backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သည်းခြေကျောက်ကုသနည်း ဘယ်နှနည်း ရှိသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သည်းခြေကျောက်ကုသနည်း ဘယ်နှနည်း ရှိသလဲ။

သည်းခြေကျောက်က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အဆီအစိမ့်စားတဲ့သူတွေ၊ အသက်၄၀ကျော်တဲ့ အမျိုးသမီးတွေဆို ပိုဖြစ်တတ်ပါတယ်။ သည်းခြေကျောက် တည်တဲ့အခါ တချို့လူနာတွေကို ဘာဆေးမှ မပေးဘဲ စောင့်ကြည့်သလို တချို့ကိုကျတော့ ကျောက်ပျော်ဆေးတွေ ပေးပါတယ်။ တချို့ကျတော့ မှန်ပြောင်းကြည့်ပြီး ကျောက်ထုတ်လိုက်တယ်လို့ ‌ပြောကြတယ်။ တချို့ကျတော့လည်း သည်းခြေအိတ်ပါ ထုတ်လိုက်ရတယ်တဲ့။ သည်းခြေကျောက်ကုသနည်း က ဘယ်နှနည်းတောင် ရှိနေတာလဲဆိုပြီး သိချင်ကြမှာပါ။

သည်းခြေကျောက်ကုသနည်း အမျိုးအစားများ

သည်းခြေကျောက်ကုသနည်း တွေမှာ အကြမ်းအားဖြင့်

  • စောင့်ကြည့်နည်း
  • ကျောက်ပျော်ဆေးပေးတာ
  • မှန်ပြောင်းနဲ့ ကျောက်ထုတ်တာ
  • ခွဲစိတ်တာ စသဖြင့် နည်းလမ်းတွေ ရှိပါတယ်။

လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသနည်းတွေ မတူနိုင်ပါဘူး။ ရောဂါလက္ခဏာတွေ ဘယ်လောက်ဆိုးသလဲ။ လူနာက ခွဲစိတ်တာကို ခံနိုင်ပါ့မလား။ လူနာရဲ့ နဂိုရောဂါအခံတွေ စတာတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ဘယ်လူနာကို ဘယ်လို သည်းခြေကျောက်ကုသနည်းတွေနဲ့ ကုသမှာလဲ။

ခုပြောမှာကတော့ အကြမ်းဖျင်းအချက်တွေပါ။ လူနာတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကြောင့် အသေးစိတ်ကို ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။

စောင့်ကြည့်နည်း

ပုံမှန်ကျန်းမာရေး စစ်ဆေးရင်းနဲ့ အယ်ထွာဆောင်းမှာဖြစ်ဖြစ် သည်းခြေကျောက်တွေ့လိုက်တယ်ဆိုပါစို့။ သည်းခြေကျောက်သာ ရှိနေသာ လူကအပြင်မှာ အကောင်းပဲ၊ ဘာလက္ခဏာမှလည်း မခံစားရဘူးဆိုရင် ပုံမှန်ရက်ချိန်းလေးပြပြီး စောင့်ကြည့်လို့ရပါတယ်။

ချက်ချင်းကြီးတော့ ခွဲစရာစိတ်စရာ မလိုသေးပေမယ့် သည်းခြေကျောက်ရဲ့ လက္ခဏာတွေ ခံစားလာရရင် (ဥပမာ ဗိုက်အောင့်တာ၊ ‌ဖျားတာ၊ အသားဝါတာ) ဆရာဝန်ကို ပြန်ပြောပြဖို့ လိုပါတယ်။

အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ သည်းခြေကျောက်ရှိရဲ့သားနဲ့ လက္ခဏာမပြဘူးဆိုရင် အခြေအနေသိပ်မဆိုးဘူးလို့ သတ်မှတ်လို့ ရပါတယ်။

လက္ခဏာမပြပေမယ့် သည်းခြေကျောက်ကြောင့် နောက်ဆက်တွဲပြဿနာတွေ ရှိနိုင်တယ်ဆိုရင်လည်း ကုသရပါမယ်။ ဥပမာ

  • အသည်းခြောက်တဲ့သူ
  • အသည်းမှာ သွေးတိုးတဲ့သူ
  • ဆီးချိုရှိတဲ့သူ သူတို့ဆိုရင် လက္ခဏာမပြသည့်တိုင် ကုသဖို့ လိုပါတယ်။

နောက်ပြီး သည်းခြေအိတ်မှာ ကယ်ဆီယမ်တွေ များနေရင်လည်း ကုသဖို့ လိုပါတယ်။ ဒါက နောက်ပိုင်းမှာ သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေ များလို့ပါ။

ကျောက်ပျော်ဆေးပေးတာ

တချို့သည်းခြေကျောက်လူနာတွေကို ကျောက်ပျော်ဆေးပေးတာကို တွေ့ဖူးမှာပါ။ ဒါကလည်း လူနာတိုင်းမှာ ပေးလို့ မရပါဘူး။

  • သည်းခြေကျောက် သေးတဲ့သူတွေ
  • ကယ်ဆီယမ်မပါတဲ့ သည်းခြေကျောက်တွေ
  • ခွဲစိတ်ဖို့ မသင့်တော်တဲ့လူနာတွေမှာ ပေးလေ့ရှိပါတယ်။

အများဆုံးပေးတာကတော့ ursodeoxycholic acid ဆေးပြားတွေပါ။ ဒီဆေးက ကျောက်ပျော်စေတာမှန်ပေမယ့် ဘာကြောင့် လူနာတိုင်းကို မပေးတာလဲဆိုတော့

  • ၂နှစ်လောက် စွဲသောက်ရပါတယ်။
  • ဆေးရပ်လိုက်ရင် ကျောက်ပြန်တည်ပါတယ်။
  • ဆေးသောက်ရဲ့သားနဲ့ ကျောက်မပျော်တဲ့လူနာတွေ ရှိပါတယ်။

ဒါကြောင့် လူနာတိုင်းမှာ မပေးတာပါ။ သူ့ကို ကျောက်ပျော်စေဖို့ဆိုတာထက် ကျောက်တည်နိုင်ခြေများတဲ့သူတွေမှာ ပေးတာပိုများပါတယ်။ ဥပမာ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်မြန်မြန်ချထားတဲ့သူတွေဆို သည်းခြေကျောက်တည်နိုင်ခြေများတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပေးလေ့ရှိပါတယ်။

ဒီကျောက်ပျော်ဆေးက ၂နှစ်လောက် သောက်ရတာဆိုတော့ ဘေးထွက်ဆိုးကျိုးရှိလားဆိုပြီး မေးကြပါတယ်။ သူ့မှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ မအီမသာဖြစ်တာ၊ အသားယားတာတော့ ဖြစ်တတ်ပါတယ်။

နောက်ပြီး ဒီဆေးကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ မပေးပါဘူး။ တားဆေးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ ကွန်ဒုံးပြောင်းသုံးတာ ဒါမှမဟုတ် dose လျှော့ထားတဲ့ အီစထရိုဂျင်ကို ပြောင်းသုံးတာမျိုးလုပ်ရပါမယ်။

မှန်ပြောင်းနဲ့ ကျောက်ထုတ်တာ

သည်းခြေကျောက်တွေက သည်းခြေအိတ်အပြင် သည်းခြေပြွန်မှာလည်း ပိတ်တတ်ပါတယ်။ အဲ့တာကို ဖယ်ဖို့ Endoscopic retrograde cholangio-pancreatography (ERCP)ကို သုံးလို့ ရပါတယ်။

ဒီမှန်ပြောင်းကို သည်းခြေပြွန်မှာ ကျောက်ရှိမရှိ ရှာရင်း ရှိတယ်ဆို တစ်ခါတည်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

လူနာကို ထုံဆေး၊ စိတ်ငြိမ်ဆေးတွေ ပေးပြီး မှန်ပြောင်းကို ပါးစပ်ကနေ မျိုချပြီး ထုတ်ရတာဖြစ်ပါတယ်။ ၁၅မိနစ်ကနေ ၁နာရီထိကြာတတ်ပါတယ်။

မှန်ပြောင်းက သည်းခြေအိတ်ကို မထုတ်နိုင်တဲ့အတွက် သည်းခြေအိတ်ထဲမှာ ကျောက်ရှိရင် တခြားခွဲစိတ်နည်းနဲ့ ထုတ်ရမှာ ဖြစ်ပါတယ်။

ခွဲစိတ်နည်း

သည်းခြေကျောက်အတွက်  အထိရောက်ဆုံး နည်းလမ်းကို ပြောပါဆိုရင် ခွဲစိတ်နည်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်ပြီး သည်းခြေကျောက်ကိုပဲ မဟုတ်ဘဲ သည်းခြေအိတ်ကိုပါ ထုတ်လိုက်တာက ပိုပြီး စိတ်ချရပါတယ်။ ဘာကြောင့်လဲဆိုတော့ သည်းခြေအိတ်ရှိနေရင် နောက်ထပ် ကျောက်ထပ်တည်နိုင်ခြေ ရှိလို့ပါပဲ။

ခွဲစိတ်နည်းမှာ ၂ခုရှိပါတယ်။

(၁) ဗိုက်မှာ အပေါက်လေးတွေ ဖောက်ပြီး ခွဲစိတ်တာရယ်

(၂) သမားရိုးကျ ခွဲစိတ်နည်းရယ်ပါ။

(၁) ဗိုက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်နည်း

Laparoscopic cholecystectomy လို့ ခေါ်ပါတယ်။ ဗိုက်မှာ ၁-၃ စင်တီမီတာအရွယ် အပေါက်လေး ၃-၄ပေါက်ကို ဖောက်ပြီး ခွဲစိတ်တာ ဖြစ်ပါတယ်။

အဲ့ဒီအပေါက်လေးကနေ စက်ရုပ်လက်တံတွေကို ထည့်ပြီး သည်းခြေအိတ်ကို ဖယ်ထုတ်တာ ဖြစ်ပါတယ်။ သည်းခြေပြွန်မှာပါ ကျောက်ရှိနေရင် တစ်ခါတည်း ဖယ်ထုတ်လို့ ရပါတယ်။ မေ့ဆေးပေးထားတဲ့အတွက် လူနာက နာကျင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။

ခွဲစိတ်မှုက ၁နာရီ၊ ၁နာရီခွဲလောက်ပဲ ကြာပြီး နာလန်ထတာလည်း မြန်ပါတယ်။

(၂) သမားရိုးကျ ခွဲစိတ်နည်း

သမားရိုးကျ ခွဲစိတ်နည်းဆိုတာက ပုံမှန်အတိုင်းပဲ ဗိုက်ကနေ ခွဲကြောင်းပေးပြီး ခွဲတာကို ဆိုလိုတာပါ။ အပေါ်ကနည်းနဲ့ ခွဲလို့ မရတဲ့လူနာတွေ – ဥပမာ

  • ကိုယ်ဝန်လရင့်နေတဲ့ ကိုယ်ဝန်‌ဆောင်တွေ
  • အဝလွန်နေတဲ့သူတွေ
  • သည်းခြေအိတ်နဲ့ သည်းခြေပြွန်က ပုံမှန်မဟုတ်တာကြောင့် အ‌ပေါက်လေးတွေဖောက်ပြီး ခွဲစိတ်ဖို့ မလွယ်တဲ့သူတွေမှာ သုံးပါတယ်။

မေ့ဆေးပေးပြီး ခွဲတာကြောင့် လူနာက နာကျင်မှုကို မခံစားရပါဘူး။ အပေါ်က နည်းလမ်းနဲ့ ယှဉ်ရင်တော့ နာလန်ထဖို့ ပိုကြာပါတယ်။

Takeaway

သည်းခြေကျောက်တွေမှာ ကုဖို့လိုတာတွေ ရှိသလို စောင့်ကြည့်နိုင်တာတွေလည်း ရှိပါတယ်။ ဆေးသောက်လို့ရတာ ရှိသလို ခွဲမှဖြစ်မယ့် အခြေအနေတွေလည်း ရှိပါတယ်။ ကိုယ်က ဘယ်နည်းလမ်းနဲ့ သင့်တော်လဲဆိုတာကိုတော့ ဆရာဝန်နဲ့ ဆွေးနွေးကြည့်မှပဲ သိနိုင်မှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement