပေးလို့ ရပါတယ်။

    ကာဗိုဟိုက်ဒရိတ်

    ကာဗိုဟိုက်ဒရိတ်ကို သကြားဓာတ် နဲ့ ကစီဓာတ်တွေမှာ အများဆုံးတွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေဖို့ အထောက်အပံ့ ပေးပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ် ရရှိနိုင်မယ့် အစားအစာတွေကို စားပေးဖို့လည်း မမေ့ပါနဲ့။

    အဆီဓာတ်

    တစ်နေ့တာ စားသောက်မှုမှာ အဆီဓာတ်က ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့လိုပါတယ်။ အဆီဓာတ်က ဘာလုပ်ပေးလဲဆိုရင် ခန္ဓာကိုယ်ကို အင်အားဖြစ်စေတယ်။ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေ ဖြစ်ကြတဲ့ ဗီတာမင် A၊ D၊ E နဲ့ Kကို စုပ်ယူနိုင်စေဖို့ ကူညီပေးပါတယ်။

    အဆီဆိုတဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့်

    တိရစ္ဆာန်က ရတဲ့ အဆီတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပါတဲ့ အဆီတွေကို အများကြီး မစားသင့်ပါဘူး။

    ဗီတာမင် နဲ့ သတ္တုဓာတ်

    ဆယ်ကျော်သက်အရွယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့

    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • ဇင့် နဲ့
    • ဗီတာမင် D တို့ လုံလောက်စွာ ပါဝင်နေဖို့ သတိရပါ။

    ကျန်းမာရေး ပြဿနာ တစ်စုံတရာ မရှိဘူးဆိုရင် ဒီလိုအပ်မယ့် အာဟာရတွေကို အစားအစာတွေကနေပဲ ရယူစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement