backup og meta

လေလည်ရင် အနံ့နံတာ ဘာကြောင့်လဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေလည်ရင် အနံ့နံတာ ဘာကြောင့်လဲ

    လေလည်တဲ့ပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က မသိမသာ မှင်သေသေနဲ့ အသံတိတ် လည်ကြသလို တချို့ကျတော့လည်း ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ချလိုက်တာတွေ ရှိပါတယ်။ ဘာအနံ့မှ မထွက်ဘဲ တိတ်တခိုးလေး လည်ကြသလို အသံမကြားရဘဲ အနံ့သက်သက်ပေးတဲ့ လေလည်ခြင်းတွေလည်း ရှိပါတယ်။  လေလည်တဲ့အခါ ကသိကအောက်ဖြစ်ကြတာ၊ သူများကို အားနာရတာ အသံကြောင့်ဆိုတာထက် ထွက်လာတဲ့အနံ့ကြောင့်ပါ။ သူများနဲ့ မတူဘဲ ကိုယ် လေလည်ရင် အနံ့နံတာ ဘာကြောင့်များပါလိမ့်။

    လေလည်တယ်ဆိုတာ ကျန်းမာ‌ရေး ဖြစ်စဉ်တစ်ခုပါ

    အစာအိမ်နဲ့ အူလမ်းကြောင်းက ပိုက်လိုင်းကြီးလို ဖြစ်နေတာဆိုတော့ နဂိုတည်းက လေရှိပြီးသားပါ။ အဲ့တာကိုမှ အပြင်ကနေ လေတွေမျိုချမိတာ၊ အစားအသောက်တွေကြောင့် အချဉ်ပေါက်ပြီး ဂတ်စ်တွေ ထွက်လာတာတွေ ရှိပါတယ်။

    ဒီလိုမျိုး အူလမ်းကြောင်းထဲမှာ လေတွေများလာရင် ပိုလျှံနေတဲ့လေတွေကို အပေါ်ကနေ လေတက်ပြီးဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီး ဖြစ်ဖြစ် စွန့်ထုတ်ရပါတယ်။ ဒါမှ လေပွတာ၊ ရင်ခေါင်းတောင့်တာတွေ မဖြစ်မှာပေါ့။

    လူတွေက တစ်ရက်ကို စအိုကနေ သိသိ မသိသိ အကြိမ် ၂၀လောက် လေလည်တယ်လို့ ဆိုပါတယ်။ လေလည်တာက ကျန်းမာရေးဖြစ်စဉ်တစ်ခုဖြစ်လို့ အောင့်ထားစရာတော့ မလိုပါဘူး။

    လေလည်ရင် အနံ့နံတာ ဘာကြောင့်လဲ

    လေလည်တဲ့အခါ သူများနဲ့ မတူဘဲ အနံ့နံရတာက ကိုယ်စားတဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အစားအစာတွေထဲမှာ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာတွေကတော့

    • ပဲ

    ပဲစားပြီးရင်  လေလည်တာ သိကြမှာပါနော်။ ဘာကြောင့်လဲဆိုတော့ တချို့သောပဲအမျိုးအစားတွေမှာ ချေဖျက်ရခက်တဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်တွေပါနေလို့ပါ။ ဒါတွေ အချဉ်ပေါက်ရာကနေ အူလမ်းကြောင်းထဲမှာ လေတွေ များလာပြီး လေလည်တဲ့အခါ ကျယ်လည်းကျယ်၊ နံလည်းနံတာပါ။

    • ဆာလဖာပါတဲ့ အစားအစာတွေ

    ဆာလဖာပါတဲ့ အစားအစာတွေ စားပြီး လေလည်တဲ့အခါ ကြက်ဥပုပ်လို အနံ့မျိုး ထွက်တတ်ပါတယ်။ ဆာလဖာပါတဲ့ အစားအစာတွေကတော့

    -ပန်းပွင့်စိမ်း

    -‌ပန်းဂေါ်ဖီ

    -ဂေါ်ဖီထုပ်

    -ဥအမျိုးမျိုး

    -ကြက်သွန်ဖြူ၊ နီ

    -အစေ့အဆန်

    -အသား

    -အရက်၊ ဘီယာ၊ ဝိုင် စတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေကို အလွန်အကျွံစားရင် ဆာလဖာတွေကြောင့် လေလည်ရင် အနံ့နံမှာ ဖြစ်ပါတယ်။

    နောက်ပြီး အားကစားသမားတွေ သောက်တဲ့ ပရိုတင်းအမှုန့်တွေ (အထူးသဖြင့် Whey powder)တွေမှာလည်း cysteineပါတဲ့အတွက် လေလည်ရင် အနံ့နံတာ ဖြစ်တတ်ပါတယ်။

    • နို့နဲ့ နို့ထွက်ပစ္စည်း

    နို့မှာပါတဲ့ လက်တို့စ်ကို မချေဖျက်နိုင်ဘူးဆိုရင်လည်း အူလမ်းကြောင်းကို ဝန်ပိပြီး အနံ့ပြင်းတဲ့ လေလည်တာမျိုး ဖြစ်တတ်ပါတယ်။

    • ဂတ်စ်ပါတဲ့ အချိုရည်တွေ

    ဂတ်စ်ပါတဲ့ အချိုရည်သောက်ရင် အူထဲမှာ ဂတ်စ်တွေများလာမှာ အသိသာကြီးပါ။ သကြားဓာတ်တွေလည်း များတာကြောင့် အူလမ်းကြောင်းက ကုန်အောင် မစုပ်ယူနိုင်ဘဲ ကျန်နေတဲ့အခါ ချဉ်စူးစူးအနံ့ထွက်တတ်ပါတယ်။

    ကျန်းမာရေးအခြေအနေဘက်က ပြောရမယ်ဆိုရင်တော့

    • အူလမ်းကြောင်းက ဘက်တီးရီးယားတွေ

    လူတိုင်းရဲ့ အူလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ရှိပြီး တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ တချို့သူတွေမှာ သဘာဝအရကိုက သူတို့ရဲ့ ဘက်တီးရီးယားတွေက အနံ့ပြင်းတဲ့ ဂတ်စ်တွေ ထုတ်လို့ နံတာပါ။

    • ဆေးဝါးတွေ

    အထူးသဖြင့် ပိုးသတ်ဆေးတွေ သောက်တဲ့အခါ အူလမ်းကြောင်းက ဘက်တီးရီးယားတွေ မျှခြေပျက်သွားပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေ များလာတာကြောင့် လေလည်ရင် အနံ့နံတာ ဖြစ်တတ်ပါတယ်။

    • ဝမ်းချုပ်တာ

    ဒါကတော့ သိသာပါတယ်။ သိမ်းထားတာကြာလာရင် ဝမ်းလည်းနံ၊ လေလည်ရင်လည်း နံမှာပါ။

    • ရာသီလာခါနီးတာ

    ရာသီလာခါနီးရင် ဟော်မုန်းအပြောင်းအလဲကြောင့် ပုံမှန်ထက် လေပိုပွပါတယ်။ ဘက်တီးရီးယားအပြောင်းအလဲတွေလည်း ဖြစ်တာကြောင့် လေလည်ရင်လည်း အနံ့ပိုပြင်းတတ်ပါတယ်။

    လေလည်ရင် အနံ့နံတာ ဘယ်လိုအခါမျိုးမှာ စိုးရိမ်ဖို့ လိုသလဲ

    လေလည်ရင် အနံ့နံတာက များသောအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့

    • ဝမ်းသွားတဲ့ ပုံစံပြောင်းလာရင် (ဥပမာ ဝမ်းချုပ်လိုက်၊ ဝမ်းသွားလိုက် ဖြစ်တာ)
    • ဗိုက်အောင့်တာ၊ ပိန်လာတာ
    • လေလည်တဲ့ အနံ့က ဆိုးလွန်းတာ
    • ဝမ်းအနံ့ပါ ဆိုးလာတာ၊ ဝမ်းထဲမှာ ဆီ၊ သွေးပါလာတာတွေ ရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေသင့်ပါတယ်။

    လေလည်တဲ့အခါ အနံ့မဆိုးအောင် ဘာလုပ်သင့်သလဲ

    • ကိုယ်စားတဲ့ အစားအသောက်တွေကို ပြန်စစ်ကြည့်ပါ။ အပေါ်မှာ ပြောခဲ့တာတွေ အစားများနေရင် လျှော့ကြည့်ပါ။
    • ဆေးဝါးတွေကြောင့်ဆိုရင်တော့ ဆေးရပ်လိုက်တဲ့အခါ ပြန်သက်သာနိုင်ပါတယ်။ ဒါမှမဟုတ် ဆရာဝန်နဲ့ ပြပြီး ဆေးပြောင်းကြည့်ပါ။
    • အစာစားပြီးရင် ခဏနားပြီး ၁၀-၁၅မိနစ်လောက် လမ်းလျှောက်ပါ။
    • အစာစားတဲ့အခါ ဖြည်းဖြည်းချင်းစားပြီး ကြေညက်အောင် ဝါးပါ။
    • ရေများများသောက်ပါ။
    • အူလမ်းကြောင်းက ဘက်တီးရီးယားတွေ မျှတအောင် ပရိုဘိုင်အိုတစ်သောက်တာ ဒါမှမဟုတ် ဒိန်ချဉ်သောက်ကြည့်ပါ။

    အကြံပြုချက်

    လေလည်ရင် အနံ့နံတာ က ကိုယ်စားတဲ့ အစားအသောက်ကြောင့်လည်း ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်း တိတိကျကျ မရှိဘဲ ကိုယ့်အူလမ်းကြောင်းက ဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေလည်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement