backup og meta

ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ


Aye Thi Mon မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ

    ဒဏ်ရာတွေရလာတဲ့အခါ ဆေးလိမ်းဆေးသောက်ရုံနဲ့ သက်သာသွားတာမျိုးရှိသလို ဒဏ်ရာက ပြင်းထန်လွန်းတဲ့အခါ၊ ကြီးလွန်းတဲ့အခါမျိုးမှာတော့ အနာကို ပိုးမဝင်အောင် ကာကွယ်ဆေးထိုးရတာမျိုးရှိပါတယ်။ တိရစ္ဆာန်လေးတွေ ကိုက်ခံရတဲ့အခါ၊ လူကိုက်ခံရတဲ့အခါမျိုးမှာလည်း မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ မေးခိုင်ပိုးကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ မေးခိုင်ပိုးက ရောဂါအဆင့်ထိဖြစ်သွားပြီဆိုရင် ကုသလို့မရတော့ဘဲ သေဆုံးနိုင်သည်အထိဖြစ်လို့ပါ။ အခုတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးတွေဆိုရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုလဲဆိုတာနဲ့ မေးခိုင်ရောဂါပိုးနဲ့ ပတ်သက်လို့သိထားသင့်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးချင်ပါတယ်။

    မေးခိုင်ပိုးဆိုတာ

    မေးခိုင်ရောဂါက Clostridium tetani လို့သိကြတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဆိုပါ ဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့အဆိပ်က အာရုံကြောလုပ်ငန်းစဉ်တွေကို ထိခိုက်စေပြီး ဝမ်းဗိုက်၊ လည်ပင်း၊အစာအိမ်တို့ကကြွက်သားတွေကို အကြောဆွဲတာမျိုးတွေဖြစ်စေနိုင်သလိုခြေလက်ကြွက်သားတွေကိုလည်း ရုတ်တရက်အကြောဆွဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါပိုးက တစ်ခါတလေမှာမျက်နှာနဲ့လည်ပင်းကြွက်သားတွေကို အကြောဆွဲတာမျိုးဖြစ်စေပြီး ပါးစပ်ဖွင့်လို့မရတဲ့အခြေအနေမျိုးတွေ ဖြစ်စေနိုင်တာကြောင့်မေးခိုင်ပိုးလို့ခေါ်တာလည်းဖြစ်ပါတယ်။ မေးခိုင်ရောဂါကပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီးသေဆုံးတာမျိုးထိဖြစ်နိုင်ပါတယ်။

    ဘယ်လိုအခြေအနေတွေက မေးခိုင်ပိုးဝင်စေနိုင်တာလဲ

    မြေကြီးတွေ၊ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေကသေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကူးစက်ပါတယ်။ တိရစ္ဆာန်ကိုက်ခံရတာ၊ အပူလောင်တာ၊ သန့်ရှင်းမှုမရှိတဲ့ဆေးထိုးအပ်တွေကနေတဆင့်လည်း မေးခိုင်ပိုးဝင်နိုင်ပါတယ်။

    အရေပြားပေါက်ပြဲသွားတဲ့ ထိခိုက်ဒဏ်ရာတွေရတဲ့အခါမျိုးမှာမေးခိုင်ပိုးကူးစက်နိုင်ပါတယ်။ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာ၊ ချွန်ထက်တဲ့အရာတွေနဲ့ စူးမိတဲ့ဒဏ်ရာ၊ အပူလောင်နာ၊ တိရစ္ဆာန်ကိုက်တာတွေကနေလည်း မေးခိုင်ပိုးဝင်နိုင်ပါသေးတယ်။ တစ်ခါတလေဆိုရင် ခွဲစိတ်ကုသမှုခံယူထားတဲ့ ချုပ်ရိုး၊ နားပိုးဝင်တာနဲ့ သွားဖုံးပိုးဝင်တာမျိုးတွေ၊ ကိုယ်ဝန်ဖျက်ချတာမျိုးတွေကနေလည်း မေးခိုင်ပိုးဝင်သွားတာမျိုးရှိ ပါတယ်။ မူးယစ်ဆေးသုံးစွဲသူတွေမှာလည်း မူးယစ်ဆေးကို အကြောထဲထိုးသွင်းတာကနေတဆင့် မေးခိုင်ပိုးခန္ဓာကိုယ်တွင်း ဝင်ရောက်တာမျိုးရှိပါတယ်။ ခန္ဓာကိုယ်အရေပြားကို ထွင်းဖောက်အလှဆင်တာမျိုးတွေ၊ တက်တူးထိုးတာ (tattoo)၊ အင်းဆက်ကိုက်ခံရတဲ့ ဒဏ်ရာတွေကနေလည်းမေးခိုင်ပိုးဝင်ရောက်နိုင်ပါတယ်။

    မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်မယ့်အခြေအနေတွေ

    ထိခိုက်ဒဏ်ရာတစ်ခုခုရလာခဲ့ရင် အရင်ဆုံး ဆုံးဖြတ်ရမှာက မေးခိုင်ကာကွယ်ဆေးထိုးသင့်၊မထိုးသင့်ဆိုတဲ့ကိစ္စပါ။ ထိခိုက်မိတဲ့အရာက ညစ်ပေနေတဲ့အရာမျိုးလား၊ ဖုန်မှုန့်တွေ၊ မသန့်ရှင်းတဲ့အရာတွေပေကျံနေလား။ အညစ်အကြေးတွေပေနေလားဆိုတာကိုသေချာကြည့်ရှုရပါမယ်။ အခုဖော်ပြမယ့်အခြေအနေမျိုးဖြစ်နေမယ်ဆိုရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးလိုက်တာက အကောင်းဆုံးပါလို့ပြောပါရစေ။

    • မေးခိုင်ကာကွယ်ဆေးကို နောက်ဆုံးထိုးထားခဲ့တာက လွန်ခဲ့တဲ့ ၁၀ နှစ်ကဖြစ်နေခဲ့ရင်
    • ဒဏ်ရာက ဘာနဲ့ထိခိုက်မိလို့ဖြစ်တာလဲဆိုတာ မသေချာတဲ့အခါ
    • ဒဏ်ရာက ကြီးပြီးနက်နေမယ်ဆိုရင်
    • ညစ်ပေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာဖြစ်နေရင် ဥပမာ။ ။ သံချေးတက်နေတဲ့ သံချောင်း၊သံပြားတွေ
    • အနာထဲကို မဖုံးမကာဘဲ ဖုန်မှုန့်တွေ၊ ညစ်ပေတဲ့ရေတွေထဲဆင်းမိမယ်ဆိုရင်
    • အနာက အရမ်းကိုနာနေခဲ့ရင်
    • ပိုးဝင်နေတဲ့ လက္ခဏာရှိနေရင်
    • တိရစ္ဆာန် ဒါမှမဟုတ် လူကိုက်ခံရရင်

    မေးခိုင်ပိုးဝင်နေရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ

    မေးခိုင်ပိုးက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ၃ ရက် ကနေ တစ်ပတ်လောက်ကြာမှရောဂါလက္ခဏာစပြီးပြတတ်တာပါ။ ၈ ရက်လောက်ကြာမှလည်းဖြစ်နိုင်ပါတယ်။ အရေပြားပွန်းပဲ့တဲ့ဒဏ်ရာတွေကို သေချာဂရုမစိုက်မှုကြောင့်မေးခိုင်ပိုးကိုယ်တွင်းဝင်ရောက်သွားတဲ့အခါ –

    • မေးရိုးကြွက်သားတွေ အကြောဆွဲသလိုဖြစ်မယ်
    • လည်ပင်း၊ ပခုံးနဲ့နောက်ကျောကြွက်သားတွေတောင့်တင်းမယ်
    • အစားအသောက်တွေ မျိုချရခက်တာမျိုးဖြစ်မယ်
    • မျက်နှာမှာရှိတဲ့ ကြွက်သားတွေအကြောဆွဲတာမျိုးဖြစ်မယ်
    • ကြွက်သားတွေ ဆတ်ခနဲ အကြောဆွဲတာမျိုးဖြစ်နိုင်သလို ရင်ဘတ်၊ဝမ်းဗိုက်နဲ့ ခြေလက်ကြွက်သားတွေတောင့်တင်းတာမျိုးဖြစ်မယ်
    • အဖျားတက်မယ်၊ ချွေးတွေအများကြီးထွက်မယ်
    • သွေးတိုးမယ်
    • နှလုံးခုန်နှုန်းမမှန်ဖြစ်မယ်၊ နှလုံးခုန်မြန်မယ်
    • တက်မယ်
    • အသက်ရှူရခက်မယ်
    • နေရထိုင်ရခက်လာမယ်
    • ကြွက်သားတွေ တောင့်တင်းနာကျင်လာမယ်

    မေးခိုင်ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ

    • ထိခိုက်ဒဏ်ရာ တစ်ခုခုရလာတဲ့အခါ အနာကိုဆေးကြောသန့်စင်ရပါမယ်
    • အနာထဲမှာရှိနေတဲ့ အမှိုက်စတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားရပါမယ်
    • အနာကို ပိုးသတ်ဆေးတစ်ခုခုလူးပေးရပါမယ်
    • အနာထဲကို ပိုးမဝင်အောင် အနာသေးရင် ပလာစတာကပ်မယ်၊ အနာကကြီးရင်တော့ ပတ်တီးစည်းရပါမယ်
    • အနာပြင်းထန်ရင် မေးခိုင်ကာကွယ်ဆေးထိုးမယ်
    • အနာကို မသန့်ရှင်းတဲ့အရာတွေနဲ့ မထိတွေ့မိအောင်ဂရုစိုက်မယ်
    • အနာကို နေ့စဉ်စစ်ဆေးမယ်၊ အနာကိုဆေးပုံမှန်ထည့်မယ်
    • အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာရေစိုသွားရင်ဖြစ်ဖြစ် ညစ်ပေသွားရင်ဖြစ်ဖြစ် အသစ်လဲမယ်

    အနာကို သန့်သန့်ရှင်းရှင်းဂရုတစိုက်ထားတာကမေးခိုင်ပိုးဝင်တာတင်မဟုတ်ဘဲ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။

    ဒီလိုအခြေအနေမျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

    တစ်ခါတလေ မေးခိုင်ကာကွယ်ဆေးထိုးပြီးတဲ့အခါဆေးရဲ့ဘေးထွက်ဆိုးကျိုးလိုမျိုး လက္ခဏာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်မေးခိုင်ကာကွယ်ဆေးထိုးလို့မေးခိုင်ပိုးဝင်တာမျိုးမရှိဘူးလို့တော့ပြောပြချင်ပါတယ်။

    မေးခိုင်ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ အပျော့စားဓာတ်မတည့်မှုတွေ –

    • ဆေးထိုးထားတဲ့ နေရာတဝိုက်မှာ နာကျင်မယ်၊ နီမြန်းမယ်၊ရောင်ရမ်းမယ်
    • အဖျားတက်မယ်
    • ခေါင်းကိုက်မယ်၊ ကိုယ်လက်တွေကိုက်ခဲမယ်
    • ခြေကုန်လက်ပမ်းကျမယ်

    ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ရင်တော့-

    • ယားယံတာ ရောင်ရမ်းနာကျင်တာမျိုးဖြစ်မယ်
    • အသက်ရှူရခက်တာနဲ့ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်မယ်
    • မအီမသာဖြစ်မယ်၊ အော့အန်မယ်၊ဝမ်းသွားမယ်၊ ဗိုက်ကြွက်သားတွေနာကျင်မယ်
    • ညည်းစီစီဖြစ်မယ်၊ သွေးပေါင်ကျမယ်၊ နှလုံးခုန်မြန်မယ်

    အခုဖော်ပြခဲ့တဲ့ အခြေအနေမျိုးဖြစ်လာခဲ့ရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသမှုခံယူဖို့လိုပါမယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement