backup og meta

အနာပိုးဝင်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာပိုးဝင်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အနာရင်းတာ၊ အမာရွတ်ထင်ကျန်တာ၊ အနာပိုးဝင်တာနဲ့ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်တာက ဂရုမစိုက်ဘဲထားရင်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးပါ။ ဒီဆောင်းပါးမှာတော့ အနာပိုးမဝင်အောင်ဘယ်လိုထားရမလဲဆိုတာနဲ့ အနာပိုးဝင်ရင်ဘယ်လိုဖြစ်တတ်လဲ ဆိုတာတွေကိုပြောပြပေးမှာဖြစ်ပါတယ်။

    အနာပိုးဝင်ခြင်း

    အနာပိုးဝင်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အရေပြားကခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေမဝင်အောင်ကာကွယ်ပေးထားတဲ့ ခန္ဓါကိုယ်ရဲ့ အခြေခံအကျဆုံးကာကွယ်ရေးခံတပ်တစ်ခုပါ။ အရေပြားမှာ ထိခိုက်ပွန်းပဲ့တာမျိုးဖြစ်သွားပြီဆိုရင် ကိုယ်တွင်းကိုပြင်ပကရောဂါပိုးတွေဝင်ရောက်လာဖို့ လမ်းပွင့်သွားပါပြီ။မေးခိုင်ပိုးလိုမျိုးရောဂါပိုးတွေကတော့ ဖုန်မှုန့်တွေ၊မြေကြီးတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ရေတွေထဲမှာရှိနေတတ်ပါတယ်။ အနာဖြစ်နေတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေး အခန့်မသင့်ရင် ပိုးဝင်နိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာ အနာကို ဖွင့်ထားတာမျိုးက သိပ်ကိစ္စမရှိပေမယ့် အပြင်ကိုသွားတဲ့အခါမျိုးမှာတော့ အနာကဘယ်လောက်သေးသေး ပလာစတာလောက်တော့ ကပ်သွားဖို့လိုပါမယ်။ မတော်တဆပိုးဝင်သွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေကနေတောင် အခန့်မသင့်တဲ့အခါ ပိုးဝင်သွားနိုင်ပါတယ်။

    အနာပိုးဝင်တဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်

    အနာပိုးဝင်တဲ့အခါ –

  • အနာပတ်လည်မှာရောင်ရမ်းမယ်
  • နီမြန်းမယ်
  • နာကျင်မယ်
  • ပြည်တည်မယ်
  • အနာမကျက်ဘဲဖြစ်နေမယ်
  • အနာကနွေးနေမယ်
  • အဖျားတက်မယ်
  • အနာပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ

    အနာပိုးမဝင်အောင်ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုဖော်ပြပေးမှာမို့ ဆက်ကြည့်လိုက်ရအောင်နော်။

    • အနာတစ်ခုခုဖြစ်တဲ့အခါ အလောတကြီးလက်နဲ့ထိကိုင်လိုက်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ အနာကို မကိုင်ခင်မှာ လက်ကိုအရင်ဆုံးဆေးကြောပေးရပါမယ်။ တစ်ခါသုံးလက်အိတ်သန့်သန့်နဲ့ကိုင်တွယ်ပေးရင်လည်းရပါတယ်။ရေမရှိခဲ့ရင် လက်ကိုရေမလိုလက်သန့်ဆေးနဲ့ဆေးကြောပေးရပါမယ်။
    • အနာကိုသွေးတိတ်အောင်လုပ်ရပါမယ်။ အနာဖြစ်ရင်သွေးနည်းနည်းလောက်ထွက်သွားမှပိုးတွေ အညစ်အကြေးတွေပါသွားပြီး ကောင်းတယ်ဆိုပေမယ့်သွေးအရမ်းထွက်ရင်လည်းမကောင်းပါဘူး။ အနာကတော်တော်နဲ့သွေးမတိတ်ဘူးဖြစ်နေရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးပေးရပါမယ်။
    • အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲကိုပိုးမဝင်စေတာသေချာအောင် ဆေးကြောချင်တယ်ဆိုရင်တော့ အနာတဝိုက်ကိုရေနဲ့ ဆပ်ပြာသုံးပြီးဆေးကြောပေးနိုင်ပါတယ်။ အနာပေါ်ကို ဆပ်ပြာမထိပါစေနဲ့ တစ်ရှုးတွေထိခိုက်ပျက်စီးပြီး အနာကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။
    • ပြီးရင်တော့ အနာကိုခြောက်အောင် ဂွမ်းစ ဒါမှမဟုတ် တစ်ရှုးစသန့်သန့်လေးနဲ့သုတ်ပေးပြီး အနာထဲက အညစ်အကြေးတွေ၊ဖုန်မှုန့်တွေနဲ့ ဖန်ကွဲစလိုမျိုးအရာတွေကို ဖယ်ရှားပေးရပါမယ်။ အနာထဲက အစအနလေးတွေကို ထုတ်ရခက်နေရင်တော့ ဇာဂနာကို အရက်ပြန်စွတ်ပြီးဖြည်းဖြည်းချင်းဖယ်ပေးရပါမယ်။
    • နောက်တစ်ဆင့်ကတော့ အနာကျက်စေဖို့အတွက် အထောက်အပံ့ဖြစ်အောင် အနာပေါ်မှာantibiotics တစ်ခုခုလူးပေးရပါမယ်။antibiotics ကအနာထဲကို ပိုးမဝင်အောင်တော်တော်လေးကာကွယ်ပေးပါတယ်။
    • အနာကြီးရင် ပတ်တီးစည်းမယ် အနာသေးရင်တော့ ပလာစတာကပ်ရပါမယ်။ အနာပိုးမဝင်အောင်ကာကွယ်ပေးတဲ့သဘောပါ။ တစ်နေ့တစ်ကြိမ်တော့ အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာ ဒါမှမဟုတ် ပတ်တီးကိုသန့်စင်ပေးရပါမယ်။ ပတ်တီး ဒါမှမဟုတ် ပလာစတာရေစိုသွားရင်ဖြစ်ဖြစ်၊ ညစ်ပေသွားရင်ဖြစ်ဖြစ် ချက်ချင်းအသစ်လဲပေးဖို့လိုပါတယ်။
    • အနာကိုရေစိုတာမျိုး၊ ညစ်ပေတဲ့အရာမျိုးတွေနဲ့ မထိတွေ့မိစေဖို့လည်း ဂရုစိုက်ရပါမယ်။ရေချိုးတာ၊ရေကိုင်တဲ့အခါမျိုးမှာ အနာကိုရေမစိုအောင် တစ်ခုခုနဲ့ကာကွယ်ထားဖို့မမေ့ပါနဲ့။
    • အနာကစိုနေလား၊ပြည်ဖြစ်နေလား၊ အနာရောင်ရမ်းနေလားဆိုတာကိုသိရဖို့ နေ့တိုင်းတစ်နေ့တစ်ကြိမ်လောက်တော့ အနာကိုစစ်ဆေးရ ပါမယ်။
    • အနာက အရမ်းပြင်းထန်မယ်၊ အရမ်းနက်မယ်၊ သံချေးတက်နေတဲ့အရာတွေနဲ့ ထိခိုက်မိတာမျိုးဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။ တိရစ္ဆာန်ကိုက်တာ၊ လူကိုက်တာမျိုးဆိုရင်လည်းမေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။
    • အနာရှိန်နဲ့ ဖျားနာတာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကိုသွားပြလိုက်တာအကောင်းဆုံးပါ။

    အနာကိုပိုးဝင်ရတဲ့အဓိကအကြောင်းအရင်းက သန့်ရှင်းမှုအားနည်းတာပါ။ အနာတစ်ခုခုရလာခဲ့ရင် ဘာမှမလုပ်နိုင်ရင်တောင် အနာကို သန့်စင်အောင်ဆေးကြောပြီး ပလာစတာလောက်တော့ကပ်ထားပေးလိုက်ပါ။ အနည်းဆုံးတော့ပြင်ပကပိုးမွှားတွေမဝင်တော့ဘူးပေါ့။

    အနာပိုးဝင်စေနိုင်တဲ့ အခြေအနေများ

    အနာကို ပိုးဝင်စေနိုင်တဲ့ အခြေအနေတွေကိုလည်း သတိထားနိုင်စေဖို့ပြောပြပေးလိုက်ပါတယ်။

  • အနာကို ညစ်ပေနေတဲ့ လက်၊ ညစ်ပေတဲ့အရာတွေနဲ့ တိုက်ရိုက်ထိတွေ့မိတာ
  • အနာကို ဖုံးအုပ်ကာကွယ်တာမျိုးမလုပ်ဘဲ ဖုန်မှုန့်တွေ၊သဲတွေထဲကို သွားတာ
  • ညစ်ပေနေတဲ့ရေတွေထဲဆင်းတာ၊ ဥပမာ – မိုးရွာလို့ရေကြီးတာမျိုး
  • အနာကို ကာကွယ်ထားမှုမရှိတာကြောင့် အနီးဝန်းကျင်လေထုထဲကနေ ပိုးကူးတာ
  • အနာကိုသေချာဂရုမစိုက်တာကြောင့် မတော်တဆ ပိုးဝင်သွားတာ
  • အခုလောက်ဆိုရင် အနာပိုးဝင်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ ဘယ်လိုအနေအထားတွေက ပိုးဝင်စေနိုင်လဲဆိုတာတွေကို သိလောက်ပြီထင်ပါတယ်။ ဖော်ပြပေးထားတဲ့အချက်လေးတွေအတိုင်း သတိထားလုပ်ဆောင်ကြည့်မယ်ဆိုရင် အနာကျက်လည်းမြန်စေပြီး အနာပိုးဝင်တာနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေအားလုံးကို အဝေးမှာထားလိုက်လို့ရပါပြီ။ ကိုယ်တိုင်ရော မိသားစုဝင်တွေကိုပါ ကျန်းမာအောင်စောင့်ရှောက်ပေးနိုင်ကြပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement