backup og meta

ဝမ်းသွားစေတဲ့ အစားအစာများ

ဝမ်းသွားစေတဲ့ အစားအစာများ

ခရီးသွားစရာရှိတယ်၊ အရေးကြီးတဲ့ ပွဲတစ်ခု သွားစရာရှိတယ်။ ဝမ်းသွားမှာလည်း ကြောက်လို့ ဘာတွေ ရှောင်စားမလဲဆိုပြီး လာတိုင်ပင်လေ့ ရှိကြပါတယ်။ လူတွေရဲ့ အစာခြေစနစ်က တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံခြင်းမတူပါဘူး။ လူတစ်ယောက်တည်းမှာကိုပဲ အသက်ကြီးလာလေလေ အစာခြေစနစ်ရဲ့ တုံ့ပြန်မှုတွေက ကွာခြားသွားပါတယ်။ ဒီကြားထဲ ကျန်းမာတဲ့ လူတစ်ယောက်နဲ့ ရောဂါအခံရှိတဲ့သူတွေရဲ့ အစားအစာပေါ် တုံ့ပြန်ခြင်းကလည်း မတူပါဘူး။ ဒါကြောင့် ဝမ်းသွားစေတဲ့ အစားအစာများ က ဘာတွေလဲ။ ဘာတွေကို သတိထားစားရမလဲဆိုတာကို သိထားသင့်ပါတယ်။

ဝမ်းအရည်တွေပဲ မကြာခဏ သွားနေတယ်ဆိုရင် ဒါကို ဝမ်းသွားတယ်လို့ ခေါ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဝမ်းသွားတယ်ရယ်လို့ မဟုတ်ဘဲ လေနဲ့ ဝမ်းနဲ့ မကွဲဘဲ ဗိုက်ရစ်နေတာမျိုးပေါ့။

ဝမ်းသွားစေနိုင်သော အကြောင်းရင်းများ

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဝမ်းပျက်စေတဲ့ အကြောင်းရင်းတွေကတော့

  • မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေတွေကနေတဆင့် ပိုးဝင်ကူးစက်တာ (ဒါက အဖြစ်အများဆုံးပါ။ အစားမှားတယ်လို့ ပြောကြပါတယ်။)
  • ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
  • အစာခြေစနစ်ကို ခွဲစိတ်ထားတာ
  • ရောဂါအခံတစ်ခုခုရှိတာ (ဥပမာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ၊ သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါ၊ ဆီးချိုရောဂါ စသဖြင့်)

ဒါတွေအပြင် နေ့စဉ်စားနေကျ အစားအစာတွေထဲမှာလည်း ဝမ်းသွားအောင် လှုံ့ဆော်နေတဲ့ အစားအစာတွေလည်း ရှိပါတယ်။

ဝမ်းသွားစေတဲ့ အစားအစာများ

ခုပြောမယ့် အစားအစာတွေက ဝမ်းသွားစေတဲ့ အစားအစာများ ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ် တုံ့ပြန်ခြင်းက မတူတော့ သူစားတုန်းက ဘာမှမဖြစ်ဘဲ ကိုယ့်အလှည့်ကျမှ ဝမ်းလျှောတာလည်း ဖြစ်နိုင်ပါတယ်။

  • သကြားနဲ့ သကြားအစားထိုးပစ္စည်း

သကြားတွေက အူလမ်းကြောင်းထဲကို ရေနဲ့ ဓာတ်ဆားတွေ ဆွဲသွင်းနိုင်တဲ့အတွက် အူထဲမှာ ရေတွေများပြီး ဝမ်းအရည်တွေ သွားတတ်ပါတယ်။

သကြားထဲမှာဆိုရင် ဖရက်တို့စ်သကြား (သစ်သီးတွေမှာ တွေ့ရတတ်တဲ့သကြား)က ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ တချို့လူတွေက သစ်သီးတွေ အများကြီးစားပြီး ဝမ်းသွားတယ်ဆိုတာ ဒါ‌ကြောင့် ဖြစ်နိုင်ပါတယ်။  တစ်ရက်ကို ဖရက်တို့စ် ၄၀-၈၀ဂရမ်ထိ စားမိရင် ဝမ်းလျှောတတ်တယ်လို့ ဆိုပါတယ်။

အစားထိုးသကြားတွေ (sorbitol, mannitol, and xylitol)က ချေဖျက်ရခက်တာကြောင့် အူထဲမှာ ကြာကြာနေပြီး ရေကိုဆွဲထားပါတယ်။ ဒါကြောင့် ဝမ်းလျှောတာပါ။ အစားထိုးသကြားတွေကို သွေးတွင်းသကြားဓာတ်မတက်အောင်ဆိုပြီး ဆီးချိုလူနာတွေ အသုံးများပါတယ်။ ဒါတွေကို

-ပီကေ

-သကြားမပါ ချိုချဉ်နဲ့ အချိုမုန့်တွေ

-diet soda

-သကြားလျှော့ထားတဲ့ စီရီယယ်

-ကော်ဖီဖျော်တဲ့နို့

-အချဉ်ရည်စတာတွေမှာ တွေ့ရတတ်ပါတယ်။

  • နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ လက်တို့စ်လို့ခေါ်တဲ့ နို့သကြားပါဝင်ပါတယ်။ တချို့သူတွေမှာ နို့သကြားကို ချေဖျက်ဖို့ lactase ဆိုတဲ့ အင်ဇိုင်း မရှိတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားပြီးရင် လေပွတာ၊ ဝမ်းလျှောတာ၊ အစာမကြေတာတွေ ခံစားရတာပါ။

  • FODMAPs

FODMAPsဆိုတာ fermentable oligosaccharides, disaccharides, monosaccharides, and polyolsကို ဆိုလိုတာ ဖြစ်ပါတယ်။  သူ့မှာ ချေဖျက်ရခက်တဲ့

-ဖရက်တို့စ်သကြားနဲ့ သကြားအစားထိုးပစ္စည်းတွေ

-ဂျုံ၊ ဆပ်

-ကြက်သွန်နီ၊ ကြက်သွန်ဖြူ

-ပဲ

-ပျားရည်

-ကညွတ်

-သီဟိုဠ်စေ့ စတာတွေ ပါဝင်ပါတယ်။

ဒါတွေကလည်း လူတချို့မှာ ဝမ်းလျှောတာကို ဖြစ်စေနိုင်ပါတယ်။

  • ဂလူတန်

ဂလူတန်ဆိုတာ ဂျုံ၊ ဘာလီ၊ ဆပ်တို့မှာ ပါတဲ့ ပရိုတင်းတစ်မျိုးပါ။ ဘီယာကို အချဉ်ဖောက်တဲ့ ဂျုံမှာလည်း ပါတတ်ပါတယ်။ တချို့သူတွေရဲ့ အစာခြေစနစ်က ဒီပရိုတင်းကို ချေဖျက်ဖို့ ခက်ပါတယ်။ တချို့မှာတော့ Celiac diseaseလို့‌ခေါ်တဲ့ ခုခံအားရောဂါတစ်မျိုးရှိပြီး ဂလူတန်ကို စားလိုက်တာနဲ့ ခုခံအားစနစ်က အူလမ်းကြောင်းကို တိုက်ခိုက်တာကြောင့် ဝမ်းလျှောတာ ဖြစ်ပါတယ်။

  • ဆီကြော်စာတွေ

ဆီကြော်စာတွေဖြစ်တဲ့ ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော် စတာတွေမှာ ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ ပါဝင်နေပါတယ်။ ဒီအဆီတွေက ချေရခက်တာကြောင့် အူမကြီးကို ဒီတိုင်းရောက်သွားပြီး အူမကြီးဆီရောက်မှ ဖက်တီးအက်စစ် ဖြစ်သွားပါတယ်။ ဖက်တီးအက်စစ်တွေက အူမကြီးက အရည်တွေကို ပိုထွက်စေတဲ့အတွက်  ဝမ်းလျှောစေပါတယ်။

နောက်ပြီး သည်းခြေရည်တွေကို ပိုထွက်စေလို့ အူလမ်းကြောင်းထဲမှာ အရည်တွေ ပိုများလာပြီး ဝမ်းအရည်တွေ သွားစေပါတယ်။

  • အစပ်တွေ

လူတိုင်း အစပ်စားကြတာပဲ။ လူတိုင်း ဝမ်းမလျှောပါဘူး။ ဒါပေမဲ့ တချို့သူတွေကတော့ အစပ် (အထူးသဖြင့် ငရုတ်သီး) စားပြီးရင် ဝမ်းလျှောပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးမှာပါတဲ့ capsaicinကြောင့်ပါ။

Capsaicinက နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ အာနိသင်ရှိပေမယ့် အစာအိမ်နံရံကို လောင်စေတာကြောင့် စားပြီးတဲ့အခါ

-ပျို့တာ

-အန်တာ

-ဗိုက်အောင့်တာ

-ဝမ်းလျှောတာ

-ဝမ်းသွားရင် ပူနေတာ စတာတွေ ဖြစ်တတ်ပါတယ်။

  • ကဖင်း

ကဖင်းက အူလမ်းကြောင်း လှုပ်ရှားမှုကို မြန်စေပြီး ဝမ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ တချို့သူတွေဆို တစ်ရက်ကို ကော်ဖီ ၂-၃ခွက်လောက် သောက်တာနဲ့ကို ဝမ်းလျှောပါတယ်။ တချို့ဆို ၁ခွက်လောက်နဲ့တင် လျှောပါတယ်။

ပိုဆိုးတာက ကော်ဖီကို နို့၊ သကြား၊ အစားထိုးသကြားတွေ အများကြီး သောက်တဲ့အခါ ဒါတွေအကုန်လုံးက ဝမ်းလျှောစေတဲ့ အာနိသင်ရှိတော့ နဂိုတည်းက ဝမ်းလျှောတတ်တဲ့သူဆို သောက်ပြီး ခဏနေတာနဲ့ ဝမ်းသွားတော့တာပါ။ ဒါကြောင့် ကဖင်းထုတ်ထားတဲ့ ကော်ဖီသောက်ရဲ့သားနဲ့ ဝမ်းလျှောနေတယ်ဆိုတာ ဒါကြောင့်ပါ။

ကဖင်းက ကော်ဖီမှာတင် မဟုတ်ပါဘူး။

-အားဖြည့်အချိုရည်

-လက်ဖက်ရည်

-ချောကလက်

-ဆိုဒါ စတာတွေမှာလည်း ပါပါတယ်။

  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ

အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေတယ်ဆိုပေမဲ့ လိုတာထက် ပိုစားရင်တော့ လေပွပြီး ဝမ်းလျှောတတ်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်များတဲ့ ဟင်းရွက်ထုပ်တွေ (‌ဂေါ်ဖီထုပ်၊ ပန်းပွင့်)၊ ပဲ၊ ကောက်နှံတွေကို အလွန်အကျွံစားရင် ဖြစ်တတ်ပါတယ်။

  • အရက်

အရက်ကလည်း ဒီနေ့သောက်ပြီး နောက်နေ့ ဝမ်းလျှောတာကို ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာတွေ၊ ဝိုင်တွေ သောက်ရင် ပိုဆိုးပါသတဲ့။

အစားအစာတွေကြောင့် ဝမ်းလျှောရင် ဘယ်လိုလုပ်သင့်သလဲ

တခြားအကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ဝမ်းလျှောတယ်ဆိုရင် စားနေတဲ့ အစားအစာတွေကို ပြန်လည်စစ်ဆေးကြည့်ပါ။ တတ်နိုင်ရင် food diaryနဲ့ သေချာ ရေးမှတ်ထားပါ။ ဒါဆို ဘယ်အစားအစာတွေစားပြီးတိုင်းမှာ ဝမ်းလျှောတယ်ဆိုတာ သိသာလာပါလိမ့်မယ်။

ပြီးရင်တော့ ကိုယ်ထင်တဲ့ အစားအစာကို တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် ရှောင်ကြည့်ပါ။ ဝမ်းမလျှောဘူးဆိုရင် ရှောင်လိုက်တဲ့ အစားအစာကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ နို့ကြောင့်လို့ ယူဆရင် နို့မသောက်ဘဲ တစ်ပတ်လောက် စောင့်ကြည့်တာမျိုးပါ။

သက်သာသွားရင် နည်းနည်းစီ ပြန်စားကြည့်ပါ။ ဥပမာ lactase အင်ဇိုင်းချို့တဲ့တဲ့သူ တချို့ဆိုရင် နို့ကို နည်းနည်းလောက် ပြန်သောက်ပေးလို့ ရပါတယ်။။ များများသောက်မှ ဝမ်းလျှောတာမျိုးပါ။ ဒီလိုနည်းနဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာကို လုံးဝရှောင်ရမလား။ လျှော့စားရမလားဆိုတာ သိနိုင်ပါတယ်။

အစားရှောင်တဲ့အတွက် အာဟာရမချို့တဲ့စေဖို့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘာစားရမလဲဆိုတာ ညွှန်ကြားပေးပါလိမ့်မယ်။ ဥပမာ နွားနို့ သောက်မရရင် ပဲနို့သောက်တာ။ ဂလူတန်မပါတဲ့ အစားအစာတွေ စားတာ စသဖြင့်။

အူလမ်းကြောင်း ရောဂါတစ်ခုခုရှိတယ်လို့ ယူဆရင် (ဥပမာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ၊ Celiac disease) ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူပါ။

အနှစ်ချုပ်

အစားအစာတွေအပေါ် အူလမ်းကြောင်းရဲ့ တုံ့ပြန်မှုက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။  တစ်ယောက်က ဒါနဲ့ တည့်ပေမဲ့ နောက်တစ်ယောက်က ဒါစားရင် ဝမ်းလျှောတာမျိုး၊ ငယ်ငယ်တုန်းက နို့သောက်လို့ ရပေမဲ့ အသက်ကြီးလာတဲ့အခါ နို့သောက်ရင် ဝမ်းလျှောတာမျိုး ဒါတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ့်ကို ဝမ်းသွားစေတဲ့ အစားအစာများ ကို သေချာမှတ်သားထားပြီး လျှော့စားဖို့၊ ရှောင်ကျဉ်ဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is something in your diet causing diarrhea? https://www.health.harvard.edu/diseases-and-conditions/is-something-in-your-diet-causing-diarrhea Accessed date Sep 13, 2023

Capsaicin https://www.ncbi.nlm.nih.gov/books/NBK459168/  Accessed date Sep 13, 2023

Lactose intolerance https://ghr.nlm.nih.gov/condition/lactose-intolerance Accessed date Sep 13, 2023

Common Causes of Chronic Diarrhea https://www.iffgd.org/lower-gi-disorders/diarrhea/common-causes.html Accessed date Sep 13, 2023

FODMAP Diet: What You Need to Know https://www.hopkinsmedicine.org/health/wellness-and-prevention/fodmap-diet-what-you-need-to-know#:~:text=FODMAP%20stands%20for%20fermentable%20oligosaccharides,Cramping Accessed date Sep 13, 2023

ယခုပုံစံ

14/09/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ)

IBS အကြောင်းဘာတွေသိထားသင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement