backup og meta

ဘေဘီလေးတွေ ဆော့ရင်းထိခိုက်နိုင်တဲ့ ဒဏ်ရာတွေ


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ ဆော့ရင်းထိခိုက်နိုင်တဲ့ ဒဏ်ရာတွေ

    ပြုတ်ကျမယ်၊ချော်လဲမယ်။ အပူလောင်တော့မှာပဲ ဒီကလေးကတော့နော်…. တစ်ချိန်လုံးအော်နေရတယ်။ ဒါမျိုးတွေပြောဖူးလား။ ဒါဆိုရင်တော့ သင်ကဘေဘီလေးရဲ့မေမေ၊ဖေဖေ မဟုတ်ရင်တောင် ဦးဦးတီတီအရွယ်ရောက်နေသူပါ။ဘေဘီကတော့ဆော့မှာပဲ ကိုယ်တွေကတော့ တစ်ချိန်လုံးစောင့်ကြည့်သတိပေးရမှာပဲလေ။ လူတိုင်း သူ့တာဝန်နဲ့သူပဲကိုး.. မဟုတ်ဘူးလား။

    ကလေးတော်တော်များများက အဆော့သန်ကြပါတယ်။ ကလေးတွေတော်တော်ဆော့တယ်လို့ မပြောခင်မှာ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ဆန်းစစ်ဦး။ အနာရွတ်တွေရှိနေလားလို့လေ။ ကလေးတုန်းကဆော့ရင်းရခဲ့တဲ့ အမာရွတ်တွေရှိနေဦးမှာပါ။ အချို့ကပျောက်သွားပေမယ့် အချို့က တစ်သက်မခွဲတဲ့ အမာရွတ်တွေအဖြစ်ကျန်နေသေးတယ်နော်။ ဒီတော့ ကလေးတွေကို မဆော့ပါနဲ့လို့ပြောဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသွားလောက်မှာပါ။ ဒီတော့ ဘာလုပ်ရမလဲ။ သူတို့မှာဖြစ်တတ်တဲ့အနာတွေအကြောင်းသိအောင်လုပ်ထားပြီးပြုစုကုသပေးရုံပေါ့။

    ကလေးလေးတွေမှာဆော့ရင်းထိခိုက်မိနိုင်တဲ့ ဒဏ်ရာများ

    ထိခိုက်ရှနာဒဏ်ရာ – ကလေးဆိုတဲ့အရွယ်က အငြိမ်မနေဆော့ချင်နေတတ်တဲ့အရွယ်တွေပါ။ သူတို့ကပြေးမယ်လွှားမယ်၊ အမြင့်တွေကို တွယ်တက်မယ်၊ချော်လဲမယ်။ ဒါတွေအကုန်ဖြစ်နိုင်ပါတယ်။ ကလေးတိုင်း ဒီလိုမျိုးပြဿနာတွေနဲ့ မကင်းကြပါဘူး။ပြေးလွှားရင်းထိခိုက်မိတာကြောင့် တံတောင်ဆစ်ဒူးဆစ်တွေမှာ ကွဲတာတွေ၊ထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ အချို့ဒဏ်ရာတွေက အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာတင်ပြုစုကုသပေးလို့ရပါတယ်။

    အနာဖြစ်လာတဲ့အခါ အနာကိုရေသန့်သန့် ဆပ်ပြာခပ်ပျော့ပျော့လေးနဲ့ဆေးကြောပြီး အရင်သန့်စင်လိုက်ပါ။ပြီးရင်အနာပေါ်ကို Antibiotic cream တစ်ခုခုလူးပေးပြီး ပလာစတာ၊ပတ်တီးနဲ့ အုပ်ပေးထားလိုက်ပါ။ တစ်နေ့တစ်ကြိမ်တော့ အနာကိုစစ်ဆေး၊ဆေးထည့်၊ ပတ်တီးလဲတာလုပ်ပေးနော်။ အနာကကြီးမယ်၊ နက်မယ်။ အနာတဝိုက်ရောင်ရမ်းမယ်၊ပြည်တည်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပေးပါ။

    အပူလောင်နာ – မတ်တတ်စမ်းတဲ့အရွယ်မှာ အများဆုံးအပူလောင်တတ်ကြပါတယ်။ မိဘတွေအနေနဲ့ သတိထားရမှာတစ်ခုက ကလေးတွေ လက်လှမ်းမီတဲ့နေရာလောက်မှာရေနွေးအိုး၊ ဟင်းအိုးလိုမျိုး အရာတွေကိုမထားမိဖို့နဲ့ အပူလောင်စေနိုင်တဲ့အရာတွေ အနားကို ကလေးတွေမလာစေအောင်ဂရုပြုဖို့ပါ။

    အပူလောင်တဲ့အခါ အရမ်းပြင်းထန်တယ်ဆိုရင်ဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသတာက အကောင်းဆုံးပါ။ အရမ်းမပြင်းဘူးဆိုရင်တော့ရေအေးအေးလေးနဲ့ အနာကိုဆေးကြောပေးပြီး အပူလောင်တဲ့အခါ လူးပေးလို့ရတဲ့ဆေးတစ်မျိုးမျိုးလူးပေးထားပါ။ ရှားစောင်းလက်ပပ်အတွင်းသားကပ်ပေးလို့လည်းရပါတယ်။

    ချော်လဲလို့ရတဲ့ ထိခိုက်ဒဏ်ရာ -ချော်လဲတာကြောင့်ထိခိုက်မိတာက ကလေးတွေမှာ အဖြစ်အများဆုံး ထိခိုက်ဒဏ်ရာပေါ့။ ကလေးသေးသေးလေးတွေကနေစလို့ ဆယ်ကျော်သက်အရွယ်တွေအထိ အကုန်လုံးချော်လဲနိုင်ပါတယ်။ ဒါကြောင့်ကလေးကို အရမ်းပြေးလွှားတာမျိုး မလုပ်ဖို့ပြောပါ။

    ကလေးကို ပန်းခြံလိုနေရာကိုခေါ်သွားတဲ့အခါသေချာစောင့်ကြည့်ပါ။ ကလေးက စကိတ်စီးတာလိုမျိုး ကစားနည်းကိုဆော့မယ်ဆိုရင် ဒူးကာ၊ တံတောင်ဆစ်အကာနဲ့ ဦးထုပ်ဆောင်းပေးတာမျိုးလုပ်ပေးပါ။ ကလေးကို ထိခိုက်မိတဲ့အခါမှာလည်း ဆူတာငေါက်တာမျိုး မလုပ်ပါနဲ့။ ကလေးကို အားပေးရင်း ထိခိုက်မိတဲ့ဒဏ်ရာကိုဆေးကြာသန့်စင်တာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာမျိုးတွေလုပ်ပေးပါ။

    ကြွက်သားနဲ့ အရွတ်ထိခိုက်မိတာ – ဒါမျိုးကတော့ သားသားလေးတွေမှာ ပိုအဖြစ်များမယ်ထင်ပါတယ်။ ဘောလုံးကန်တာ၊ ဘတ်စကတ်ဘောကစားတာ လိုမျိုး တစ်ကိုယ်လုံးကို အသုံးပြုရတဲ့အားကစားနည်းတွေကစားတဲ့အခါ တွန်းမိတိုက်မိတာတွေ အပြင်းအထန်လှုပ်ရှားမှုတွေကြောင့် ကြွက်သာတွေထိခိုက်မိတာ၊ အရွတ်တွေနာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးအနေနဲ့ပြင်ပဒဏ်ရာတစ်စုံတစ်ခုမရှိဘဲ နာကျင်နေတယ်လို့ပြောလာမယ်ဆိုရင် အရင်ဆုံး နာတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊ ကလေးကို အေးအေးဆေးဆေးအနားယူခိုင်းတာမျိုးလုပ်ပေးပါ။ ဒီလိုတွေလုပ်ပေးနေပေမယ့် မသက်သာလာဘူးဆိုရင်တော့ ကလေးကို ဆရာဝန်ထံခေါ်သွားပြီး လိုအပ်တဲ့ ကုသမှုခံယူပေးဖို့ လုပ်ဆောင်ပေးပါ။

    သွားထိခိုက်မိတာ – ကလေးလေးတွေ လိုက်တမ်းပြေးတမ်းဆော့ရင်းဖြစ်ဖြစ် မတော်တဆခြေချော်ပြုတ်ကျတာမျိုးကြောင့်ဖြစ်ဖြစ် သူရဲကောင်းကြီးတွေလုပ်ရင်း အမြင့်ကနေ ခုန်ချတဲ့အခါမျိုးမှာဖြစ်ဖြစ် အခန့်မသင့်ရင် သွားကျိုးတာ၊ သွားပဲ့တာလိုမျိုးထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ ငယ်သွားကပြန်ထွက်မယ်ဆိုပေမယ့် သေချာဂရုစိုက်မှ ညီညီစီစီနဲ့ သွားလှလှလေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်တာကြောင့် ကလေးမှာ သွားထိခိုက်မှုတစ်စုံတစ်ရာဖြစ်တဲ့အခါ သွားဆရာဝန်နဲ့ ချက်ချင်းသွားရောက်ပြသပေးပါ။ သွားဆရာဝန်ထံမသွားခင်မှာတော့ ကလေးကို ခံတွင်းသန့်ရှင်းရေးအရင်လုပ်ပေးပါ။ သွားကျိုးသွားတာဆိုရင် သွားဖုံးကသွေးတိတ်သွားစေဖို့ ပိုးသတ်ထားတဲ့ ဂွမ်းစလေးကိုက်ခိုင်းတာမျိုးလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement