home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းရောင်ရောဂါနှင့် လုံခြုံစိတ်ချရသည့် လိင်ဆက်ဆံမှု

အသည်းရောင်ရောဂါနှင့် လုံခြုံစိတ်ချရသည့် လိင်ဆက်ဆံမှု

အကယ်၍ သင့်မှာ အသည်းရောင်ရောဂါရှိနေခဲ့ရင် ဒီရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ လိင်ဆက်ဆံရာကတဆင့် တစ်ဦးမှတစ်ဦးဆီ ကူးစက်နိုင်တယ်ဆိုတဲ့အချက်ကို သိရှိထားဖို့လိုအပ်ပါတယ်။ သင်နဲ့သင့်အဖော်ရဲ့ ကျန်းမာရေးအတွက် အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ သိကောင်းစရာ အချက်အလက်တွေအပြင် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအလေ့အကျင့်တွေအကြောင်း လေ့လာသိရှိထားဖို့ အလွန်အရေးကြီးပါတယ်။

လိင်ဆက်ဆံရာကတဆင့် အသည်းရောင်ရောဂါ ဘယ်လိုကူးစက်နိုင်သလဲ

အသည်းရောင်ရောဂါဗိုင်းရပ်စ် အေ ဟာ အစာနဲ့စအိုလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ စအိုနဲ့ပါးစပ် တိုက်ရိုက်ထိတွေ့မိရာကဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ စအိုနဲ့ထိတွေ့ထားတဲ့ လက်ချောင်း သို့မဟုတ် အရာဝတ္ထုတွေနဲ့ ထိမိရာကဖြစ်စေ ကူးစက်နိုင်ပါတယ်။

အသည်းရောင်ရောဂါဗိုင်းရပ်စ် ဘီကိုတော့ မိန်းမကိုယ်ကထွက်တဲ့အရည်၊ သွားရည်နဲ့ သုတ်ရေတွေမှာ တွေ့နိုင်ပါတယ်။ လိင်တူချင်းဖြစ်စေ၊ လိင်မတူသူချင်းဖြစ်စေ ပါးစပ်နဲ့ စအိုမှာလိင်ဆက်ဆံမှုကြောင့် ရောဂါပိုးကူးစက်ခံရနိုင်ချေ အလွန်များပါတယ်။ လက်ကိုင်ခြင်း၊ ပွေ့ဖက်ခြင်း၊ နှုတ်ခမ်းချင်းဖွဖွ နမ်းရှုံ့ခြင်းတို့ကြောင့် မကူးစက်တတ်ပေမယ့် တစ်ဦးနဲ့တစ်ဦး တံတွေးခြင်းဖလှယ်ပြီး နမ်းရှုံ့ခဲ့ရင်တော့ ရောဂါကူးစက်နိုင်ချေ ရှိပါတယ်။ အကယ်၍ တစ်ယောက်ယောက်ရဲ့ ပါးစပ်မှာ သွားညှိကြိုးတပ်ထားခဲ့ရင် ဒါမှမဟုတ် အနာရှိနေခဲ့ရင် အသည်းရောင်ဗိုင်းရပ်စ် ကူးစက်ဖို့အလားအလာ ပိုများပါတယ်။

အသည်းရောင်ဗိုင်းရပ်စ် စီကတော့ ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရာကတဆင့် အဓိကကူးစက်ပြီး လိင်အင်္ဂါအနာတွေ၊ ထိခိုက်ပြတ်ရှဒဏ်ရာတွေနဲ့ ရာသီသွေးတို့မှာ ရောဂါပိုးရှိနေနိုင်ပါတယ်။

အသည်းရောင်ရောဂါပိုးရှိသူတစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ

တကယ်တော့ တစ်စုံတစ်ယောက်မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးရှိမရှိ ထင်သာမြင်သာဖြစ်စေမယ့် လက္ခဏာရယ်လို့ သီးခြားမရှိပါဘူး။ ရောဂါပိုးကူးစက်ခံထားရသူအချို့ဟာ အသည်းရောင်ရောဂါ အစောပိုင်းအဆင့်တွေမှာ ကျန်းကျန်းမာမာ လူကောင်းပကတိလို နေထိုင်သွားလာနိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအချက်ကိုတော့ သင့်အဖော်နားလည်အောင် ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ဖို့ လိုပါလိမ့်မယ်။ အကယ်၍ မျက်စိဝါခြင်း၊ အသားဝါခြင်း စတဲ့ လက္ခဏာတစ်ခုခု ပေါ်လာခဲ့ရင်တော့ အသည်းရောင်ရောဂါရှိနေမှန်း သတိပြုမိနိုင်ပါတယ်။ အသည်းရောင်ရောဂါရဲ့ အခြားလက္ခဏာတွေကတော့ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ ရွှံ့စေးကဲ့သို့ ဝမ်းအရောင်ဖျော့ဖျော့သွားခြင်း တို့ပဲ ဖြစ်ပါတယ်။

လိင်အာသာဖြေဖို့ အသုံးပြုတဲ့ ပစ္စည်းတွေကတဆင့် အသည်းရောင်ရောဂါ ကူးစက်နိုင်သလား

အသည်းရောင်ဗိုင်းရပ်စ် ဘီဟာ ခန္ဓါကိုယ်ပြင်ပမှာ ရက်သတ္တပတ် ၁ပတ် သို့မဟုတ် ၁ပတ်ထက်ကျော်ပြီး အသက်ရှင်နေနိုင်တဲ့အတွက် လိင်အာသာဖြေဖို့ အသုံးပြုတဲ့ ပစ္စည်းတွေကတဆင့် ၎င်းဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါတယ်။ ဒီပစ္စည်းတွေကို ပွက်ပွက်ဆူအောင်တည်ထားတဲ့ ရေနွေးထဲ ထည့်ပြုတ်ခြင်းအားဖြင့် ရောဂါပိုးကူးစက်နိုင်ချေကို လျော့ချနိုင်ပေမယ့် သင့်အဖော် ကာကွယ်ဆေးထိုးပြီးမှသာ လိင်အာသာဖြေပစ္စည်းများ အသုံးပြုခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

ကွန်ဒုံးက အသည်းရောင်ရောဂါ မကူးစက်အောင် ကာကွယ်ပေးနိုင်သလား

ရာဘာကွန်ဒုံးတွေက အသည်းရောင်ရောဂါပိုးကို ၉၉ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ အများကယုံကြည်ထားပါတယ်။ အကယ်၍သင့်မှာ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုပြီး ရှိခဲ့ရင် လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးအသုံးပြုသင့်ပါတယ်။ အချို့သော ပညာရှင်တွေက အနံ့အရသာပါတဲ့ ကွန်ဒုံးတွေအစား ရိုးရိုးကွန်ဒုံးကိုသာ အသုံးပြုဖို့ အကြံပြုထားပါတယ်။ ဆီအခြေခံတဲ့ ချောဆီတွေဟာ ကွန်ဒုံးရဲ့ရာဘာကို ထိခိုက်စေနိုင်တဲ့အတွက် အသုံးမပြုသင့်ပါဘူး။

လုံခြုံစိတ်ချရသည့် လိင်ဆက်ဆံမှု အလေ့အကျင့်များ

  • သင့်အဖော်အကြောင်း နားလည်အောင် ကြိုးစားပါ

အန္တရာယ်ဖြစ်စေနိုင်တဲ့ လိင်ဆက်ဆံမှုများမှာ ရှောင်ကြဉ်ပါ။ ရောဂါပိုးမကူးစက်နိုင်အောင် လိုအပ်တဲ့ ကာကွယ်မှုများ ပြုလုပ်ပါ။ သင့်မှာရောဂါရှိတဲ့အကြောင်း သင့်အဖော်ကို ဖွင့်ပြောပါ။ သင့်အဖော်ရဲ့ လိင်ဆက်ဆံမှု အတွေ့အကြုံကို မေးမြန်းကြည့်ပါ

  • ကွန်ဒုံးအသုံးပြုပါ

လိင်ဆက်ဆံတိုင်း ရာဘာကွန်ဒုံးအသုံးပြုပါ။ ကွန်ဒုံးမပေါက်ပြဲစေရန် ရေအခြေခံသည့် ချောဆီအသုံးပြုပါ။ ဒီလိုအသုံးပြုခြင်းအားဖြင့် မိန်းမကိုယ်နဲ့ လိင်တံ ပွန်းပဲ့အနာတရဖြစ်နိုင်ချေကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံသည့် အချိန်တလျှောက်လုံး (အစမှအဆုံးအထိ) ကွန်ဒုံးဝတ်ဆင်ပါ။

  • အရက်သေစာ သောက်သုံးထားချိန်တွင် လိင်မဆက်ဆံမိအောင် သတိထားပါ

အရက်နဲ့ မူးယစ်ဆေးဝါးတွေကြောင့် သင့်ရဲ့ ဆင်ခြင်တုံတရားနဲ့ တာဝန်သိမှု ပျက်ပြားနိုင်တဲ့အပြင် ကွန်ဒုံးစနစ်တကျဝတ်ဆင်ရာမှာ အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် အရက်သေစာ သို့မဟုတ် မူးယစ်ဆေး အသုံးပြုပြီး လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုဖြစ်ဖို့ အရေးအကြီးဆုံး အရာကတော့ သင့်အဖော်နဲ့ အသည်းရောင်ရောဂါပိုးအကြောင်း ကောင်းစွာနားလည်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနားလည်ထားခြင်းအားဖြင့် သင်ရော သင့်အဖော်ကိုပါ ရောဂါပိုး မကူးစက်နိုင်အောင် ကာကွယ်လိုစိတ် အမြဲရှိနေမှာဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုဘ၀ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။