home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဥပုသ် စောင့်ရင် အဆာခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲ

ဥပုသ် စောင့်ရင် အဆာခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲ

ဥပုသ်သီလ ဆောက်တည်တာ ဘာသာရေးအရ မွန်မြတ်တဲ့ အလုပ်တစ်ခု ဖြစ်သလို လူ့ကျန်းမာရေး အတွက်ဆိုလည်း အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ အလေ့အထလေး ဖြစ်ပါတယ်။ စိတ်နှလုံးအေးချမ်းပြီး ခန္ဓာကိုယ် အဆိပ်အတောက်ကင်းစင်စေတဲ့ သန့်စင်မှုကို ရရှိနိုင်တာ အမြတ်ပါပဲ။

ဒါပေမယ့် ဥပုသ် စောင့်မယ်ဆို ညနေစာ ငတ်ရမယ်၊ ဆာလောင်နေလိမ့်မယ်၊ အစာအိမ်ထိတော့မှာပဲ ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ တကယ်တော့ ကိုယ်က နည်းလမ်းမမှန်ခဲ့ရင် ဒီအချက်တွေမှာ ပြဿနာတက်လာနိုင်တာပါ။ ဒါ့ကြောင့် ဥပုသ်စောင့်တဲ့အခါ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို သိထားမယ်ဆို ကျန်းမာလှပ ကုသိုလ်ရမယ့်အပြင် ဆိုးကျိုး ကင်းကင်းနဲ့ အဆီပါကျစေမှာ သေချာပါတယ်။

ဘာတွေ သတိထားသင့်လဲ

ဥပုသ် စောင့်တဲ့အခါ မူးလဲတာတွေ၊ အားနည်းသလို ခံစားရတာတွေဟာ ပုံမှန်စားသောက်နေထိုင်ရာကနေ ရုတ်တရက် ဆက်တိုက် ဥပုသ်စောင့်ရတဲ့အခါ ဖြစ်လေ့ရှိပါတယ်။ ဥပုသ်ကြောင့် ညနေစာမစားရလို့ အားနည်း၊ နွမ်းနယ်နေတယ်ဆိုတာမျိုး မဖြစ်ရအောင် ဥပုသ်သီလ ဆောက်တည်ချိန်မှာ ခွန်အားပြည့်ဝနေစေမယ့် နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

ဥပုသ်စောင့်လို့ အစာအိမ် မထိရအောင် –

(၁) မနက်စာ စားဖြစ်အောင် စားပါ

ဆာလောင်မှုကို ထိန်းချုပ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ် ဆိုပေမယ့် မနက်စာပုံမှန်စားတာက တစ်နေ့တာလုံးမှာ ဆာလောင်တဲ့စိတ်ကို လျော့ပါးစေတယ်လို့လေ့လာမှုတွေက ဆိုကြပါတယ်။

မနက်စာမစားရင် ဒါမှမဟုတ် ဖြစ်သလိုစားရင် တစ်နေ့လုံး ဆာလောင်မှု ပိုခံစားရစေပါတယ်တဲ့။ ဆာလောင်မှုကို လျော့ပါးစေနိုင်တဲ့ မနက်စာတွေထဲမှာ ကြက်ဥ၊ ဂျုံကြမ်းပေါင်မုန့်၊ ကွေကာနဲ့ အသီးအနှံတွေပါဝင်ပါတယ်။

(၂) အသားဓာတ် လုံလောက်အောင် စားပါ

အသားဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် သူ့ရဲ့ထူးခြားချက်တစ်ခုက ဗိုက်ပြည့်နေတဲ့ခံစားချက်ကို အချိန်ကြာကြာထိန်းပေးထားနိုင်တာ တခြားဓာတ်တွေထက်သာပါတယ်တဲ့။

ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ ကို စားခြင်းက အချိုများတဲ့၊ အဆီများတဲ့ အစားအစာတွေကို စားချင်စိတ် လျော့နည်းစေနိုင်ပါတယ်။ ပင်လယ်စာ၊ အဆီမပါတဲ့ အသားတွေ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲ နဲ့တို့ဟူး တို့ ပါဝင်ပါတယ်။

(၃) အမျှင်ဓာတ် များတာတွေ စားပါ

အမျှင်ဓာတ်က ဗိုက်ပြည့်တင်းတိမ်မှုကိုထိန်းပေးထားနိုင်ပြီးတော်တော်နဲ့မဆာစေပါဘူး။ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်၊ ဘယ်ရီသီး၊ ထောပတ်သီး၊ အုတ်ဂျုံ၊ ကွေကာ စတာတွေက အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အမျှင်ဓာတ်များတဲ့အစာတွေက အဆာပိုခံစေပါလိမ့်မယ်။

(၄) ကာဗိုဟိုက်ဒရိတ် တွေ စားပါ

ပရိုတင်းဓာတ်၊ အဆီဓာတ်တွေနဲ့ မတူဘဲ ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ကို အချိန်အတော်ကြာ ရေဓာတ် ထိန်းထားနိုင်စေပါလိမ့်မယ်။ ဒီအချက်က ဥပုသ်ချိန်အတွက် ပြင်ဆင်ချိန်မှာ အရေးကြီးပါတယ်။

ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ဥပုသ်တွင်း မနက်ပိုင်းမှာ ဒီလိုမျိုး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ် –

  • ပေါင်မုန့်၊ပါစတာ၊ကွေကာ
  • ကစီဓာတ်များတဲ့ အာလူး၊ ကန်စွန်းဥ စတာတွေ
  • ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်တွေ
  • ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး၊ စပျစ်နဲ့ ငှက်ပျောသီး။

(၅) အလွန်အကျွံ ကြိုမစားပါနဲ့

မွန်းတည့်ချိန်မတိုင်မီ ပရိုတင်းများတဲ့အစာတွေကို ဗိုက်ပြည့်အောင်များများစားထားကြတတ်ပါတယ်။ ပမာဏနည်းနည်းနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေစားထားရင် ဥပုသ်ချိန်အတွင်း ဆာလောင်မှုမရှိဘဲ တင်းတိမ်နေနိုင်ပါလိမ့်မယ်။ ညနေကျ မဆာအောင်လို့ မနက်မှာ အများကြီးစားထားမှဖြစ်မယ်ဆိုပြီး အလွန်အကျွံစားရင် တကယ်ဆာလာတဲ့အချိန် များများစားမှဖြစ်မယ့်အနေအထားကိုရောက်သွားနိုင်ပါတယ်။

(၆) ရေသောက်ပါ

တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာသလိုထင်မိတတ်ပါတယ်။ ဗိုက်ဆာနေရင်လည်း ရေသောက်လိုက်ရင် ဗိုက်ဆာတာသက်သာသွားတာမျိုးပေါ့။ ရေသောက်ပေးတာက အစာမရှိတဲ့အစာအိမ်ကို နှစ်သိမ့်ပေးရာရောက်သလို ဆာလောင်မှုကို သက်သာစေပါတယ်။ အချိုရည်သောက်တာလည်း ဆာလောင်မှုကိုသက်သာစေတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်များနေသူတွေအတွက် အဆင်မပြေနိုင်တဲ့လို့ ရေသောက်တာ အန္တရာယ်ကင်းပါတယ်။

(၈) အချို စားပါ

အချိုလေးစားပေးတာက ဗိုက်ပြည့်တင်းတိမ်ကြောင်း ဦးနှောက်ကို သတင်းပို့ပြီး လှည့်စားလို့ ရနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ မြန်မာ့ရိုးရာထန်းလျက်ကို သံဃာတော်တွေ ဘုဉ်းပေးကြတာ ဖြစ်ပါတယ်။

(၉) တရားထိုင်ပါ

တရားထိုင်၊ တရားမှတ်ရင်းနဲ့ သီလဆောက်တည်တာက ကုသိုလ်ရတဲ့အပြင် စိတ်ကိုတည်ငြိမ်စေပြီး ဆာလောင်မှုကိုပါ မေ့ပျောက်စေနိုင်ပါတယ်။ စိတ်နဲ့ ခန္ဓာ တည်ငြိမ်မှုက ခန္ဓာကိုယ်ရဲ့ကယ်လိုရီလိုအပ်မှု နဲ့ အားအင်ကုန်ဆုံးမှုကို လျော့နည်းစေတာကြောင့် ဆာလောင်မှုကို အချိန်ဆွဲထားနိုင်ပါတယ်။

(၁၀) နားနားနေနေ နေပါ

လှဲအိပ်နေတဲ့အချိန်မှာ သက်သောင့်သက်သာ အနားယူနေတယ်လို့ ခံစားရမှာပေမယ့် တကယ်တမ်း ခန္ဓာကိုယ်က ပြန်လည်အားဖြည့်၊ ကုသနေရတာနဲ့ မနားရရှာပါဘူး။ သင်အိပ်ပျော်နေချိန်မှာတောင် ခန္ဓာကိုယ်က ကြွက်သားတွေ ကျန်းမာရေးပြန်လည်တည်ဆောက်နေသလို မှတ်ဉာဏ်တွေသိမ်းဆည်းနေတာ၊ ဟော်မုန်းတွေ ထိန်းညှိနေတာတွေအတွက် လုပ်ဆောင်နေရပါတယ်။

ဒါ့ကြောင့် ဥပုသ်စောင့်တဲ့အခါမျိုးမှာ အားနည်းမှာ စိုးတဲ့အတွက် ညဘက် အိပ်ရေးဝအောင် အိပ်ပေးပါ။ နေ့လယ်နေ့ခင်း တရေးအိပ်တာလည်း လူကိုလန်းဆန်းစေပြီး အာရုံစိုက်မှုကောင်းစေပါတယ်။

ဝါတွင်းကာလ ဥပုသ်သီလ ဆောက်တည်ကြမယ့်သူတွေအတွက် ကုသိုလ်လည်းရ လူလည်း ကျန်းမာ ကြစေဖို့ အကြံပြုရေးသားလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 02/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။