backup og meta

ဆံကေသာလေး ကျော့ရှင်းလှပနေစေဖို့ သံလွင်ဆီလိမ်းပေးစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံကေသာလေး ကျော့ရှင်းလှပနေစေဖို့ သံလွင်ဆီလိမ်းပေးစို့

    အရေပြားနဲ့ ဆံကေသာလေး အတွက် သံလွင်ဆီရဲ့ ကောင်းကျိုးတွေကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ သံလွင်ဆီဟာ အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးဒုက္ခ မဖြစ်စေတဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။

    သံလွင်ဆီရဲ့ ဦးရေပြားဆိုင်ရာကောင်းကျိုးတွေ

    သံလွင်ဆီမှာ ဆံကေသာကို နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခေါင်းလျှော်ပြီးနောက် ဆံသားပျော့ဆေးအဖြစ်နဲ့လည်း သံလွင်ဆီကို အသုံးပြုလို့ ရပါတယ်။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး အေးမြစေတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းလို့ ဆံသားကို ကျန်းမာသန်စွမ်းပြီး နက်မှောင်စေတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေ ခြောက်ပြီး ပျက်စီးတာ၊ ဆံသားကျိုးကြေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    အကယ်လို့ ဆံသားနဲ့ ဦးရေပြားအတွက် သံလွင်ဆီကို တစ်ခါမှ မသုံးဖူးဘူးဆိုရင် ဒီဆောင်းပါးလေးကနေ ဘယ်လိုအကျိုးရှိစွာ အသုံးပြုလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ၁။ သံလွင်ဆီကို အရင်ဆုံး လက်ပေါ်မှာ အနည်းငယ် လိမ်းကြည့်ပါ။ ယားယံတာ၊ နီရဲတာ အစရှိတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ မတွေ့ရပြီဆိုမှ ဦးရေပြားကို လိမ်းပေးပါ။

    ၂။ စလိမ်းလိမ်းချင်းမှာ လက်ဖက်ရည်ဇွန်း ၂ဇွန်း ၃ဇွန်းလောက်ပဲ စလိမ်းပေးပါ။ ခေါင်းတစ်ခုလုံး လိမ်းပေးဖို့ဆိုရင် ၄ဇွန်းစာလောက် သုံးကြည့်ပါ။

    ၃။ လိမ်းတဲ့အခါမှာ ဆံသားတွေကိုသာမက ဦးရေပြားတွေကိုပါ နှံ့စပ်အောင် လိမ်းပေးပါ။

    ၄။ လိမ်းနေရင်းနဲ့ ဦးရေပြားကို နှိပ်နယ်ပေးရင် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်ပေါက်မြန်စေနိုင်ပါတယ်။

    ၅။ ခေါင်းမလျှော်ခင်မှာ သုံးမယ်ဆိုရင်တော့ တစ်နာရီလောက် ခြားပြီး သုံးပေးပါ။ လိမ်းပြီးသွားရင် ဘီးနဲ့ သေချာဖြီးပြီး ဒီအတိုင်းထားထားလိုက်ပါ။ ပြီးသွားမှ ခေါင်းလျှော်ရည်နဲ့ သေချာပြောင်စင်အောင် လျှော်လိုက်ပါ။

    သံလွင်ဆီကို ဘယ်သူတွေ သုံးလို့ရလဲ။

    ကျား၊ မ မရွေး အသက်အရွယ်မရွေး သံလွင်ဆီကို လိမ်းပေးလို့ အဆင်ပြေပြီး ဦးရေပြား ခြောက်တဲ့သူတွေရော၊ အဆီပြန်တဲ့သူတွေလည်း သုံးလို့ ရပါတယ်။ အထူးသဖြင့် ဆံသားခြောက်ပြီး ဆံပင်အုံထူတဲ့ သူတွေဆိုရင် သံလွင်ဆီကို များများသုံးပေးလို့ ရပါတယ်။ အဆီပြန်တဲ့ ဦးရေပြားပိုင်ရှင်တွေဆိုရင်တော့ ဆံပင်ပျော့ဆေးအနေနဲ့ သုံးစရာမလိုဘဲ ခေါင်းလျှော်ပြီး ခဏနေတော့မှပဲ ဆံသားကို သံလွင်ဆီနဲ့ လိမ်းပေးနိုင်ပါတယ်။

    ဆေးဆိုးထားတဲ့ ဆံပင်သားပေါ်မှာ အသုံးပြုတော့မယ်ဆိုရင် ဆံသားအနည်းငယ်လောက်ကို အရင်လိမ်းပြီး အရောင်ကျွတ်သွားတာတွေ မရှိဘူးဆိုမှ ဆက်လိမ်းတာ ပိုကောင်းပါတယ်။ ပုံမှန်အားဖြင့် ဆေးဆိုးပြီးပြီးချင်း ၃ရက်လောက် စောင့်ပြီးမှ သံလွင်ဆီလိမ်းပေးသင့်ပါတယ်။

    ဆံပင်အနားသားတွေ နှစ်ခွဖြစ်တာ၊ ကျိုးကြေနေရင်လည်း သံလွင်ဆီကို လိမ်းပေးပြီး လက်နဲ့ ဖြည်းဖြည်းချင်း ပျက်စီးနေတဲ့ ဆံပင်ကို ပွတ်ဆွဲပေးပါ။ ပြီးတော့မှ ဆံသားအရင်းနဲ့ ဦးရေပြားကို သံလွင်ဆီနဲ့ ဆက်လိမ်းပေးပါ။ ဦးရေပြားမှာ ဗောက်ထနေတာ၊ သန်းတွေ စွဲကပ်နေရင်လည်း သံလွင်ဆီကို နေ့စဉ်ပုံမှန်လိမ်းပေးပြီး ဖယ်ရှားပေးလို့ ရပါတယ်။

    ခုလိုနွေရာသီမှာ ဆံသားတွေ ပျက်စီးနေလို့ စိတ်ညစ်နေတယ်၊ ဆံပင်မပျက်စီးစေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဦးရေပြားကို သံလွင်ဆီနဲ့ ပုံမှန်လေး လိမ်းပေးသွားဖို့ အကြံပေးလိုက်တယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement