မတော်တဆထိခိုက်မိတာကရှောင်လွှဲလို့မရတဲ့ပြဿနာပါ။ အချိန်မရွေးတွေ့ကြုံခံစားရနိုင်ပါတယ်။ သွားရင်းလာရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေရင်းဖြစ်ဖြစ် မတော်တဆထိခိုက်မိနိုင်တဲ့ အနေအထားတွေအများကြီးပါ။ အိမ်မှာထိခိုက်မိရင်က အစစအရာရာအဆင့်သင့်ရှိနေနိုင်တာကြောင့် ဒဏ်ရာအတွက်လိုအပ်တဲ့စောင့်ရှောက်မှုအားလုံးကို လုပ်ဆောင်ရတာအဆင်ပြေမှာပါ။ ဒါပေမယ့် ခရီးသွား တဲ့အခါမှာလည်း ထိခိုက်မိနိုင်တာပဲလေ။ ဒီလိုထိခိုက်မိတဲ့အခါမှာလည်း အနာကိုသေချာဂရုစိုက်ဖို့လိုအပ်မှာပါ။
ခရီးသွား တဲ့အခါ ဒီလိုပြဿနာလေးတွေကြုံရနိုင်ပါတယ်
- ချော်လဲတာ
- ပြတ်ရှဒဏ်ရာ
- ထိခိုက်ပွန်းပဲ့တာ
- ခြေသည်းလက်သည်းပဲ့တာ
- အပူရှပ်တာ
- ရေဓါတ်ခမ်းခြောက်တာ
- အရက်အလွန်အကျွံသောက်မိတာ
- နေလောင်တာမျိုး
- အပူလောင်တာမျိုးတွေခံစားရနိုင်ပါတယ်။
ခရီးသွားရင်း မတော်တဆထိခိုက်မိပြီဆိုရင်
ခရီးသွားတာက အတွေ့အကြုံ ခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်ပါတယ်။ အလုပ်ကိစ္စကြောင့် ခရီးသွားရတာမျိုးရှိသလို အပန်းဖြေတဲ့အနေနဲ့လည်း ခရီးသွားကြပါတယ်။ ဒီလိုခရီးသွားတဲ့အခါ လူတော်တော်များများက လိုအပ်တာတွေကိုပြင်ဆင်တတ်ကြပေမယ့် များသောအားဖြင့်မေ့နေတတ်တာတစ်ခုတော့ရှိနေတတ်ပါတယ်။ ဒါက မတော်တဆထိခိုက်မိတာမျိုးအတွက်ပြင်ဆင်ဖို့ပါ။ မတော်တဆဆိုတဲ့ အဓိပ္ပါယ်ကိုက မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေပါ။ ဒီတော့ ခရီးသွားတဲ့အခါဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေမတွက် ကြိုတင်ပြင်ဆင်သွားတာအကောင်းဆုံးပါ။
တကယ်လို့ မတော်တဆထိခိုက်မိပြီဆိုရင် –
- လက်ကိုအရင်ဆုံးသန့်စင်ဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ခဲ့ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောပေးပါ။
- အနာကိုသေချာသန့်စင်ဆေးကြောပေးပါ။ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုသေချာသန့်စင်ဆေးကြောပေးပါ။
- အနာကို ပိုးသတ်ဆေးတစ်မျိုးမျိုးသုံးပြီး သန့်စင်ပါ။ အနာတဝိုက်ကိုလည်း ချန်မထားပါနဲ့။
- အနာကိုညစ်ပေတာနဲ့ တိုက်ရိုက်ထိတွေ့မိတာမျိုး မဖြစ်စေဖို့အတွက် ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးလုပ်ပေးပါ။
- တစ်နေ့နှစ်ကြိမ် အနာကိုစစ်ဆေးပေးပါ။
- အနာကိုတွေ့ကရာရေနဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ပါ။
- အနာကအရောင်ပြောင်းလာလား၊ အနံ့အသက်ဆိုးဖြစ်လာလား။ပြည်တည်လားဆိုတာကိုသေချာလေးစစ်ဆေးပေးပါ။
- လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးတာမျိုးလုပ်ပေးရပါမယ်။
ခရီးသွားရင် ဘာတွေယူသွားမလဲ
ခရီးသွားတဲ့အခါ အဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကိုပြည့်ပြည့်စုံစုံယူသွားဖို့လိုမှာဖြစ်သလိုဆေးဝါးနဲ့ အခြားလိုအပ်မယ့် ပစ္စည်းတွေကိုပါ ထည့်သွားသင့်ပါတယ်။
- အဖျားသက်သာအောင်သောက်လို့ရတဲ့ဆေးဝါးတွေ
- ပလာစတာ
- ပတ်တီး
- antibioticsဆေးတစ်မျိုးမျိုး
- ရေမလိုလက်သန့်ဆေးရည်
- တစ်ခါသုံးလက်အိတ်
- ဇာဂနာ
- ဂွမ်း
- အရက်ပြန် လိုမျိုးပစ္စည်းတွေကို ဗူးတစ်ခုထဲစုထည့်ပြီး ခရီးဆောင်ဆေးသေတ္တာလေးအဖြစ်နဲ့ ခရီးသွားတဲ့အခါ ယူသွားလိုက်ပါ။
[embed-health-tool-bmi]