backup og meta

သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ

    ကလေးကို အစား ကောင်းကောင်း စားစေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တတ်တဲ့ အလေ့အထဖြစ်စေဖို့  မွေးမြူပေးရတာက ကလေးကို ပျိုးထောင်ပေးနေတဲ့ မိဘတိုင်းအတွက် အရေးကြီးတဲ့ တာဝန် တစ်ရပ်ဖြစ်ပါတယ်။

    လှုပ်ရှားသွားလာနိုင်နေပြီဖြစ်တဲ့ ၂ နှစ်ကျော် အရွယ် ကလေးတစ်ယောက်အဖို့ အာဟာရပြည့်ဝမှုက တော်တော်လေး အရေးပါလှပါတယ်။ ဒီလိုပြောရတာက အာဟာရပြည့်ဝမှ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာ မို့လို့ပါ။

    အာဟာရပြည့်ဝမှုက ကလေးကို ဖျားနာမှု ကင်းစေဖို့လည်း အထောက်အကူပြု ပေးနိုင်ပါသေးတယ်။ ကလေးက သံဓာတ်၊ ဗီတာမင် C စတာတွေ ချို့တဲ့မယ်ဆိုရင် ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုပါ ထိခိုက်နိုင်ပါတယ်။ အရွယ်ရောက်တဲ့အခါ အကောင်းဆုံး ဖွံ့ထွားပြီး ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေဖို့ဆိုရင် ငယ်စဉ် ကာလကတည်း အာဟာရပြည့်ဝဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

    အာဟာရ ပြည့်ဝမှု ဘယ်လောက်ထိ အရေးကြီးသလဲ။

    အာဟာရ ပြည့်ဝမှုက အသက်အရွယ်တိုင်းအတွက် အရေးကြီးပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝပြီး ကျန်းမာအောင် စားသောက်တတ်တဲ့ အလေ့အထ မွေးမြူပေးလိုက်တာက ဘဝတစ်သက်တာလုံး ကျန်းမာနေစေဖို့ အားဖြည့်ပေးလိုက်တာပါပဲ။

    အခုခေတ်မှာ ကလေးတွေ နဲ့ မိသားစုဝင်တွေဟာ အလုပ်များနေတတ်ကြပါတယ်။ ဒီလို များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေက ကလေးအတွက် အာဟာရပြည့်ဝတဲ့ အိမ်ချက် အစားအစာတွေ အပြည့်အဝရရှိနိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။

    ဒီတော့ ကလေး အများစုက အသင့်စား အလွယ်စား အစားအသောက်တွေကို စားသုံးရင်း ကြီးပြင်းလာရတော့တာပေါ့။ ဒါက ပြဿနာ မရှိလောက်ဘူးလို့ ယူဆရပေမယ့် ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေသလို အရွယ်ရလာတာနဲ့အမျှ ရောဂါတွေခံစားရနိုင်ခြေကို တိုးလာစေပါတယ်။

    သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ

    သားသားမီးမီးတို့ကို ရောဂါကင်းပြီး ကျန်းမာဖွံ့ထွားစေဖို့ဆိုရင်

    • ကာဗိုဟိုက်ဒရိတ်(ကစီဓာတ်) ရရှိစေဖို့ ထမင်း၊ ဂျုံကြမ်း ပေါင်မုန့်၊ အချိုမပါတဲ့ Cereal စတာတွေကို ကျွေးပေးပါ။
    • ပရိုတင်း(အသားဓာတ်) ရရှိစေဖို့ အဆီမပါတဲ့ အနီရောင် အသား၊ အရေခွံမပါတဲ့ ကြက်သား၊ ပဲအမျိုးမျိုး၊ ချိစ်၊ အဆီပြည့် နို့၊ အာဟာရဖြည့်နို့ စတာတွေ ပြင်ဆင်ပေးပါ။
    • ဗီတာမင် C ရရှိစေဖို့ လိမ္မော်သီး၊ မာလကာသီး၊ ဂရိတ်ဖရုစ်၊ ရှောက်ချိုသီး စတာတွေ ကျွေးပေးပါ။ ဖျော်တိုက်လို့လည်း ရပါတယ်။
    • ဗီတာမင် A ရရှိစေဖို့ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ ဗီတာမင် A ဖြည့်စွက်ထားတဲ့ Cereal၊ အာဟာရဖြည့်နို့ စတာတွေ ပြင်ဆင်ကျွေးမွေးပေးပါ။
    •  DHA ပြည့်ဝစေဖို့ ဆယ်လ်မွန်ငါး၊ မက်ကာရယ်၊ တူနာငါး၊ ထောပတ်သီး၊ အာဟာရဖြည့်နို့ စတာတွေ ကျွေးပေးပါ။
    • သံဓာတ် ပြည့်ဝစေဖို့ ကြက်သား၊ အနီရောင်အသား၊ ဟင်းနုနွယ် စတာတွေ ပြင်ဆင်ပေးပါ။
    • ဖောလစ်အက်ဆစ် ပြည့်ဝစေဖို့ ဂေါ်ဖီထုပ်၊ ကုလားပဲ၊ ကညွတ်၊ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း စတာတွေ ကျွေးပေးပါ။
    • အမျှင်ဓာတ် ပြည့်ဝစေဖို့ သင်္ဘောသီး၊ ဟင်းသီးဟင်းရွက်၊ ပန်းသီး စတာတွေ ပြင်ဆင်ပေးပါ။
    • ကယ်လ်ဆီယမ် ရရှိစေဖို့ နို့ နဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ချိစ်၊ တို့ဟူး စတာတွေ ကျွေးပေးပါ။

    ကလေးကို တစ်နေ့တာမှာ ၃ နပ် ကျွေးမယ်..အဆာပြေအစားအသောက် ၂ ကြိမ် ကို ၃နပ်အကြားမှာထည့်ကျွေးမယ်… ဒီ အာဟာရဓာတ်တွေလည်း  ပြည့်စုံအောင်ပြင်ဆင်ပေးမယ် ဆိုရင် ကလေးက အာဟာရပြည့်ဝပြီး ကျန်းမာမှာ အသေအချာပါ။ သတိထားရမယ့် နောက်တစ်ချက်က ကလေးကို အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ အချိုကဲ၊ အငန်ကဲတာတွေ မကျွေးဖို့ပါ။

    ကလေးကို အာဟာရပြည့်ဝစေမှုရဲ့ အကျိုးရလဒ်

    ကလးကို အာဟာရ ပြည့်ဝအောင် နေ့စဉ်ကျွေးမွေးပြင်ဆင်ပေးခြင်းကြောင့်

    • ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေတယ်

    ကလေးကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးကို

    • ကြွက်သားတွေ ဖွံ့ဖြိုးစေတယ်။
    • အရိုးတွေ သန်မာစေတယ်။
    • ဦးနှောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ချိတ်ဆက် ဆောင်ရွက်နိုင်စွမ်း ကောင်းစေတယ်။
    • ကလေးကို သွက်လက် တက်ကြွနေစေတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက မေမေက လုံလောက်ပြည့်ဝတဲ့ အာဟာရတွေကို စားပေးရပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးက သိမြင်မှုစွမ်းရည် ဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ်။ ကလေးက သူတို့ရဲ့ ပထမ ၅ နှစ်တာ ကာလမှာ အာဟာရ ပြည့်ဝမှ ဦးနှောက်က အကောင်းဆုံး ဖွံ့ဖြိုးမှာပါ။ ဒီကာလမှာ သံဓာတ် ချို့တဲ့တာမျိုး ဖြစ်မယ်ဆိုရင် သင်ယူနိုင်မှု ခက်ခဲတာ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာရှိတာ၊ အာရုံစူးစိုက်နိုင်စွမ်း နည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအာဟာရတွေက ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်စေဖို့ အားဖြည့်ပေးပါတယ်။ အအေးမိ၊ တုပ်ကွေး နဲ့ အခြား ကျန်းမာရေး ပြဿနာ အမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။

    ငယ်စဉ်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ကျွေးမွေးတာက  ကလေးကို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်နာ စတာတွေ မဖြစ်လာစေဖို့လည်း ကာကွယ်ပေးပါတယ် လို့ U.S. Centers for Disease Control and Prevention ကဖော်ပြထားပါတယ်။

    သားသားမီးမီးတို့ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးပြီး တစ်သက်လုံး ကျန်းမာပျော်ရွှင်အောင် စားသောက်တတ်တဲ့ အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလိုက်ပါ မေမေဖေဖေတို့ရေ  …။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement